Saturday, November 3, 2012
===============
ဆို - မကြည်အောင် ။
===============
============
ရာသီတော်ဦး
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၃၉ ဇန်နဝါရီလ
တိမ်ပြာမိလ္လာရီ တပေါင်းလမီ၊ လေညှင်းသွေးလို့ မွှေးတော့သည်၊
အင်ကြင်းသရဖီ ပွင့်လန်းကာ စွဲလန်းကာရည် ပန်းရနံ့ချီ။
သံပြိုင် ။ မြိုင်မဟီ၊ ရွက်သစ်ပြောင်းလို့ ရွက်ဟောင်းကြွေပြီ၊
ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်၊ ဖူးစာတော်ရေးလို့စီ၊
ပြောလိုက်ပါ့သော်တာယုံစန္ဒီ၊ မှာလိုက်ပါရစီ၊
နွေဦးပြောင်းလို့ အောက်မေ့သည်၊ ပျို့ချစ်သူဆီ၊
နေ့တိုင်းပင်စွဲလန်းကာရည် ပန်းရနံ့ကြည် / လွမ်းမိသည်။
အာကာယံထဲမှာ နွှဲကာပျံဝဲကြသည်၊ ကျေးဖိုမစီ၊
မိုးတိမ်ဦးမှာပျော်မြူးကာဖူးစာဖက်သည်၊
တမ်းတကာရည်မှန်းလို့လွမ်းသည် / ချစ်တဲ့သူကို စိတ်တမ်းမှန်းရည်။
သံပြိုင် ။ မြိုင်မဟီ ... လွမ်းမိသည်။
ချိန်ခါမီပေါင်းမည်၊ မိန်ရာသီပြောင်းပြီ၊
ချိန်ခါမီပေါင်းမည်၊ မျှော်တာကြာပြီ၊
စင်ရော်သူနွှဲပြန်သည်၊ သောင်ယံကမ်းမြင့် နဒီ၊
မောင်မယ်ကြည်နူးမြူးပျော်သည်၊
ထူးမြတ်တဲ့ခါမီ၊ ရာသီတော်ပွဲ သဲစေတီ၊ စဉ်လာရှေးထုံးအညီ၊
ကြည်လင်ရွှင်လန်း ပန်းဝေရီ ဘေးမသန်း အေးချမ်းသည်။
အာကာယံထဲ ... စိတ်တမ်းမှန်းရည်။
သံပြိုင် ။ မြိုင်မဟီ ... လွမ်းမိသည်။
==========
သမဝါယမ
ရေး - မသိ
၁၉၃၉ ဇန်နဝါရီလ
သံပြိုင် ။ ရောင်းဝယ်ရေးအားပေးဆောင် ကြည်အောင်ကြံစည်၊
တိုင်းပြည်လုံးသုံးတဲ့ ကုန်အစုံရှိသည်၊ နေ့စဉ်ပဲရောင်းရတယ် ဝယ်သူတွေစည်၊
လက်မလယ်ပေါင် မောင်ကူညီ၊ (မျိုးတို့ဗမာ တိုင်းပြည်အကုန်လုံးပဲ ချမ်းသာကြွယ်ဝမည်) ၂
တိုင်းပြည်လုံးသုံးစွဲပါ မြန်မာကုန်အညီ၊ မြို့ရွာတိုင်းအမျိုးသားဆိုင် တည်တန့်မည်၊
ရောင်းဝယ်ရေး သူဌေးဖြစ်ရန် ဧကန်မှန်သည်၊ အထူးပင်ကြံစည်၊
မြန်မာပြည် တွင်ကျယ်အောင် ရောင်းပန်းပွင့်မည်၊ မြန်မာတွေ ကောင်းစားတော့မည်၊
ဗမာအချင်းချင်း ယိုင်းပင်းတော့သည်၊ ပျိုကြည်အောင် စီးပွားရေးလမ်းကို အမြဲမှန်းရည်။
သံပြိုင် ။
မြို့ရွာတိုင်းအမျိုးသားဆိုင်တည်ကာအညီ၊ တိုင်းပြည်လုံးသုံးတဲ့ ကုန်အစုံရှိသည်၊
နေ့စဉ်ပဲရောင်းရတယ် ဝယ်သူတွေစည်၊ လက်မလယ်ပေါင်မောင်ကူညီ၊
(ရှယ်ယာပေါင်းစုဆောင်းပြီး ရောင်းဝယ်ရေးတည် ကြီးပွားရေးလုပ်မည်၊
စာရင်းမှတ်ပုံတင်သွင်းမည်) ၂
မြန်မာပြည်ကောင်းမြတ်ဖို့ ပျိုစိတ်ထားသည်၊ အမျိုးသားတို့ပိုင်တဲ့ဆိုင် အကုန်တည်၊
ပါဝင်နိုင်သည် ကြီးပွားရေးလမ်းကိုမှန်းရည်၊ သမဝါယမဆိုင်ကိုတည်၊
ရှယ်ယာပေါင်းစုဆောင်းပြီးရောင်းဝယ်တော့သည်၊ အစိုးရတို့သိနိုင်စေခြင်း မှတ်ပုံတင်သွင်းမည်၊
တွင်ကျယ်အောင် ရောင်းပန်းပွင့်မည်၊ မြန်မာတွေကောင်းစားတော့မည်၊
ဗမာအချင်းချင်း ယိုင်းပင်းတော့သည်၊ ပျိုကြည်အောင် စီးပွားရေးလမ်းကို အမြဲမှန်းရည်။
ရွှေငွေပေါများသည်၊ မြန်မာအားလုံးသုံးစွဲကြမည်၊ နယ်ပြည်ကျေးရောင်းဝယ်ရေးကို တွေးမျှော်မှန်းကာရည်၊
မြန်မာတိုင်းလုံးပြည်၊ စည်ပင်ထွန်းကားကြလိမ့်အုံးမည်၊ တေဇာဖြိုးစည်းစိမ်မညှိုးဖို့ တိုးပွားကြတော့မည်၊
ကုန်စုံဆိုင်ကြီးတည်မည် မြန်မာ့ဂုဏ်ရည်၊ လိုတာကိုရနိုင်သည်၊ ဝယ်ယူသုံးစွဲမည်၊
မြန်မာတိုင်းလုံးပြည်စည်ပင်ထွန်းကားကြလိမ့်အုံးမည်၊
တေဇာဖြိုးစည်းစိမ်မညှိုးဖို့ တိုးပွားကြတော့မည်။
==========
သားရွှေခဲ
ရေး - မသိ
၁၉၃၉ ဩဂုတ်
လူကလေးရယ်ငို ခိုဖမ်းလို့ပေး ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး၊
မေထွေးပိုက်လို့ချီမယ်၊ သားရွှေစင်ချစ်ခင်ဖွယ်၊ အငိုတိတ်ပါတော့ကွယ် သားရွှေခဲရယ်၊
အူဝဲ အူဝဲ၊ အို တိတ်ပါတော့ကွယ်၊ ပျိုသိပ်ပါတော့မယ်။
သံပြိုင် ။ (တာရာယုဂန်နန်းက ကြယ်ပေါင်းရယ် ထာဝစဉ်ထွန်းလင်းလို့ ထိန်ကြည်တယ်) ၂
ကဲလွန်းပါတယ်၊ ဆိုးချင်နွဲ့ချင်တယ်၊ သားလှမောင်ပွေ့ကာသိပ်မယ် အိပ်စမ်းကွယ်၊
ရွှေဂျိုးကူသံရယ် မြည်သံကျူးတော့တယ်၊ လူမမယ် မယ့်ချစ်ဦး သားရင်သွေးရယ်၊
ထာဝစဉ်ထွေးပိုက်လို့နေ မေမေချော့မယ်။
လူကလေးမောင် မှေးစက်ပါကွယ်၊ မေချော့ကာ သိပ်ပါ့မယ်၊ ဆိုတေးသံလေးကအေးတယ်၊
တော်တော်ပင်ငိုစမ်းကွယ်၊ လူကလေးရဲ့ အိပ်တော့ကွယ်၊ ကဲလွန်းလှပါတယ်၊
ဗွေဆိုးကာမိုက်ရင်ရိုက်မယ်၊ ကြောင်ကြီးကိုက်တော့မယ်၊
လူမမယ် မယ့်ချစ်ဦးသားရင်သွေးရယ်၊ ထာဝစဉ်ထွေးပိုက်လို့ မေမေချော့မယ်။
(စိတ်ထဲကချစ်မဝတယ်၊ နှုတ်ခမ်းကလေးကတော့ကွယ်၊
ပြုံးလိုက်ရင်ကျမနဲ့တူ အသားကလေးဖြူတယ်) ၂
ခင်မင်ဖွယ်ရင်သွေးမောင်ရယ် အချိန်ကုန်တယ် အိပ်စမ်းကွယ်၊ ဖအေတူတယ်၊
လူကလေးမောင်ရယ်၊ တေးဆိုကာ ချော့မယ်၊ အားကြီးပဲချွဲတတ်တယ်၊
ကဲလွန်းတဲ့လူမမယ်၊ ဖအေလည်း ချစ်တယ်၊ မအေလည်း ချစ်တယ်၊ သားရယ် သနားဖွယ်။
တိမ်ယံအာကာဝယ် သော်တာမင်းကြီးရဲ့ လလယ်မှာ ယုန်ဝပ်တယ်၊
သာယာပြီကွယ် ကြည့်စမ်းပါလားမေ့သားရယ်၊
ဆန်ဖွပ်တဲ့အဖိုးအို ဟောကြည့်ပါဆိုကွယ်၊ ဖိုးလမင်းက ထိန်ကြည်တယ်၊
ဟိုမယ်ထမင်းကို ဆီဆမ်းကာကျွေးဖို့ရယ်၊
ထက်နန်းအာကာလယ် ရွှေလင်ပန်းလေးနဲ့ မင်းကိုပေးလိမ့်မယ်။
သံပြိုင် ။
==========
ပလ္လင်ရှင်းတမ်း
ရေး - ရွှေတိုင်ညွန့်
၁၉၄၀
ပလ္လင်သုံးမျိုးနဲ့ နတ်သုံးပါးကို ဖော်ပြချင်ပါတယ်ရှင်၊
ဝိသုဒ္ဓိနတ်ဆိုတာကတော့ သတ္တဝါအရှင်မြတ်စွာဘုရားသခင်၊ ဗမာသိကြအစဉ်၊ အပရာဇိတပလ္လင်၊
ဥပပတ္တိနတ်ကို မှတ်စရာပြောရလျှင်ဖြင့် ခြောက်ထပ်သောနတ်ပြည်တွင်၊
ကုသိုလ်တန်ခိုးနဲ့ စံစားကာပင်၊ အထူးပိုင်စွာစိတ်ချအစဉ်၊ သူဆိုင်ရာ ရာဇပလ္လင်၊
ရေမြေသနင်း ပြည်ရှင်မင်းကို လောကသမုတိနတ်ခေါ်တွင် ရာဇပလ္လင် ရှစ်ခန်းနဲ့ကြငှန်းကိုးဆူ ဖွင့်တော်မူမယ်အစဉ်။
(ဗုဒ္ဓဘာသာလူမျိုးတိုင်းပင် အထူးမှတ်သားကာ ထားစေဖို့ပင်၊
ရှေးဟောင်းနှောင်းဖြစ်ဧကရာဇ်စုံလင်၊ ပလ္လင် ရှစ်ခန်းနဲ့ ဆန်းတဲ့နန်းဥကင်) ၂
ကျက်သရေတော် စုံလင်၊ တို့ဘုရင်များရှိစဉ်၊
မှူးမတ်အများနဲ့ ညီလာခပါလို့ သီဟသန ဆိုတာကတော့ ပထမမြေနန်းပလ္လင်၊
ရွှေငွေမရှား အထွေထွေများ ယမနေသား မမှားအောင်စီစဉ်၊
ထိန်ဝင်းလို့ကြည်လင်၊ စိန်ရောင်မြရောင်သန်းလို့ ခြင်္သေ့ခံတဲ့ စံခဲ့တဲ့ နန်းရွှေပလ္လင်။
သံပြိုင် ။ တို့ဗမာဂုဏ်အင်၊ တွေးဆလို့မမေ့ကြနဲ့ အမြဲကိုစိတ်ထဲတွင်၊ ပျိုချစ်သူမှန်ပါလျှင်၊
ကိုယ်ဇစ်မြစ်ကို ကိုယ်သွေးစမ်းလို့ ဉာဏ်စွမ်းအထူးမှတ်တမ်းတင်၊
(သွင်အပြင်ဆန်း ပလ္လင်ရှစ်ခန်း) ၂ နန်းတော်ဥကင်၊ ထူးထူးခြားခြား မှတ်သားထားစေချင်။
သိမှတ်ကြဖို့အစဉ်၊ ဟင်္သာရုပ်ခံ ထုတ်ပြန်၍ပင်၊ စည်းကမ်းခြားနားလို့သာ ဇေတဝန်ခေါ်အဆောင်တော်တွင်၊
သင်္ကန်းသားနဲ့ မှန်ရာပြချင်၊ ဟံသာသနပလ္လင်၊ ဖုန်းတံခိုးနဲ့ပင်၊ ကျက်သရေရှိတဲ့ ထီးမှန်နန်းတွင်၊
ပိတုန်းရုပ်သွန်းလုပ်၍ပင်၊ သေသေချာချာ စံရာတခွင်၊ ကရဝေးသားနဲ့ သဘောကြွတဲ့ ဘမရာသနပလ္လင်၊
ပဒုမ္မာကြာပင်၊ မှတ်သားထားပါ များရှုလျှင်၊ သရက်သားမှန်စွာပင်၊
အနောက်စမုတ်မှာ ရှုကြပါတော့ ပဒုမ္မာသနတွင်၊ သိစရာပအစဉ်၊ မိဂါသနပလ္လင်၊ ရွှေသမင်ပုံသွင်၊ ရေသဖန်းသားကိုထွင်။
သံပြိုင် ။
စံရာတခွင်ကြငှန်းရှုလျှင်၊ မြန်မာဘုရင်နန်းဥကင်၊ ရွှေအဆင်းဝင်းလို့သာကြည်လင်၊
ထူးစွာပအစဉ်၊ မဟူရာသနပလ္လင်၊ ပေါက်သားကိုပင် ထွင်းလုပ်လို့ ဒေါင်းရုပ်ခံတဲ့ပလ္လင်၊
ပညာရှင်ပေါင်းများတွင် သင်္ခါပလ္လင်အကြောင်းပြလျှင်၊ ရွှေအဆင်းဝင်းလို့သာကြည်လင်၊
ပိန္နဲသားကိုခြားနားပြုပြင်၊ သေချာအောင်မှတ်သားလို့ ထားကြပါတော့ရှင်၊
ဗြဲတိုက်တော်ကိုကြည့်လျှင် စကားသားနဲ့ ဆင်ခံတဲ့ပလ္လင်၊
အမျိုးမြန်မာတိုင်းပင်၊ မှတ်ကြတော့ ဂဇာသနခေါ်တွင်။
သံပြိုင် ။
=========
ပဉ္စင်းအမ
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ အောက်တိုဘာလ
သာသနာ့အမွေခံ ရည်သန်ပါတဲ့ ပျိုစိတ်ထားမြတ်စွာဘုရား၏ သားတပည့်သံဃာတော်၊
ပရိက္ခရာအစုံသပိတ်သင်္ကန်းရယ်နဲ့၊ လှူဒါန်းခဲ့ပါပြီနော်၊
ဗျောသံကြားရင်တရားနာ ကြွလှည့်ပါမောင်တော်။
ပြည်နိဗ္ဗာန်နန်း ရည်မှန်းကာမျှော်၊ (သာသနာတော် အတွင်း) ၂
သွတ်သွင်းတဲ့အလှူတော်၊ ဒါနကိုအထူးပျော်၊ ပကာသနမပါဘူးနော်၊
ပဉ္ဇင်းအမနဲ့တူပျော်ပျော်၊ အထူးသဒ္ဓါပေါက်သော်၊ အလှူ့ဒကာမောင့်ကိုမျှော်။
(စေတနာကောင်းနဲ့တော်၊ မနောကကြည်ဖြူလှူပါသနော်၊
ပျိုစိတ်ထားမြတ်တဲ့ ပရမတ္တထေရ်ရှင် သံဃာတော်ရည်မျှော် ) ၂
(ခေမာပြည်ရည်ဆောင်သနော်၊ ကြည်အောင် ကုသိုလ်တော်) ၂
အမျှဝေပါတယ်နော်၊ ပေါင်းသဟာတစု သာဓုသာဓုသာဓု ခေါ်စေသောဝ်။
(သဒ္ဓါတရားပွားများခဲ့သနော်၊ အလှူအတန်း ပေးကမ်းဖို့မျှော်၊
မောင်ရတဲ့ငွေတွေ မလစ်ဟင်းပါစေနဲ့တော်) ၂
(အလှူရေစက်လက်နဲ့ မကွာစေရန် ကုသိုလ်ပြုပါသော်) ၂
သာသနာအမွေခံ ဧကန်မှန်သော် ပျို့မောင်တော်။
(ကြည်အောင် မောင့်ကိုပြောမယ်နော်၊ ရဟန်းဘဝကိုရနိုင်ခဲတဲ့ ပျို့မောင်တော်) ၂
(မောင်လည်းပဲ သာသနာ့ဝန်ထမ်းသင်္ကန်းဝတ် ဝတ်မယ်ဆိုသော်) ၂
(ချစ်ပေမယ်လို့ မခွဲချင်ပေမယ်လို့ တရားနဲ့သာပျော်၊
မဖျက်ဆီးတယ် မဂ်ခရီးသည် ရက်အနည်းငယ် ခွင့်ပြုနိုင်မယ်တော်) ၂
စေတနာကောင်းနဲ့တော် ... သာဓုခေါ်စေသောဝ်။
=============
သာသနာ့ဒါယကာ
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ ဩဂုတ်
ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊
ကမ်းကုန်အောင် လှူပေမယ်လို့၊ သာသနာ့ဒါယကာ အမွေခံမထိုက်ပေဘူးလို့သာ၊
ရှင်မဟာမောဂ္ဂလိပုတ္တ မထေရ်ဆရာ၊ မိန့်ကြားတော်မူခဲ့တာကတော့ ကိုယ်၏သားဖြစ်စေ၊
ကိတ္တိမသားဖြစ်စေ၊ သာသနာတွင်းကို သွတ်သွင်းမှသာ သာသနာ့အမွေခံ ဧကန်မှန်ပေတာ။
အာသောကရာဇာမင်းတရားကြီးနည်းစနစ်ယူကာ၊ သားတော်မောင် မဟိန္ဒနဲ့ သမီးလှ သင်္ဃမိတ္တာ၊
ဒုလ္လဘ ကြုံပြန်ရ ပဗ္ဗဇ္ဇိတ ရဟန်းခံကာ၊ သရေနွယ်သင်ဓုန်းပါ၊
အားလုံးစုံဆင်မြန်းလို့ တင်ဆွမ်းသပိတ်ပါ၊ သင်္ကန်းပရိက္ခရာရှစ်ပါးအစုံနဲ့ ကျမ်းတော်အလာ၊
မှန်းမျှော်ကာ သာသနာတွင်းကို သွင်းပေတာ။
သံပြိုင် ။ (တရားအလာ ယုံကြည်ကာသာ ပုတ္တရသ ရွှင်လန်းပြီတော့ သင်္ကန်းချည်ပါ) ၂
သာသနာ့အမွေခံ ဧကန်မှန်ခဲ့တာ၊ (အလှူ့ဒကာ) ၂ သိရီဓမ္မ အာသောကရာဇာ။
(ပဗ္ဗဇ္ဇိတဒုလ္လဘနဲ့ ကြုံရတဲ့သူတွေမှာ၊ အဲဒီလို ကုသိုလ်မျိုးမှာ အဖိုးတန်ပေတာ) ၂
(အပါယ်တံခါးပိတ်ကာ၊ နိဗ္ဗာန်တံခါးပွင့်ကာ အဓိဋ္ဌာန်တရားနှင့်သာ မှန်းဆပါလို့) ၂
ရဟန်းသံဃာတို့က မန္တန်အချုပ်အကာအရံချည်ကာ၊ သံသရာ အမီဘဝ လွတ်ကြရအောင်
သကလဝဋ္ဋဂါတသရဇ္ဈာယ်ကာ၊ ဝါဝါအထယ်ပါ၊ မနသီမှန်းဆလို့ စီဝရံကို သပေတာ။
သံပြိုင် ။
(သုံးဆယ့်တစ်ဘုံသားတွေတို့ ရစေရာ အမျှဝေကာ၊ ပတ္တိနာပြုလို့ သာဓုခေါ်စေရာ) ၂
အော် ဒါနတော၊ သီလတော၊ ဘာဝနတော၊ ဟောကြားပြန်ပေတာ၊
ရိုသေစွာတရားအလုပ်ကို အားထုတ်ကြပေတာ၊ ယခုလိုအခါ၊ ကုသိုလ်ရှာ၊ စတုဗြဟ္မာစိုရ်လေးပါးနဲ့ညီလာ။
သံပြိုင် ။
=============
ဓာတ်တော်ဝေခန်း
ရေး - မသိ
၁၉၄၁ ဧပြီ
သည်ကမ္ဘာပြည်ဗဟိုရ် ကြည်ညိုဖွယ်ဖြစ်စေရမည်၊ ဓမ္မသာဝန ဒေသနာအညီ၊
မှတ်တော်မူရန်စာတန်းကို ဓာတ်တော်ဝေခန်းဖွင့်ရပါတော့မည်။
(မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုရှာတော့ ခုနစ်ပြည်ထောင်မင်းတွေ မယွင်းကြွကြလေပြီ) ၂
ဘုရင်သနင်း ထင်လင်းအင်ကြင်းရုံမှာ ရာဇမလ္လာအာဏာပေးပုံက သာသနာအရေးတော်မှန်သည်၊
တရွေးငယ်မျှ မရရှာလေပြီ၊ မြတ်စွာဘုရားဓာတုမွေသရီ၊ စေတီတည်ရန် စီမံထားသည်၊
သံလျက်ကျောက်စီဓားနဲ့ တအားခုခံမည်၊ ခုနစ်ပြည်ထောင်မင်းသည် သတ္တိဗလပြရမည်၊
ထုံးလိုပဲ ခုချေ ရေကဲ့သို့နှောက်ကာ၊ ကြိမ်းဝါးတော်မူကြပြီ။
သံပြိုင် ။ ဘုရားရှင်မွေသရီ ပူဇော်ကြလိုပါသည်၊ မနုဿနှင့် ခြောက်ထပ်ဘုံနတ်ပြည်၊
ရာမဝတီ မလ္လာရွှေအင်ကြင်းကအတွင်းရုက္ခပင်နန်းမြိုင်ဆီ၊
ခွဲဖြာစိတ်ညီ ဗျာဒိတ်တည်၊ ဒေါနပုဏ္ဏားဓာတ်တော် ဝေလေသည်။
မွေသရီ အဝေမညီ စိတ်မကျေနပ်ကုန်ပြီ၊ ကြွလာကြသောမင်းအများ
ရာဇမာန်ပွားလို့ မတရားထင်သည်၊ အနွယ်တော်မှန်သည် ကပိလဝတ်ပြည်၊
အကြည်တော်မာလာမြတ်နဲ့ ဇာတသတ်တို့စစ်ခင်းပြန်သည်၊
(ဝေဿဒိမကောသလာကျန်ပြီ၊ အင်မတန်ဇောကြည်လှ မောရိယဘုရင်သည်) ၂
သရိယမွေတော်ကို မရပြန်တော့သည်၊ မရပြန်တော့သည်၊ အားမာန်လျော့သည်၊
သူအလာနှေးပြီ၊ မီးသွေးမျှသာ ရရှာလေတော့သည်။
သံပြိုင် ။
ညောင်ဗုဒ္ဓဟေပန်းစပုတ် အကြွနဲ့အပရာဇိတပလ္လင်နံ့သာရေဖြန်းကြပြီ၊
အောင်သုဒ္ဓမေဆန်းအနုတ္တနဲ့သတ္တဝါရှိသမျှ သခင့်ကိုကြာလေလွမ်းလှပြီ၊
စာဖွေတမ်းကာ တိုင်းခန်းဌာနီ၊ ဗြဟ္မာပြည်နဲ့တကွ လူ့ပြည်နတ်ပြည် ဝမ်းနည်းပါသည်၊
ဝမ်းနည်းလှပါသည်၊ ဘုရားရှင်ကိုယ်တော်မြတ် မရှိခဲ့တော့ပြီ၊ ကိုးကွယ်ရာရှာကြပြီ၊
ဓမ္မရွှေစေတီ၊ ဓာတုရွှေစေတီ၊ ဖုန်းရှိန်ကြွသည့် ဥဒ္ဒဿပရိဘောဂလေးပါးတို့သည်၊
ဓာတ်တော်မွေတော်အပေါင်းကို စကြာဝဠာတသောင်းက ပြန့်နှံ့သည်။
သံပြိုင် ။
===========
သင်္ကန်းဂုဏ်ရည်
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ အောက်တိုဘာ
နန္ဒမူအခေါင်း နဝရက်ပျံပလ္လင်၊ ဖန်ဂူတန်ဆောင်းဒြဗ်ကမ်းပါးယံတွင်၊
သယမ္ဘူအလောင်း ဆဒ္ဒန်ဆင်ကို ရန်သူအဟောင်း သောနုတ္တိုရ်
သဘောယုတ်သမို့ ဤသို့သတ်ရန်ပြင်။
သံပြိုင် ။ (ဟိမဝန္တာတွင် မချိမဆန့်အော်တဲ့အသံ နရာဝနမြိုင်တောဟေမာတွင်) ၂
ပဲ့တင်ဟည်း ကြီးသောအသံတော်ပေလျှင်၊ အလောင်းတော်ကြီး အထပ်ထပ်အော်တော်မူရာဌာန
ဖန်ဂူလိုဏ်တော်အိုင်နဝရတ် ကန်မြိုင်ဒြပ်ကမ်းပါးယံတွင် သနားမဆုံး အားလုံးငိုလေလျှင်
ထင်လင်းဆင်ခြင်၊ တရားနဲ့တွေးချင့်ရာတွင်၊ ဆင်မင်းအရှင်ဘုရားဘေးဖြစ်ရှာလျှင်၊
အင်ကြင်းပင်နားမှာ သွေးအစက်စက်တွေဖြာ၍ ခွာနှစ်ဖက် မြေမှာရှပ်တော့
တင်လွှမ်းဆင်မြန်း သင်္ကန်းအရ ဟတ္တဇကိုမြင်၊
အလောင်းတော်ကြီး သတိချပ်လို့ မချိမဆန့်နဲ့ အမယ်လေး ဝိပဿနာတော်ကိုတင်။
သံပြိုင် ။
(အို ဥမင်အတွင်း မြေသုသာန်မှာ ဗုဒ္ဓဝင်သနင်း၏ ရွှေရုပ်ခန္ဓာက
များမကြာခင် ကြွေပြုတ်ရန်သာ စီမံလေလျှင်) ၂
တအားကုန်ရွက်ဆောင် အချက်တထောင်ရှိလျှင် မြားတော်တမင်လွှတ်လျှင် မမြင်ဝံ့ပင်၊
အသားတော် (ရင်ညွန့်တွင်) ၂၊ စွဲစွဲလဲမတတ်အော်ရှာတော်မူလျှင်။
(မြတ်အလောင်းတော် နာဂိန်မေသည် ရာဇိန္ဒြေဉာဏ်ယူချုပ်၍ ရန်သူအယုတ် လေးလက်နက်ကြောင့်) ၂
သွေးစက်စက်နဲ့ ဗုဒ္ဓပရမေလျာ ဒုက္ခဝေဒနာ မီးလျှံ တွေ့တာတောင် သည်းခံ၍ နေတော်မူသောအရှင်။
ထင်လင်းဆင်ခြင် ... ... ဝိပဿနာတော်ကိုတင်။
သံပြိုင် ။
==========
သုံးရောင်ခြယ်
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ ဇန်နဝါရီ
တို့ဗမာခေတ်အစဉ် မညှိုးပြီ၊ ရှစ်ပလ္လင်စိုးခဲ့ပါတဲ့ ဓမ္မရာဇ်ဘုရင်ရိုး ကုန်းဘောင်နွယ်မှန်သည်၊
သုံးရောင်ခြယ်အလံတော်ကြီး ကမ္ဗည်းနဲ့ စိုက်ထူမည်။
(ဗုဒ္ဓမြန်မာပြည်၊ ဥတ္တမစာဂီ၊ အောင်မင်္ဂလာတရားနဲ့စုံညီ) ၂
(အတိတ်တဘောင်ဩဘာထွန်းသည်၊ နိမိတ်ဆောင်ကာ ပြောရအုံးမည်၊
အတိတ်တဘောင် ဩဘာထွန်းသည်၊ ကွန်းလက်ျာဇမ္ဗူဒီ) ၂
(တို့အမျိုးဇာတိက ဘုန်းရှိခဲ့တာယုံကြည်၊ တက်လူများဒီစိတ်ထားနဲ့ စွန့်စားခဲ့ကြသည်) ၂
(ဗမာပြည်ဝယ် ဘုန်းရောင်လက်သည်၊ သာကီနွယ် ကုန်းဘောင်ဆက်သည်) ၂
ကမ္ဘာကိုစိုးမိုး အုပ်ချုပ်ခဲ့ကြပြီ၊ ခေတ်သစ်ထူထောင်မည်၊ အရောင်သုံးမျိုးနဲ့ တို့အလံစိုက်ထူမည်။
ဗမာကိန်းအညီ၊ အဝါအစိမ်းအနီ၊ အဝါရောင်ရည်ရွယ်ချက်က သာသနာရယ်ဘာသာရယ် ပညာရယ်တိုးတက်လိမ့်မည်၊
အစိမ်းရောင်ဆိုတာကတော့ စပါးဆန်ရေရွှေငွေရတနာ အထွေထွေပေါလိမ့်မည်၊
(အနီရောင်မြင်သူအသဲမှာ ရဲစိတ်ရဲမာန်ထက်သန်ကြမည်) ၂
တို့ဗမာကုန်းဘောင်နွယ်မှန်သည်၊ သုံးရောင်ခြယ်အလံတော်ကြီး ကမ္ဗည်းနဲ့စိုက်ထူမည်။
((တို့မြန်မာပြည်) ၂ ၊ အနောက်ဘက်မှာတော့ ဗုဒ္ဓဟေနန်းတည်၊ အရှေ့ဘက်ကတော့ ပြုဗ္ဗေရှမ်းပြည်၊
မြောက်ဘက်ကတော့ တရုတ်မြေစခန်းတည်၊ တောင်ဘက်ကတော့ သမုဒီရေစမ်း အေးချမ်းသာယာစည်) ၂
(မြန်မာပြည်ရာဇာကင်းပေမယ့် သာသနာအဆင်းကတော့ လင်းပေသည်) ၂
မင်းနေပြည် တရားအမှန်ကြိုက်သည်၊ ကမ္ဘာ့အလံစိုက်ပြီ၊ တိုက်တသောင်းကခညောင်းရစေမည်၊
တို့အလံသည် အရောင်သုံးမျိုး တန်ခိုးနဲ့စုံညီ။
(မျိုးဇာနည် သမ္ဘာမညှိုး နိုးကြားလာကြပြီ၊ တို့ဗမာပြည်ဆထမ်းပိုး တန်ခိုးသာလိမ့်မည်၊
ရိုးရာအညီ ကမ္ဘာအတွင်း ထွန်းလင်းကြလိမ့်မည်) ၂
တိုင်းပြည်အကျိုးသည်ပိုးဆောင်ရွက်ကြသည်၊ ဗုဒ္ဓဘာသာများ သဒ္ဓါပွား တရားနဲ့ညီ၊
(တို့ဗမာမင်းတွေ ထင်လင်းပေတော့သည်) ၂ ရေမြေနှစ်လီ ပိုင်အုပ်စိုး ဖြိုးမောက်ခဲ့ပြီ။
ဗမာကိန်းအညီ ... ... စိုက်ထူမည်။
========
စုံတောမြိုင်
ရေး - ရွှေတိုင်ညွန့်
၁၉၃၄ နိုဝင်ဘာ
သူတော်ကောင်းတွေမှ ကိန်းအောင်းမွေ့လျော်ကြတဲ့ စုံတောမဟာမြိုင်၊ ပန်းမာလာကြိုင်၊ လွမ်းစရာ့အပိုင်၊
တောဂနိုင်အတွင်းမှာလ ပျံ့သင်းယဉ်ယဉ်၊ ထန်းတပင်နှစ်ပင်၊ ပန်းသဇင် သဇင်၊ ပေါပါဘိကနဲ့ စုံတောမြိုင်ချောင်၊
ပြောင်ဆင်ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဖွယ်၊ ဖိုမမြူးကြတယ် စုံတော်မြိုင်၊
(သီတာ ဖီလာ မြှောင်ကာဆီးပါလို့) ၂ ၊ (တောင်ကြီးတွေက အုံ့မှိုင်းရီ အုံ့မှိုင်းရီ) ၂ ၊
(နဂါး ဂဠုန်တွေက လွန်ပျော်မြူး) ၂ ၊ (ထူးလဲ ထူးသည့်မြိုင်၊ ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်) ၂
ပြောင်ဆင်ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဖွယ်၊ ဖိုမမြူးကြတယ် စုံတောမြိုင်၊
( အို ပြောမဆုံးနိုင်၊ အနုံးပြေစရာပထိုင် အဖော်မပါနိုင်၊ တစ်ယောက်တည်း အသဲထိတ်စရာပစုံမြိုင်) ၂
(စမ်းရေအိုင် ဘယ်ဆီမျှော်မှန်း လွမ်းလို့မတွေးတောနိုင်) ၂ ၊
သည်တောမနောစေတနာ အဟုတ်ကြည်လင်တဲ့မြိုင်၊ တောင်တန်းလွမ်းစရာစုံတောမြိုင်၊
ပြောင်ဆင်ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဖွယ် ဖိုမမြူးကြတယ် စုံတော်မြိုင်
=====
မိုးပစ္စုန်
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၄၀ ဇွန်
ပစ္စုန်တဲ့ ပစ္စုန် တဟုန်ဟုန် ရွှေပစ္စုန်ငယ် ရွာနိုင်ပါပေရဲ့ မိုးရယ် မိုးရယ်လေး။
(မိုးပစ္စုန်ရယ် အလွန်ရွာသွန်းဖြိုးသည်၊ မှိုင်းအုံ့ကာရီ) ၂
အာကာဘောင် မှောင်ကာမဲ သဲလို့ရွာပြီ၊ တိတ်ပါတော့ ဒေဝါမိုးကို စိတ်ဆိုးလှပါပြီ။
(အို မိုးပစ္စုန် တနေ့လုံး မဆုံးနိုင်အောင်ရွာတော့သည်) ၂
အော် လွမ်းတတ်ပါသည်၊ အော် ဆွေးတတ်ပါတော့သည်၊
ရာသီကဆန်း ချိန်တော်ရုံမှန်းပါလို့ တိတ်လိုက်စမ်းပါအတည်၊
သက်တန့်စိမ်းငယ်လေ မိုးယံက ဟိန်းပြန်တော့သည်။
မိုးပစ္စုန်ရယ် ... ... စိတ်ဆိုးလှပါပြီ။
((အသူရာ သိကြားမင်းနဲ့ စစ်ခင်းကာပြိုင်ကြသည်၊ ဂျိုးဂျိုးဂျိမ့်ဂျိမ့်နှင့် စိတ်မရှည်နိုင်ရှာပြီ) ၂
ချမ်းလှပါသည် အေးလှပါသည် ကတ္တီပါသား တောင်ကြားစောင်တွေ ထပ်သော်လည်း
ဒေဝါပိုင်သော နတ်က အငြိုးကြီးနဲ့ မိုးကိုပဲ ဆုပ်ကာ ကြဲတော့သည်) ၂
(အို ရွာလွန်းသည်၊ နေခြည်ရောင်ဝင်းဝင်းဝါ လင်းချိန်တန်ပြီ၊ ပန်းဝတ်ရည်မှာ ညှာတံပွင့်လုံရည်) ၂
တိတ်ပါတော့ မိုးဒေဝါကို စိတ်ဆိုးလှပါသည်၊
(နွေရော ဆောင်းရော ပျော်ပါသည်၊ ကောင်းသည်၊ အားလုံးနှစ်ခြိုက်ပါပေသည်) ၂
လူများ၏အလိုကို နတ်မလိုက်နိုင်ဘဲ အုံ့ကာလေ တဖွဲဖွဲ ရွာလေတသဲသဲ
(မစဲအောင်ရွာသည်၊ လွမ်းလေအောင် ဖန်တော့သည်) ၂
နန်းတော်ရှေ့ ဆရာရေးပါသည်၊ ပျိုကြည်အောင်ဆိုတေး အေးသောသည်ရာသီ။
========
အောင်နိမိတ်
ရေး - နန်းတော်ရှေ့ ဆရာတင်
၁၉၄၀ ဇူလိုင်
ကျက်သရေမင်္ဂလာ နေ့တိုင်းညတိုင်း ကောင်းတဲ့စကားကို
ပျိုကြည်အောင် ပြောကြားပါတော့ သောတရှင်မိတ်အများပျော်။
အော် မှန်းချိန်ဆလို့မျှော်ကာ ဂပ္ပိဏ္ဍနဲ့ အနော်ဇာ၊ ကျန်းမာချမ်းသာ စန်းဇာတာကောင်း အကြောင်းကဲလွန်စွာ
((မရှိတဲ့စကားများကို မကြားရတဲ့သူတွေပါ) ၂
စိတ်တွေပေါ ရွှေတွေပေါ ငွေတွေပေါ စေတနာဇော လောကီလောကုတ္တရာ) ၂
စေတနာ စာ ခြွေရံကာ ဝေသန္တရာအလောင်းတော်ကြီးလို အပေတယံ ဂါထာကြူး
(အထူးထူးမကောင်းတဲ့မိစ္ဆာ အမှန်ကင်းစင်လို့သာ) ၂
(ကောင်းတဲ့နိမိတ်ကောက်လျှင် အရိပ်နောက်ကို အရောင်လာ၊ ပျိုကြည်အောင်စကားကို ရွှေနားတော်ဆင်ကြပါ) ၂
အခါရွေးလို့မရသေးသော စည်းစိမ်ဥစ္စာ တိုးပါလို့တန်ခိုးတွေပေါ်၊ အန္တိမဘဝိကံ၊ အဘိဓမ္မံ ဒေသနာတော်၊
ဖောင်ယဉ်ကျော်နှင့်သာ အမတခေမာ၊ ထူးထူးမြတ်မြတ် နိဗ္ဗူတာကို ရောက်ပါစေတောင်းဆုခြွေခဲ့တာ၊
စာတန်းစာတန်းဖော်၍သာ၊ ဆရာနန်းတော်ရှေ့ ရေးပေရှာ၊ သံဃာတော်မြတ် မ တော်မူပါ၊
နေ့တိုင်း ဒါနသီလဘာဝနာ၊ အားပေးလက်ခံ ကုသိုလ်ရေးကြောင့် ဝေဝေဆာ၊ စေတနာထူးတွေနဲ့
ရွှင်မြူးပါတဲ့ ပီတိဖရဏာ ရှိပြီးဥစ္စာတော့ တာရှည်စွဲပြီး ကြာလေမြဲလေ ကောင်းကျိုး ပေးပါစေသား။
=========
သီတာရတနာ
ရေး - မသိ
၁၉၃၈ အောက်တိုဘာ
ဗုဒ္ဓဘာသာမြန်မာနေပြည် ဘေးဘယမသန်းကာ အေးချမ်းတော့သည်၊
ဘာကြောင့်လဲဆိုတာ ဘုရားရတနာ တရားရတနာ သံဃာရတနာ သုံးပါးဂုဏ်ရည်၊
လက်စုံမိုး၍ ရှိခိုးပူဇော်ပါသည်၊ သာသနာထွန်းတဲ့ရောင်ခြည်၊
လက်ျာတောင်ကျွန်းဒီပါ မင်္ဂလာတရားမြတ်သည်၊ ဘေးကင်းကွာတဲ့ မြန်မာပြည်သာယာသည်၊
တို့နိုင်ငံကြီး ချမ်းသာမည်၊ ထူးမြတ်ပါတဲ့ရတနာတွေသည်၊ ရှင်းပြမည် လင်းပြမည်၊
အော်ရွှေတွင်းငွေတွင်းပယင်းဒုတ္တာသန္တာပုလဲအညီ၊ မကွာအမြဲတည်၊
ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပြီ၊ စိန်ကြောက်နီလာဂေါ်မုတ် ဥဿဖရားတည်၊ ပတ္တမြားမြဣန္ဒနီ။
သံပြိုင် ။ (ရတနာခုနစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိတဲ့အမိမြန်မာပြည်၊ အန္တရာယ်ကင်းရှင်းပေသည်) ၂
တရားအကျိုးမျှော်သလောက် တန်ခိုးတော်ကြောင့်လို့ ပျိုကြည်အောင်ထင်သည်၊
အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးပါး ထင်ရှားတည်လေသည်။
(စပါးဂျုံဆန် ရေနံ ရော်ဗာစုံလို့ သစ်တွေဝါးတွေ မကုန်သမို့လဲ ဝါဂွမ်းအညီပဲပါနှမ်းဆီ) ၂
ပြောင်းအခင်းက ကောင်းခြင်းလွန်တာရှည်၊ မြေထဲရှုလိုက်ပြန်တော့
ခဲသတ္ထု သံသွတ် ဘော်တွေတည်၊ အဖိုးမဖြတ်နိုင်သည်၊ ရတနာရှိတဲ့ သီရိမြန်မာပြည်။
သံပြိုင် ။
(ရတနာမိုး ဖြိုးမောက်သည် မြန်မာပြည်၊ မင်္ဂလာအဟုန် ယဉ်ကာတဖုံ ပညာစုံပေါသည်) ၂
ရတနာအဖြာဖြာ ကောင်းမြတ်တာတွေ စုဝေးလို့ မနှေးပြန်ကာတည်၊ သမ္ပဇဉ်ဉာဏ် ဉာဏ်ယှဉ်ကာကြံအင်သာ တွေးရည်
မြန်မာတိုင်းမြို့ တို့နယ်ပြည်၊ အေးချမ်းသာယာပါစီ၊ လက်ျာထွန်းတဲ့တောင်ကျွန်းမဟီ။
သံပြိုင် ။
========
သန္ဓေသူ
ရေး - မသိ
၁၉၃၉ မတ်
မြင်သူတိုင်း နှစ်သက်မြတ်နိုးကြသူ၊ ကြိုင်တရာထုံ ရွှေဝတ်မှုန် သင်းကြူ၊
ကြည်လင်အေးချမ်းတဲ့ စိတ်ရင်းသဘောဖြူ၊ သန္ဓေသူ ပတ္တမြားသွေးနဲ့တူ၊
လူသာမန်များနှင့် မထိုက်တန်သူ၊ လေသွေးလှိုင်ကြူ၊ ကျက်သရေတော်ရှိသူ၊
အလွန်ထူးဆန်းတဲ့ မြတ်ပန်းနဲ့တူကာ ဣန္ဒြေအစဉ်ထိန်းသိမ်းတဲ့သူ။
(သဒ္ဓါကြည်ဖြူ၊ ထူးမြတ်တဲ့ဧကန်သန္ဓေသူ၊ သိကြားမျိုးနွယ် ဆက်သွယ်တဲ့အပျိုဖြူ၊
မိုးနတ်သူနန္ဒမူ၊ ယိမ်းနွဲ့ကာ မာလာသင်းကြူ၊ ဤဇမ္ဗူ ဘုန်းရှိတဲ့သူများလှမ်းချူ၊ သဒ္ဓါကြည်ဖြူ၊
ထူးမြတ်တဲ့ဧကန်သန္ဓေသူ၊ သိကြားမျိုးနွယ်ဆက်တဲ့ပျိုဖြူ မိုးနတ်သူ) ၂
(လှိုင်နန္ဒမူ အထူးပင်မြတ်သူ၊ စုံခြေလှိုင်သူ ပန်းစုံသင်းကြူ၊ ညိုပြာဝါဖြူ ကျက်သရေရှိသူ၊
ဆန်းတဲ့ဟန်မူ ဝေဖြိုးမိုးနတ်သူ၊ စိတ်ထားကြည်ဖြူ ထူးတဲ့ဆုယူ၊
ထင်ရှားတဲ့ဂုဏ် ပြည့်စုံတဲ့ သင်းပျံ့လှိုင်ကြူ၊ ဝေဖြိုးမိုးနတ်သူ၊ ပန်းမျိုးစုံသင်းပျံ့ကြူ၊
ဆင်းရနံ့က မွှေးထုံကြူ၊ ထူးထူးခြားခြား ဆန်းဆန်းပြားပြား လှတဲ့သန္ဓေသူ) ၂ ၊ စိတ်တူသဘောတူ၊
တောမြိုင်လမ်းကို မှန်းယူ လှမ်းဆွတ်ချူ၊ သဘောကောင်းစိတ်ကြည်ဖြူ မိုးနတ်သူ၊ အကြောင်းရင်းပါစို့အတူ မိုးနတ်သူ၊
မြိုင်တွင်းက သင်းထုံကြူ၊ တသန်းတန်ငွေမူ နန်းဆံမေဖြူ၊ ထူးတဲ့လှပျိုဖြူ။
(သဒ္ဓါကြည်ဖြူ ... ... မိုးနတ်သူ) ၂
========
တီးပါတီ
ရေး - ရွှေတိုင်ညွန့်
၁၉၄၁ ဒီဇင်ဘာ
(မွန်မြန်မာ နယ်ပြည်၊ ဖိတ်ကြားလိုက်တော့မည်) ၂ ၊ မကြည်အောင် ကျမရဲ့ မွေးနေ့ကိုပဲ အမြဲ တီးပါတီ
(ဗီတာမို ကိုကိုးနဲ့ အမျိုးစုံသည်) ၂ ၊ ကိုလံဘီယာအဖွဲ့နဲ့ ဧည့်ခံမည်၊ အဆော့တက်ကိတ် ဂိုးဖလိပ်လဲ ကျမဝယ်မည်။
သံပြိုင် ။ (အဖိုးထိုက်အဖိုးတန် သုံးဆောင်ရန်ကို အမျိုးမျိုးမုန့်တိုက်တွင် မှာအုံးမည်) ၂
စားပွဲကိုထိုင်ရန် ဝိုင်နဲ့အတည်၊ ဂုဏ်သရေကြီးတဲ့ တီးပါတီ၊ အခြားဟာတွေ ရင်ပြေ့မည်၊
မစားပါနဲ့ဆိုသည်၊ ကြည်အောင်ပြောမည် မောင့်ယုံကြည်၊
ချိစ်ကိတ်နဲ့ ပလိန်းကိတ်ထက်ပင် ကိုယ်ကြိုက်တာ ပြောဆိုပါမည်။
မုန့်ဟင်းခါးနဲ့ မလဲချင်ပြီ၊ ဗမာပီပီ ကျွေးချင်ပါတော့သည်၊ ကြည်အောင်စိတ်ကရည်၊ အမင်းမင်းစုံညီ၊
ဗိုလ်ဆန်တာပင် တီးပါတီပေးရင် စားခဲ့အခါအများ တို့ကာပင့်ကာ ဟန်မကျပေါင် ဝအောင်လဲမစားရသည်၊
ရှင့်မိတ်ဆွေကို တီးပါတီ၊ ကျမစိတ်နဲ့မညီ၊ (စီစဉ်ပါမည် အမျိုးမျိုးတွေကြံစည်) ၂
လူကြီးလူကောင်းစုံကြပြီ၊ မိတ်အများဖိတ်ကြား အငြိမ့်ငှားမည်၊
ရွှေတိုင်ညွန့်ကို သတင်းပေးလို့ သီချင်းရေးခိုင်းမည်၊
ကိုယ့်ဗမာအသုံးအဆောင် ကြည်အောင်ကြိုက်သည် သူ့အလိုသဘောကို ပျိုကူညီ၊
ထူးမြတ်တဲ့မောင့်ဂုဏ်ရည်။ အမျိုးမျိုးကျေးမွေးဧည့်ခံ ပျိုဖိတ်မန်မည်၊ တီးပါတီ။
သံပြိုင် ။
=========
စိတြဂီဝါ
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ မတ်
ဘုရားလောင်းစိတြဂီဝါ၊ ဟေမဝါသေလာ ငှက်အပေါင်းထောင်သောင်း ခညောင်းကြပေတာ။
ဂနိုင်ဆီးတဲ့ မြိုင်တောကြီးထဲမှာ၊ (အလောင်းတော်ခိုမင်း သင်းဖွဲ့ကာ) ၂
(ထင်ရှားစွာ) ၂ ၊ လမ်းမမှားဖို့နေ့စဉ် ဟောကြားကာ၊ (ငှက်ပေါင်းတောင်းဆုခြွေကာ၊
သနားကရုဏာ၊ တရားရှုကာ၊ သနားကရုဏာ) ၂ ၊ စိတြဂီဝါခိုမင်း ထင်လင်းပါ။
(ရှေးသရောအခါ ပြည်ဗာရာတွင်းဆင်းသက်လာ၊ သင်းဖွဲ့ကာ၊ အစာရှာရန် မြန်းခဲ့တာ) ၂
(သတ္တဝါငှက်ပေါင်း ထောင်သောင်းပါ) ၂ ၊ အလောင်းတော်မှာ ပိုက်ကွန်တွင်းက ကင်းလွတ်စေရန် နေ့စဉ်ကြံဆကာ။
ရန်ဘယာ မသန်းကာ စိတ်အေးချမ်းစွာ၊ လောင်းမြတ်ဉာဏ်မျှော်တာ၊ အော် ဆုံးမတော်မူရှာ၊
ပိုက်ကွန်တွင်းက လွတ်ကင်းရာ ရန်သူတွေဝေးကွာအောင်သာ၊
ညီညီညာညာလွတ်မြောက်ခဲ့ဖူးတာ၊ အလောင်းတော်မြတ်ခိုမင်းမှာ။
တရံရောအခါ ဟေမာအိုင်အကူး (မြူးကာမြူးကာ) ၂ ၊ သီးပွင့်စုံစွာ စားသောက်ဖွယ်ရာ၊
သုံးဆောင်ကာအပြီး ခရီးကလာ၊ (စိတြ) ၂ ဂီဝါ၊ သီးနှံငုံကင်း ဆောင်ကြဉ်းခဲ့တာ၊
အော် မိဘများပါစုံစွာ၊ သားမယားကိုကျွေး အလှူပေးဖို့ရာ၊
အော် လောင်းမြတ်ရာဇာ သာဓက ပုံတင်ကာသာ၊ ရှာမှီးဥစ္စာ ကိုယ်ရေးတွက်ပါ၊
သုံးဖို့တစ်ဖို့ပါ ဝေဖန်၍ပင် ထားသင့်တာ။
ရန်ဘယာမသန်းကာ ... ... ခိုမင်းမှာ။
===========
တောင်သူပျို
ရေး - နန်းတော်ရှေ့ဆရာတင်
ကောင်းကင်အာကာ တိမ်ညို၊ ရွာမလိုလိုနဲ့ ရွှေမိုးတွေကညို၊ ငှက်ကယ်လူလို၊
သံချိုနှောကာပြောဆို၊ လယ်ပြင်ပေါ်မှာဝဲပျံကြသလို မျှော်ရှာပေမယ် (ရွှေပိန်ညင်းရယ်) ၂
ဟင်္သာမြူးသကို၊ ပင်စပါးပျိုဝင်နားမလို၊ ချစ်အားတော်ပိုမို ရွှေမိုးညိုညို။
(ကောက်စိုက်သမလေးတွေ သံပြိုင်ဆိုပေသကို၊ ထမိန်တိုတိုရွှဲလို့ စိုရွှဲလို့စို၊
အင်္ကျီအပိုအမိုလဲစရာမရှိအောင်စို) ၂ ၊ ချမ်းလို့တုန်ကာ အလွန်ပင်အေးသကို၊
အသူရိန်မင်းကပုန်းကွယ်ကာခို၊ လွမ်းမိသလိုလို လယ်ကန်သင်းမှာ စောင်းသံစည်သံ တီးသံချို၊
ကောက်စိုက်သမတွေ သီချင်းသံပြိုင်လို့ဆို။
တို့တောဓလေ့မို့ ပျော်မွေ့ကြသကို၊ စပါးပင်ပျို၊ ကွင်းကစိုစို ရွှေပိန်ညင်း သူဆင်းတော့မလို၊
ပျိုခင်းမှာ (ဝဲကာ) ၃ ပျံကြသကို၊ နေညိုညိုအချိန်ကုန်ရင်ဆို၊ မိုးတွေက အုံ့ကာမဲညို၊
ရွှေဥဩကြူးသံချို၊ တမ်းတလို့လွမ်းစပို၊ ဗုံရှည်ကြီးနဲ့ တီးလို့ဆို၊ အချိန်တန်ရင် အိမ်ပြန်ချင်သကို
ချစ်သူနဲ့လမ်းတွေ့မလို၊ ကြိုက်မယ်လို့ပြောတာကပို မိုးမင်းကမစဲနိုင်သလိုကို၊ ထမိန်တိုတိုရွှဲကာရွှဲကာစို။
စောစောထဝီရိယနဲ့ လုံ့လတွေကပို၊ တောင်သူပျိုထမင်းချက်မယ်ဆို၊ ဟင်းရွက်စုံသကို၊
ငပိမှိုနတို၊ ခမောက်တိုတို ကိုယ်စီဆောင်းပါလို့ ပျိုးပေါ်ကိုတဲ့ဆောင်ရရှာသကို၊
မိုးစဲတာတောင်မောင်လာလို့မကြို၊ ကောက်စိုက်သမတွေ သီချင်းသံပြိုင်လို့ဆို။
တို့တောဓလေ့မို့ ... ... ရွှဲကာဆို။
တစ်ဧကမတော့ ဒဿမတရာဆို၊ လယ်တစ်ကွက်အပိုင် ခဲ့နိုင်အောင်ကို၊
သီချင်းသံချိုချို ပျိုးလဲ (သူများထက်) ၂ ပိုမို၊ ယူဆောင်ပြန်သကို၊ ကောက်စိုက်ရှာကြတောင်သူပျို၊
ရွာမလိုလို မဲကာညိုညို နေရောင်ခြည်မထိုး ရွှေမိုးညိုညို၊ အပျိုဖော်တသင်းနဲ့ ဟင်းရွက်ရှာသကို၊
(မိုးမင်းညို) ၂ ၊ လယ်ကန်သင်းတလျှောက်မှာ ကောက်စိုက်မတွေ သီချင်းသံပြိုင်လို့ဆို။
==================
ဗောဓိပင်နှင့် ရွှေပလ္လင်
ရေး - ရွှေတိုင်ညွန့်
၁၉၄၀
မဟာဗောဓိပင်နဲ့ တလံကွာပါသည်၊ စကြာဝဠာ ငြိမ်သက်၍ မြတ်ရှစ်ဆုပ်ကြဲတော်မူလေသည်၊
တစ်ဆယ်နဲ့လေးတောင် ကျယ်ဝန်းပါသတဲ့ ပလ္လင်တော်ပေါ်ထွန်းလာခဲ့သည်၊ ဘုရားမဖြစ်သမျှ ငါမထဟု
လုံ့လဥဿဟစုံအညီ၊ ဗောဓိဘုရားရွှေပလ္လင်ထက်ဝယ်ထက်ဝယ်ဖွဲ့ခွေနေတော်မူလေသည်။
(ဘဂဝါဇိနအရှင်သည် တဏှာရှိသမျှစင်တော်မူပြီ၊ အပရာဇီတပလ္လင်ကိုတဲ့ အောင်မြင်တော်မူသည်) ၂
ရပြီ ရပြီ၊ ဝသဝတီအထက်ဆီက အဓမ္မချီတက်ပါလို့ လက်နက်တွေကိုစီ၊
စစ်သည်များစွာထင်လင်းစုပါလို့ ပလ္လင်ကို အတင်းလုမလို့တဲ့ ဗိုလ်ထုနဲ့ ကြံစည်တကယ်ပဲ မကြောက်သည်၊
အပါယ်ငရဲ ရောက်မည်၊ မှားလိုက်တဲ့ မာရ်နတ်သည်၊ ဘဂဝါမြတ်ကို သတ်ဖို့သူကြံစည်။
အထက်ဘဝဂ်မှာအညီမာန်ဟုန်ချီ၊ အောက်နရက်ပါမကျန်ပြီဖန်လာသည်၊
(မာရ်နတ်မင်းမှာ စက်ဘုန်းအရောင်ရှိသည်၊ သူ့ကိုယ်မှာပင် လက်ရုံးတစ်ထောင်ရှိသည်) ၂
(ကျမတို့ဘုရားကို အသက်ဆုံးအောင် ဖိမလို့တဲ့ ရှိသမျှသတ္တဝါတွေ အားလုံးစုသည်) ၂
သူ့ကိုယ်သူလောကမှာ ဘုရားလို့ မတရားကြွေးကြော်သည်၊ စောဘဂဝါအနားမှာ ဒေါသတွေပွားကာ နေလေပြီ။
(မာရ်နတ်သားကို တရားနဲ့အညီ၊ မြတ်စွာဘုရားက မိန့်မြွက်ကာကြားသည်၊
ဂေါတမမြတ်ဘုရားက မိန့်မြွက်ကာကြားသည်) ၂
(သောဘဂဝါ ကေဝလံ ပစေတော့လို့ ဝေဿန္တရာ ဘဝရယ်က ဒါနပါရမီ) ၂
သမီးသားမယားကို လှူစဉ်ချိန်ခါမီ၊ ဘူမြေနှစ်လွှာ အသိမဟုတ်လောဟု ဝိသုဒ္ဓေါဓမ္မခံ အခြေလှစ်လိုက်ပြန်တော့
မာရ်ရစ်တဲ့ ရန်စစ်တွေသည်၊ ဆံညှစ်ရေကြောမှာ မျောလေသည်။
ဝဠာတစ်သောင်း ဗြဟ္မာအပေါင်း အောင်ကြောင်းကိုအမှန် ကြွေးကြော်ကြရပြန်လေသည်၊
(ဗုဒ္ဓဘဂဝါ အရှင်ဘုရား စတုတ္ထဈာန်ဝင်စား) ၂ ၊ ပုဗ္ဗေနိဝါသခေါ် ရွှေဉာဏ်ဓမ္မကိုလ ဧကန်ရပါတဲ့
ညဉ့်ဦးယံချိန်ခါမီ ဒိဗ္ဗစက္ခုဉာဏ်ဘိုမှန်းဆောင်ပြန်သပ သန်းကောင်ယံကျတော့ ရတော်မူလေသည်၊
(ပရမေအရှင် ဆင်ခြင်ကာပွား တရားတော်များထင်ရှားသိပြီ၊ အလုံးစုံမယွင်းအကြွင်းလဲမရှိသည်) ၂
ဝိသာခါနက္ခတ်နဲ့အညီ ရက်မြတ်တဲ့ချိန်ခါမီ၊ ဘုရားအဖြစ်ကို ဧကန်စင်စစ် ရတော်မူလေသည်။
===============
သပြေခက်နဲ့ရေပက်
ရေး - မသိ
၁၉၃၉ ဧပြီ
နွေခါမီဝယ်၊ ရာသီမြိဿဂိမ္မန္တမို့၊ စိတြကြယ်တိမ်ခိုးလယ်မှာ စံပယ်ကွန့်လှ၊ တိမ်ဗွေချာငယ်၊
ဒေသစာလှမ်းခြွေကာ မြန်းပါလို့ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊
နိုင်ငံကျော့ပြည်သူမှာ၊ ပန်ဆုယူ တာရေးသွန်းချိန်မို့ လွမ်းလှတယ်လေး။
(ကောင်းကင်အမူအရာ မြူလွှာအုံ့ပြန်သလေ၊ ဇမ္ဗူချာလုံးရှစ်ခန်းဗွေ၊ မဟူရာအမှုန့်တွေ ရစ်ဖျန်းသကဲ့သို့နေ) ၂
((နှစ်ဆန်းဂိမှေ) ၂ ဗေဟီကြူးလို့ တန်ခူးလရာသီခေါ်ပြန်ပေ) ၂ ၊
(ကြိုင်ထုံပြန်သော် ကံ့ကော်ပိတောက်တွေ၊ (ပျို့အိမ်ဘေးဝယ်) ၂ ၊ ညှင်းလေသွေးတော့ မွှေးရနံ့ဝေ) ၂
သင်္ကြန်အခါတွင်းမို့လေ။
သံပြိုင် ။ ရှေးအခါကတော့ ရိုရိုသေသေ ကစားကြပေး၊ (မွေးသမိခင် / မွေးသဖခင် ထံ ခွင့်ပန်ကာ တောင်းရပါတဲ့ အခြေ) ၂
လာလေမဟာဆွေ၊ မေမရှက်နဲ့ ရက်မြတ်သင်းပျံ့ဗွေ၊ မာပါစေ သာပါစေ၊ သပြေခက်နဲ့ ပက်ကြတဲ့ သင်္ကြန်ရေ။
ကိုကိုလူပျိုတွေ၊ ရှင်လိင်ပြန်မောင်ရေ၊ ခင်ပျိုလုံမလေးမှာ အေးလွန်းလှပေါ့ဖေ၊ ကညာခင်ပျိုမေ၊
ဝါမဝင်ခင် သင်္ကြန်တော်ပေ သပြေညိုမင်္ဂလာရေ၊ ပက်ပါကြစေ၊ အကြောင်းကောင်းနဲ့ တောင်းပန်ပါတဲ့ ရှေးစနစ်ပေ၊
(ငွေဖလားကြီးနဲ့ ရေကစားတာ တကယ်ကြမ်းသလေ၊ ဇွန်ပန်းခွေတောင် ကြွေကုန်ပါပေါ့ဖေ) ၂
သံပြိုင် ။
ရေမွှေးရေကောင်းဘိသိက်လောင်း သက္ကစ္စရိုသေစွာရေသဘင်ပွဲတော်ကိုနွှဲပျော်ကာ ငြိမ့်ငြိမ့်ညောင်း ဘိသိက်လောင်း
(ခေါင်းလျှော်ကာ တရော်ကင်းပွန်းနဲ့ လေးကျွန်းအောင်မြေ၊ အတာနှစ်ကူးရက်ပေ) ၂
ဘုရားဂုဏ်တော်တွေ၊ တရားဂုဏ်တော်တွေ သင်္ကြန်ရက်မှာ
လက်ကတော့ ထိုးကာလှူဘွယ် အမျိုးမျိုးနဲ့ အကျိုးမျှော်ကာ မဟာရေသဘင်တွေ။
(ကိုကိုလူပျိုတွေ ... ... ကြွေကုန်ပါပေါ့ဖေ) ၂
သံပြိုင် ။
===========
အိုးဝေဝေ
ရေး - ရွှေတိုင်ညွန့်
၁၉၃၈ ဖေဖော်ဝါရီ
ကမ္ဘာအတွင်း ထွန်းလင်းသာပေ၊ နေမျိုးနေမျိုးဆွေ အိုးဝေ၊ အောင်စေကြောင်းသွန်းလောင်းညောင်ရေ၊
မြန်မာများတိုးပွားပါစေ၊ မှန်တာဆိုမည်မောင် ကြည်အောင်ပြောမလေ၊ ရွှေမေတ္တာသဘောအစစ်နဲ့ ချစ်တဲ့သူရေ၊
အသံကြားရင် နားထဲမှာစွဲစေ နေမျိုးဆွေ။
အိုးဝေ အိုးဝေ ဝေ၊ အိုးဝေ ဝေ အိုးဝေ၊ သာယာချိုအေးစေ၊ ပျိုကြည်အောင်ကြံဆောင်ရေးသွင်းပေ၊
ဒေါင်းမင်းရာဇာမင်းဆွေ၊ ကမ္ဘာဦးကပင်လင်းပေ၊ ထိန်ဝင်းပါလို့နေ၊ သာယာချိုအေးစေ၊
ပျိုကြည်အောင် ကြံဆောင်ရေးသွင်းပေ၊ ဘုန်းတော်ရောင်တိုးစေ၊ အသက်ရာကျော်ရှည်၊
ဆောင်တိုင်းမြောက်ပါစေ အိုးဝေ။
တောခြေမြိုင်အတွင်း သင်းနံ့ထုံလောင်း ပန်းပေါင်းဝေ ဖိုးမောင်နှံတွဲကာ နွှဲပျော်ကြပေ၊
အိုးဝေသံကိုကြား နားထဲမှာစွဲလို့နေ၊ စိတ်ထဲမှာ ကြည်နူး ထူးတဲ့စုံခြေ။
သံပြိုင် ။ ( သိုက်မြုံနန်းမှာ အေးချမ်းစွာ ကူးသန်းပျော်နေ ဒေါင်းမကလေးတွေ တေးကြူးရင့်ပေ၊
ရွှေတောင်ပံကို ဖြန့်ချီပါလို့နေ၊ ညီညီညာညာ သာဆန်းဖြိုးတဲ့ အိုးဝေ ) ၂
စည်းစိမ်ချမ်းသာ မွန်မြန်မာပြည် တက်နေအဆင်းသို့ ဝင်းလို့နေ၊
(ကျက်သရေဖြိုးတဲ့ ဒေါင်းအိုးဝေ၊ ဘုန်းတော်တိုးမယ့် ဒေါင်းအိုးဝေ) ၂
ဆောင်ကြာ့ဗွေအောင်ပါစေ ရွှေမေတ္တာတော်ကြည်အောင် ပျိုပေးဝေ၊ အိုးဝေ အိုးဝေ ဝေ၊ အိုးဝေ အိုးဝေ၊
ကိုယ်အမျိုးသားတိုင်းပြည်၊ လွန်ပေါများ စပါးဆန်ရေ၊ ပတ္တမြားနဲ့ စိန်ရွှေငွေထိန်လင်းလို့နေ၊
ပျိုစီးဖြန်းခဲ့သလေ ဥဒေါင်းမင်း ပရိတ်တော်ရေ၊ အောင်ဘိသိက် အောင်ပါစေ၊ ထွန်းလင်းကျက်သရေ၊
ဘေးဘယာဝေးစေ၊ တေးစာရေးပေ၊ ရွှေတိုင်ညွန့်ရေ၊ ဆန်းသစ်တဲ့ဉာဏ်တွေ၊ ပျိုစီးဖြန်းခဲ့သလေ၊
ဥဒေါင်းမင်း ပရိတ်တော်ရေ၊ အောင်ဘိသိက်အောင်ပါစေ၊ ထွန်းလင်းကျက်သရေ။
သံပြိုင် ။
===========
သော်တာရောင်
ရေး - မသိ
၁၉၃၉ ဖေဖော်ဝါရီ
လေချိုသွေးအေးတော့သည်၊ ရော်ကာရမ်းလို့သာ မှန်းရည်၊ ဘယ်ဆီကိုလွမ်းရမည်၊
တမ်းတလို့စိတ်ထဲကရည်၊ ခင်သာကီ၊ သဉ္ဇာလီ လေချိုသွေးအေးတော့သည်၊ ရော်ကာရမ်းလို့သာမှန်းရည်၊
ဘယ်ဆီကိုလွမ်းရမည်၊ တမ်းတလို့ စိတ်ထဲကရည်၊
ရွှေလမင်း ထိန်လင်းသည်၊ အို ဖူးစာရေးကိုတွေးကာမှန်းရည် ခင်မဒီ။
(ဆောင်လေသာပြတင်းဆီ၊ မြူတိမ်ခြေရှင်းပြီ၊ ငွေသော်တာမင်း ထိန်လင်းသည်) ၂
သံပြိုင် ။ (ကြယ်တာရာဝန်းရံခတဲ့ ဖိုးရွှေလမင်း ဆင်းရောင်ခြည်၊ တမ်းတကာမှန်းမျှော်ရတယ်
လူတိုင်းစိတ်မှာကြည်၊ ဆောင်လေသာပြတင်းဆီ၊ မြူတိမ်ခြေရှင်းပြီ၊ ငွေသော်တာမင်း ထိန်လင်းသည်) ၂
(ဆီးနှင်းကရီ) ၂ ၊ ရောင်နီလာပြီ၊ အာရုံခါမီဆွမ်းကပ်မည်၊ တောင်းဆုပန်ရည် ပုတီးစိပ်ဦးမည်။
သံပြိုင် ။
ချိန်သန်းကောင်ကျော်ပြီ မှေးစက်လို့မပျော်သေးသည်၊ ဖော်စုံတူညီရွှင်ကြည်၊
အစာရှာရန်အရေး ညငှက်ကလေးများဆီ၊ အိုတွန်သံကိုမှန်း လွမ်းမိသည်။
သံပြိုင် ။
=================
နီးအောင်ပင်လှမ်း
ရေး - ရွှေတိုင်ညွန့်
၁၉၃၆ ဧပြီ
နိဗ္ဗာန်နန်းကို နီးအောင်ပင်လှမ်းစေဖွယ်၊ တရားသဘောနဲ့ စိတ်မှာစောတယ်၊
လောကမှာ စီးပွားရွှေငွေ အစစတွင်ကျယ်၊ ကျမကမခင်တွယ်၊ သံသရာပင်လယ်ကြော မမျောစေဖို့ရယ်၊
ကာမဘုံဆယ့်တစ်မီး ဆီးကာတော့မယ်၊ ဘာဝနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းမယ်၊
တဒင်္ဂပဟန်ရယ်၊ စွဲမြဲပါတော့မယ်၊ ငါးပါး (ခန္ဓာရယ်၊ မှန်ပါတယ်၊ ခန္ဓာရယ် ပိုးမျိုးရှစ်ဆယ်) ၂
တွေးကာဆင်ခြင်မယ်၊ သံသရာထဲမဝဲချင်တယ်၊ နိဗ္ဗာန်နန်းမဂ်လမ်းကို တက်လှမ်းမယ် ပျိုရည်ရွယ်၊
တစ်ကမ္ဘာလုံးရသမျှ ဇမ္ဗူမြေတခွင်ဝယ်၊ မြင်မြင်လေသမျှတော့ အစဉ်မတည်တယ်၊
ပညာအခြေထားလို့ ဆင်ခြင်ကွယ်၊ သင်္ခါရတရားတော့ထင်မြင်မယ်၊ လောဘဒေါသ မောဟများကို မမှားအောင် ရှောင်မယ်၊
မကြည်အောင် ပျိုစကားကိုနားထောင်ပါကွယ်၊ ထူးမြတ်တဲ့ ငါးပါးအာရုံ အကုန်လုံးပယ်၊ အနိစ္စနဲ့ ဒုက္ခကိုကြံဆရွယ်၊
အနတ္တသဘောစောမိတယ်၊ ကြည်အောင်တကယ်၊ အော် လက္ခဏာရေး သုံးပါးကိုထင်မြင်တယ်။
ရက်တိုတိုနဲ့ မဂ်ဖိုလမ်းကို မြန်းထွက်ဖို့ ရုန်းမယ်၊ သုံးဆယ့်တစ်ဘုံဝယ် ဆုံလည်ရတာ လွတ်မြောက်ကြောင်းပရယ်၊
(လောကီဈာန်ရဖွယ် မခင်မင်တယ်၊ သဘောအတည်ကြံဆရွယ်ထင်မြင်ဖွယ်၊ ဟောဒီသံသရာရယ်၊ အမျိုးမျိုးစိတ်ရှုပ်ဖွယ်) ၂
အဟုတ်ကိုပဲ စိတ်ထဲကရယ် ကာမဂုဏ်တွေကိုဖယ်၊ နီးအောင်လှမ်းနိဗ္ဗာန်နန်းရိပ်လှုံမယ်၊
လောကီစည်းစိမ် ရေအိမ်သဖွယ်၊ မကောင်းမှု ဟူသမျှ ဖယ်ရှားကာရယ်၊ စိတ်ကကြံရွယ်၊
((ပျိုကြည်အောင်) ၂ (လောကဘောင်ဝယ်) ၂ ၊ သဘောကျရှောင်ဖယ်၊ မြန်းထွက်ဖို့ကြံရွယ်) ၂
အဟုတ်ကိုပဲ စိတ်ထဲကရယ် ကာမဂုဏ်တွေကိုဖယ်၊ နီးအောင်လှမ်း နိဗ္ဗာန်နန်းရိပ်လှုံမယ်၊
အော် သုံးဆယ့်တစ်ဘုံဝယ်၊ တွေ့ကြုံခံစားအဖန်ဖန်များလို့ (တရားကိုရှာ) ၂
မဂ္ဂင်ရထား အောင်ရတနာအလံနဲ့ နောင်အနာဂတံ ဆယ့်တစ်မီးဖြတ်ပါလို့ နိဗ္ဗာန်ခေါင်ရွှေပြည်မြတ်ကို
ပပ္ပေါမိ ရောက်ရပါလို၏အရှင်ဘုရား၊ (သံသရာနယ် ခရီးသွားဧည့်သည်တွေပုံနှယ်၊
သည်ညွံထဲက တဝဲလည်လည် မလွတ်နိုင်ကြတယ်၊ အရိမတ္တေယျမြတ်ဘုရားခေါ်လျှင် လိုက်နိုင်အောင်လဲ ကြိုးစားမယ်) ၂
ထူးမြတ်တဲ့ ငါးပါးအာရုံအကုန်လုံးပယ်၊ အနိစ္စနဲ့ဒုက္ခကို ကြံဆရွယ်၊ အနတ္တသဘော စောမိတယ်၊
ကြည်အောင်တကယ်၊ အော် လက္ခဏာရေးသုံးပါးကို ထင်မြင်တယ်။
===========
ပြူစောထီး
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၄၁ ဖေဖော်ဝါရီ
သာသနာ့ သက္ကရာဇ်တော် ၆၅၁ ခုနှစ်အဝင်၊ အရိမဒ္ဓနာပေါက္ကံပြည်တွင်၊
ကျား ရှူးပျံ ဝက်ထီးနဲ့ ငှက်ကြီးတို့ မင်းမူလေတော့လျှင်။
တိုင်းပြည်မငြိမ် မြို့ရွာ ဆူချိန် ကြောက်ဖွယ်အမှန်ပင် တနည်းဟာမို့ ဝက်ကြီးရန်ကို တွန်းလှန်ဖြိုကာ မရရှာလျှင်၊
တောနယ်တောစွယ်တို့အပြင်၊ သမုဒရာဇ်ရာဇာဘုရာ၊ လက်လျှော့ကာငေးမှိုင်ကာပင်၊
ပလ္လင်ရိပ်ခန်းပြန် အမှန်အတွင်းပင်၊ တိရစ္ဆာန် သတ္တဝါမင်းမူတာပင်၊ စိတ်မအေးသနော် အရေးတော် ပေါ်တာမြင်။
ရန်သူကို မာန်မူမယ်လို့ပြင်၊ တအားပဲအတင်းပနှင်၊ မြားနဲ့ပစ်ကြလျှင်၊ ဘုန်းတော်ဒဏ်ကြောင့် မခံသာအပြေးနှင်၊
ဧရာဝတီရေသီတာမြစ်ပြင်၊ ကူးကာဖြတ်ပြေးဝင်၊ လူ့ရွာနဲ့ဝေးလျှင်၊ ဘုန်းတော်ဒဏ်ကြောင့် အဖန်ဖန်အော်လျက်ပင်
(ဆင့်ကာထပ်ကာ မြတ်ရာဇာရွှေမြားတော်နဲ့ အင်မတန်ကြီးသော ဝက်ကိုပင်၊ အောင်မြင်တော်မူပါသော ထိုနေ့တွင်) ၂
(သတိုးမဟာသွေးတို့ စံနန်းဘုရင်၊ မြို့ရွာအေးဖို့ မှတ်တမ်းတော်တင်) ၂ အောင်သံပေးသော် ကြွေးကြော်ပါရလျှင်၊
ဝက်သေကန်နာမံ ကမ္ပည်းရေးထွင်၊ တိုင်းပြည်အကြောင်းကိုကောင်းစွာ သိတော်မူစေချင်။
သံပြိုင် ။ (ရန်သူများကို ချဉ်းနင်းခြင်းပြု၍ပင်၊ ကမ္ဘာပေါ်တွင် သိကြားမင်းပေးသော လေးမြတ်ရှင်၊
ပြူစောထီးမင်းဘုရင်၊ ဘုန်းတော်ကြီးတို့ တို့သခင်) ၂
မြို့ရွာမှာပင် အေးစေရန် အမှန်စီစဉ်၊ ယောက်ျားကောင်းတစ်ယောက်လို့ တင်မြှောက်ဖို့ပင်ရာဇဝင်။
တိုင်းတော်ပြည်တော်တွင် ငှက်ကြီးရဲ့မင်းမူ လူအများကို သူစားဖို့ပြင်၊ အံ့လောက်စရာပင်၊ သစ်ပင်တစ်ပင်တွင်၊
အတောင်နှစ်ဖက်ကို ဖြန့်ကာတင်၊ ထီးလှိုင်စာငှက်ကြီးဘုရင်၊ အို ကြမ်းကြုတ်စွာပင် တစ်လှမ်းဆုတ်ပါလျှင်၊
ခြေထောက်နှစ်ဖက်အကွာတွင်၊ သုံးဂါဝုဒ်ကျယ်ကာပင်၊ တောင်ငယ်သို့ပင် ကြီးသော ငှက်ယုတ်ဘုရင်၊
တစ်နေ့လျှင် တစ်ယောက်ကျမှန်မှန်ပင်၊ ဆက်သအစာတော်တင်၊
စားခဲ့သမျှတွေ အားလုံးတွက်ပြန်လျှင် ၄၃၂၀ မဟာနွယ်ဖွားတို့ပင်။
သံပြိုင် ။
(ငှက်အန်တောင် ငှက်ပေါက်တွင်းရယ်လို့ အရိမဒ္ဒနာပေါက္ကံပြည်မှာ သမိုင်းထိုးကာ တစ်မျိုးပြုပြင်၊
ယခုတိုင်အောင် ငှက်တော်ပြင်တွင်ခေါ်) ၂ (မြို့တခွင်) ၂ ၊ ပင်နွယ်ဘူးမှာမင်းမူလျှင်၊ ရှူးပျံလျှင်၊
ကျားဗျက်ကတို့ပင် တွန်းလှန်လျှင် တွန်းလှန်လျှင်၊ ပြူစောထီးကျေးဇူးရှင်၊ ဘုန်းလက္ခဏာပညာတော်ရှင်၊
စစ်အင်္ဂါလေးဖြာဝင်၊ ကန်တော့ပန်း ဆက်ရာတွင် (ဥပရာဇာမင်း နှင်းအပ်တော်မူသည့်ပြင်) ၂
သီရိစန္ဒာသမီးတစ်ပါးနဲ့ ထိန်းမြန်းကာ အောင်ပွဲကြီးကိုဆင်၊ ပေါက္ကံပြည်ဇာတ်တော်တွင် ဆရာတင်နန်းတော်ရှေ့ကတင်။
===============
တပင်ရွှေထီး
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ ဇွန်
ဇာတိမာန်ထက်သန်ပေသည် ယှဉ်ပြိုင်နွှဲရုံနဲ့ အကဲသာမည်၊ မလွဲပါသည်၊
ရဲဇာနည်ဗမာအစွမ်းသတ္တိကောင်းပုံတော့ ယောက်ျားမျိုး စိတ်မာန်ကြွအောင် ပြောပြရပါအုံးမည်။
ကေတုမတီ တောင်ငူဘုရင်တပင်ရွှေထီးသည်၊ ရွှေဘုန်းသမ္ဘာတော်တေဇာတော်နေတနှုန်းသို့အညီ၊
ဦးသျှောင်ထုံးနှောင်နားတော်ထွင်း၊ ရှေးမင်းစဉ်လာ မင်္ဂလာကိုအတည် စိတ်မှာကြံယူ ရန်သူတော်တိုင်းပြည်၊
ရွှေမော်ဓောရင်ပြင်မှာ ဆင်ယင်ချင်သည်၊ တိုင်းပြည်ရှင်ပလ္လင်နန်း၊ အစွမ်းကြယုံကြည်၊
ယောက်ျားအာဇာနည် ရှင်ရဲထွဋ်ကို တိုင်ပင်တော်မူသည်။
သံပြိုင် ။ ဗမာတို့တိုင်းပြည် ရဲဇာနည် သွေးနဲ့ညီ၊ ကမ္ဘာတဝှမ်းမှာ မော်ကွန်းတင်လောက်သည်၊
အသက်ကိုလည်းစွန့်ခဲ့သည်၊ ဇာတိမာန်အတည်၊ ရှေ့ဆောင်လမ်းပြညီ၊
ရာဇဝင်ဘုန်းရောင် အစဉ်ပဲတောက်လို့ရှည်၊ သတ္တိခဲနွှဲဖို့ အချိန်တော်ပြီ။
အစွမ်းသတ္တိဂုဏ်နဲ့ ပြည့်စုံပါပေသည်၊ အို ကြောက်တတ်တဲ့ စိတ်ရှိရင်ပယ်ရမည်၊
အို ရွံ့တတ်တဲ့ စိတ်ရှိရင် ပယ်ရမည်၊ မွန်မြန်မာနေပြည်၊ ထက်မြက်ပေတော့သည်၊
ကျမတို့ဗမာပြည် ဇာတိသွေးကိုမွေးသင့်သည်၊ ကေသရာဇာ ပုံသို့ညီ စွန့်စားဖို့ အားထုတ်သင့်ကြသည်။
ဗမာကို ကမ္ဘာသိအောင် ဆောင်ရွက်မည်၊ ရှင်ရဲထွဋ်သည်၊ ပြိုင်ဆိုင်သူအလွန်ရှားသည်၊ စွန့်စားတဲ့ယောက်ျားကောင်းညီ၊
ရန်သူကိုမြင်သရွေ့ ယှဉ်တွေ့ရင် ခြင်္သေ့စိတ်ရည်၊ အာဇာနည် အစစ်သွေးကို ချင့်တွေးကာသူရဲကောင်းသည်၊
(စွမ်းရည်သတ္တိ ရှိသည် မရှိသည် စမ်းသပ်ပွဲကို နွှဲယှဉ်ကြပြီ) ၂
လက်ဖျားထိပ်ကို အပ်နဲ့စိုက်လို့ တူနဲ့ရိုက်ကာ ရွေးချယ်ပြန်ပါသည်၊ မကြောက်မရွံ့ မတွန့်မဆုတ် မလှုပ်မရှက် ထက်မြက်ကြသည်။
ရန်သူတွေ ဝိုင်းတဲ့တလိုင်းတို့ နေပြည်၊ သူရဲကောင်းများနဲ့ စွန့်စွန့်စားစား သွားရောက်ကြလေသည်။
(ရာဇဝင်စာတင် တပင်ရွှေထီး ဘုန်းကြီးပါပေသည်၊ တက်နေအဆင်းလို ကျက်သရေလင်းတဲ့ မင်းမြတ်အာဇာနည်) ၂
(မင်္ဂလာယူမည်၊ တလိုင်းနယ်တွင်းက မယွင်းလာခဲ့ပြီ၊ ဘေးရန်မြူမသန်း ကြွချီမြန်းလို့ စွမ်းရည်သတ္တိညီ) ၂
ဤဇမ္ဗူတိုင်းပြည်တလွှားကစံ မတူရှားမှန်ကူဘွား ရန်သူများ ဝေးကရှားရသည်။
သံပြိုင် ။
===============
သုံးရွေ့လယ်
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၄၁
ဗဟိုနဂရာမှာဖြင့် မဆိုကြာမြင့် အို သာတင့် ဆုံးရယ်က သုံးရွေ့လယ်၊ မုန်းပေမယ်ဆိုပြန်တော့လဲ အော်မှားတာပေါ့၊
ခေတ်ကြီးပြောင်းလဲနောင်စပယ်ရှယ်၊ နန်းတော်ရှေ့စာတန်း ဆန်းတာတွေရွေးပါလို့ ရေးနေတယ်၊
ကလေးတွေကွယ်၊ သာလို့ဝေးကြတာပေါ့ ကြာဆို ရေးပေးပါဆို ရေးပေး စကားအသေးနဲ့ရေးမှ အားလုံးနားလည်မယ်။
မုန်းပေမယ်၊ စခန်းမကွာလှပါဘူး သုံးရွေ့လယ်ဆို ထိုနန်းဘမရာသန မှာတော့ ခန်းကြာကြွ (ဆောင် ဆောင်ဗွေဝယ်) ၂
ထောင်ရောင်နေကမှ အဖိုးတန်တာမလွဲ အဖ မောင်မောင်ဘေတို့ရဲ့ အရိုးခံပါပဲ နှလုံးမွေ့စဖွယ်။
ထုံးဓလေ့သွယ်၊ (သုံးရွေ့လယ်) ၂ ဝယ်၊ အို မှူးတော်မတ်တော် ဆွေတော် မျိုးတော်ရှေ့ဝယ်၊
ကရပါတဲ့ မင်းသမီးစုံအလယ်၊ သီချင်းကြီးကမှ ဂုဏ်ထယ်ပါတယ်၊ အဲဒီအခါဝယ်၊
ဆရာဇံ ဆရာဘေကြီးတို့က သိုင်းနဲ့ကျိုင်းနဲ့ စိုင်းဖွဲ့ကာရယ်၊ မြင်စေချင်တယ်၊ ရွှေနန်းတော်မှာ ကကြတာကွယ်၊
မကြည်အောင် မြင်ချင်လွန်းလို့ လွမ်းပါဘိတယ်၊ ညွန်းဇာတိနွယ်၊ ပန်းမြိုင်လယ်ဆိုတာ ခုလိုက အားလုံးပြန်ကြလိမ့်မယ်။
ဟယ် ရှက်တယ် ဘယ့်နှယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သဘင်ကို၊ ပစ်မကွယ်၊ ထင်သလို ဖြစ်တယ်၊
အရင်လိုဖြင့် ခေတ်မလယ်၊ (ပစ်မယ်) ၂ ဆိုဆိုပြီးတော့ ထမင်းရေးအတွက်ကွယ် သီချင်းကလေးနဲ့ ဖက်ရပြန်တယ်၊
(ကြည်အောင်ဆိုစမ်းမယ်) ၂ ၊ ဆန်းပြန်ပါပေတယ် (နန်းဆန်ပါပေတယ်) ၂ ၊ ဆန်းပြန်ပါပေတယ်၊
ကာလတီးလုံးသာဆိုတယ်၊ သီချင်းကြီးထဲက လွဲနိုင်ခဲပါတယ်။
ပုံပမာစုံသာမြိုင်လယ်၊ သဘင်ရယ် ခင်တယ်၊ ကြည်အောင်ရယ်၊
ကောင်းလွန်းလို့ဆိုစေချင် ဆိုစေချင်တယ်၊ ဆိုဆို ဆရာရဲ့ (သူငြင်း) ၂ မှန်ပါပေတယ်၊
ငြင်းပေလိမ့်မယ်၊ တင်းပေလိမ့်မယ်၊ မင်း မှန်ပါပေတယ်၊ ငြင်းပေလိမ့်မယ်၊ တင်းပေလိမ့်မယ်။
ဟိုအခါတုံးဝယ်၊ တီးတဲဗုံရှည် ဆိုင်းတွေစိုးတွေ မပေါ်ခင်ကကွယ် တီးကြအုံးမယ်မြင်သေးတယ်၊
(ရေအိုးကြီးလောက်ရှိပေလိမ့်မယ်၊ စဉ့်အိုးကြီးလောက်ကြီးပေလိမ့်မယ်) ၂
(ဗုံရှည်ကြီးလို့ခေါ်ပါတယ်၊ တီးမှပြီးရတယ်) ၂ ၊ သပြေပန်းပင်ကို ဝိုင်းလို့ကတယ်၊
ဇာတ်သမားဟန်တွေပြချင်သေးတယ်၊ ထမီစွန်တောင်ဆွဲလို့ ကရတယ်၊ (အရောင်တင်မခြယ်၊ နကိုလှပါတယ်) ၂ ၊
အဲဒါမှ ဒါမှ အာဂသဘင်သည် ရှေးခေတ်ဟောင်းကို အောက်မေ့ပါတော့တယ်။
=================
အောင်ဗလအလွမ်းပြေ
ရေး - ရွှေတိုင်ညွန့်
၁၉၄၁
ပျိုကြည်အောင်တွေးမိပါတယ်၊ ပထမအရွယ်က တကယ်၊ ကျမငယ်ငယ်ကရယ်၊
ဆရာဆိုအောင်ဗလဆိုရာကရာဝယ် အရိပ်ပြလို့ အရောင်ထင်ဖွယ်၊ မိန်းမထက်တောင် မူပါသေးတယ်၊
တောမြိုင်လမ်းပေါ် ထမ်းခေါ်အုံးကွယ်၊ ဟိုရှေ့ဆီဝယ်သခင်ရယ်၊ တိုးအုံးတိုးအုံးမှာလား မိုးဆုံးလားရ (အောင်အောင်တမယ်) ၂
မြေဆုံးလားရ (မောင်မောင်ရယ်) ၂ ၊ ခြေသလုံးတော်ရယ်နာကျင်ဖွယ်၊ ငွေသလုံးတော်ရယ် နာကျင်ဖွယ်၊
အို ဆိုင်းကာသုတ်တဲ့ မောင်ဖုန်းရယ်၊ ဆိုင်းလှဲ့ပါအုံးကွယ်၊ တကယ် မဖယ် ဆိုင်းလှဲ့ပါအုံးကွယ်၊
ဟေမာကြော့ ခွေကာလျော့ ခြေနာသတော့လို့ ပြောတာတွေရယ်၊
ဒါတွေရယ်၊ သခင်ရဲ့လင်ရဲ့ ကြင်မကွယ့် တမင်ဖွဲ့ရှာ အဲဒါတွေကို မြင်ပြန်ပါတယ်။
လင်ချစ်တဲ့ တသာကီလင်ကြိုက်တဲ့တသာကီ၊ တိုင်းလေးဌာနီ ဝေးကွာခဲ့ပြီ၊ လင်ချစ်ပါတဲ့တသာကီ၊
လင်ကြိုက်ပါတဲ့ တသာကီ၊ တိုင်းလေးဌာနီ ဝေးကွာခဲ့ပြီ၊ ဘယ်ဆီဝယ် ရွှေပြည်ကြီးနီးရပါတော့မယ်၊
ဘယ်ဆီဘယ်ဆီဝယ် ရွှေပြည်ကြီးကိုဖြင့် နီးရပါတော့မယ်၊ (ဖုန်းလေးမှ မောင့်မဟာနွယ် / ကိုယ်တော်မဟာနွယ်) ၂
ဝေဟင်လမ်းဝယ်၊ ဖေတင်ထမ်းကွယ်၊ ယောက်ျားသယ်၊ အော်နောက်များဝယ်၊ သူ့ခြေအမိုက်ကို ကျမအမှီလိုက်ရတယ်၊
သခင်ရဲ့ကြင်မကွဲ့ တမင်ဖွဲ့ရှာ အဲ့ဒါတွေကို မြင်ပြန်ပါတယ်။
တော တော တောမဟီစွယ်၊ ဇော ဇော ဇောကလဲကြည်ပြန်တယ်၊ တော တော တောကမဟီစွယ်၊ မော မော မောမောလှပြီကွယ်
ဖဝါးခြေတော် သွေးဥစီတယ်၊ အမိတော့ဖြင့် မလိုက်နိုင်ဘူးကွယ်၊
ဖဝါးခြေတော် သွေးဥစီပါတယ်၊ အမိတော့ဖြင့် မလိုက်နိုင်ပါဘူးကွယ်။
(ပျို / ခင် ကြည်အောင် ယခုယိုင်ပင် စေ့စေ့တွေးတော့မှတ်မိသေးပါတယ်) ၂ ၊
မြိုင်ဝနာလယ် ထမီစွန်တောင်ဆွဲကာ သွားရင်းတပါးလင်သယ် မသနားရင်ကွယ် ဟောဒီ ကျားဆင် အလယ်ခင်အောင်နေရစ်မယ်၊
မြိုင်ဝနာလယ် ထမီစွန်တောင်ဆွဲကာသွားရင် တပါးလင်သယ်၊ မသနားရင်ကွယ်၊ ကျားဆင်လယ် ထားရင်ကွယ်၊ ခင်အောင်နေရစ်မယ်၊
(ကြာကြာသွယ် ကို ခင် အောင်ဗလကနွဲ့ခဲ့တာများရယ်၊ အလယ်လယ်လယ်) ၂ ၊ ကိုယ်တော်မောင်မောင်သခင်ကြင်နာအုံးကွယ်။
(ဦး ကို အောင်ဗလရဲ့ အမူအရာတွေရယ် ခုကာလထက် နွဲ့တယ် နွဲ့တယ်) ၂ ၊ မာယာဆောင် အပလိန်း အနန္တ သတင်၏ ဂုဏ်ဆောင်ဖွယ်၊
စုံအောင်လဲ သိပေတယ်၊ အော် ဖဝါးခြေတော်နာသတဲ့ မောင်မောင်ရယ်။
(တိုင်းကျော်ပြည်ကျော်ရယ်၊ ညွှန်းပဏာတင်ဖွယ်၊ ကိုအောင်ဗလကဉာဏ်စွမ်းထက်၊ အရာရာမျိုးမှာ စံထားဖွယ်) ၂
(သဘင် မြေဝိုင်းကို မစိုင်းပယ်ကာရယ်) ၂၊ အော် ခေတ်နဲ့လိုက်အောင် ကြံဆောင်ပြီးတော့ ကပုံတနည်း ဇာတ်ကြီးဓာတ်မီးနဲ့သွယ်၊
တမျိုးပဲဆန်းအောင် အဆင့်အတန်းလည်း မြှင့်တော်မူပါတယ်။
==============
ကြံတိုင်းအောင်
ရေး - ရွှေတိုင်ညွန့်
ချစ်သူ့အရေး တွေးမိသမောင် (ကြည်အောင်) ၂ မောင့်အလိုကျနေမယ်၊ လိုရာတကယ် ဆူပန်ခဲ့လေသလား မသိတယ်၊
သိလွယ်အောင်ပြောမယ်၊ မောင့်သဘောကျနားထောင်တော်မူပါကွယ်။
(လုံးဝတာဝန်ကျေပွန်ခဲ့တယ်၊ အိမ်ထောင်မှုကိစ္စ အသွယ်သွယ်၊ ခရီးဦးကြိုဆို လိုတာမရှိအောင် ပျိုကြည်အောင် ရွက်ဆောင်ပါတယ်) ၂
အနေတော်ကျပင် ရွှေပေါ်မြတင် မောင့်စိတ်မငြိုငြင်ဖွယ်၊ ပျိုကြည်အောင်ကို ချစ်ရက်သားနဲ့ ကို့မျက်နှာထားမကြည်တယ်၊
အရိုသေတရားရယ်၊ ပျိုမေထားတယ်၊ အကိုရေ သနားသင့်ဖွယ်၊ နိုင်ထက်စီးနင်း သဘောမှာထားရင် မကြည်အောင်တကယ်ကြောက်ပါတယ်၊
သံပြိုင် ။ (ကြည်ဖြူတယ်၊ ဤဇမ္ဗူဝယ်၊ တမိုးအောက်တယောက်မငြိုငြင်တယ်၊ ပျိုခင်တွယ်၊ သဘောစိတ်ထဲကရယ်) ၂
ယုံပါမောင် ကြံတိုင်းမြောက်စေဖွယ်၊ ကြံတိုင်းအောင် တေးစာရေးစီတယ်။
(ဘေးဘယာဝေးကွာလိမ့်မယ်၊ ပန်းသပြေညောင်ရေလောင်းတယ်၊ သွားလေရာ မျက်နှာမငယ်၊ ဆုတောင်းရက်ပါပဲကွယ်) ၂
(အကျိုးအကြောင်းကို အကုန်လုံးပြောမယ်၊ အုံ့ပုန်းသဘောတွေရယ်) ၂
မောင်အင်မတန်မျက်နှာထား အခြေပျက်တယ်၊ တဖက်သား အနေခက်တယ်။
(မြန်မာပြည်ဘောင် ကျက်သရေဆောင် တက်နေအရောင်ဘေးကင်းဖွယ်၊ တေးသီချင်းကို ရေးသွင်းခဲ့တယ်) ၂
မောင်နားထောင်ကွယ် ကြည်အောင်ကျမဆိုမယ်၊ ရွှေတိုင်ညွန့်စာရယ်၊
သာယာနာပျော်ဖွယ်၊ နားသောတဆင်ယင်တယ်၊ ကြံတိုင်းအောင်တယ်။
သံပြိုင် ။
===========
ညီလာခံ
ရေး - လှည်းတန်းဦးလူကလေး
၁၉၃၉ စက်တင်ဘာ
ရွှေဘုန်းတော်ရောင်၊ တပြောင်ပြောင် ဝေဆာ၊ ကြေညာလှိုင်ကြူ၊ ထီးတရာပဏာကြို့ ရာဇာတို့ထွတ်မှန်ကူ၊
သောင်းဇမ္ဗူမှာဖြင့် ပြိုင်သူဆိုင်သူ ကင်းဝေးတော်မူ၊ နေနွယ်သမ္ဘိန်တဆူ (တရားမှန်စွာယူ) ၂
(ပြည်သူကြည်ဖြူ အပေါင်းလူတို့) ၂ ၊ ဗွေသဖန်းရေဖြန်းဆင်သမို့ (ကြငှန်းရှစ်ဆူ မိုးတော်မူ) ၂
(နေနှုန်းသမ္ဘာရောင်တူ) ၂ ၊ ရာဇာအာဏာရှိန်သမ္ဘိန်နွယ်တော်မူ၊ ဘွေသီဟာ ရွှေညီလာ မဟေသီနှစ်ဖြာစိုက်ထူ၊
ဘုန်းတော်ရောင်ကြီး ထီးတရာသရဖူ၊ (မတ်ပေါင်းအခြွေအရံ မြတ်ကြောင်းဝေဇယန္တာ ပမာအလားတူ) ၂
(သတ္တဝါဗိုလ်လူ ဦးခိုက်ညွတ်ကျိုးလက်စုံမိုး ဝပ်လျှိုးထွန်းလို့) ၂ ၊ (လေးကျွန်းမြင့်မိုရ်နှိုင်းလို့မဖြူ၊ နတ်လူသတ္တဝါ ဗြဟ္မာမနေမူ) ၂
(နိဗ္ဗာန်အများ သိကြားတူတူ) ၂ (ရိပ်ဖြူမိုးလို့ အုပ်စိုးစံပယ်သူ) ၂ ၊ ရေမြေ သမုဒ္ဒရာ ခပင်းကိုပါ များဝပ်တွားလာ
(သက်တော်ရှည်တော်မူ၊ အပေါင်းခပင်းတို့အောင်ခြင်း တူတူ) ၂ ၊ (ဗြဟ္မာနော သမ္ပန္န အောင်ရာသံကြွေး ဘုန်းတော်ရောင်ရှိန်ပြေး) ၂
တိုင်းရေးပြည်ရာ ကြည်သဒ္ဓါ မနသီကြွေး၊ နိုင်ငံသာယာအေး။
===========
ဇာတိနွယ်
ရေး - နန်းတော်ရှေ့ဆရာတင်
လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာစားကြသည်၊ ခင်မဒီရင် ခင်ငယ်ငယ်က တေးဆိုကြ မြူးပျော်ကြ
ဟေ့ သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ် ဆင်ရှစ်ခွင်ကမဲ မိုးရွာမလိုလိုနဲ့ဘဲ ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်။
တောရွာသူတို့အိမ်ဝယ်၊ မိန်ဘွယ်ပ ထမင်း မိုးမျှော် ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ်၊ ဒေါင်းလန်းကြီးရဲ့အလယ်။
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်။
မိုးတိမ်ယံ အာကာဝယ် ယာလယ်ပြင်လမ်းမှာလ ထန်းပင်ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်၊
ကျမတို့ ရိုးရာဇာတိနွယ်၊ အော် လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လယ်ပါတယ်နော်ကွယ်၊ ပျိုရဲ့ညိုနွဲ့ကြိုလှဲ့ပါဆံကေသွယ်။
ညီညွတ်ရေးနဲ့ ... ... ပိုချစ်ကြတယ်။
တံစို့ပေါ်မှာ ကင်တယ် မောင်ရယ်၊ ဆူရင်ခတ်ပြီး ဆူးပုပ်ကန်စွန်းပေါင်းနဲ့ ရေအင်တုံဝယ်၊ သောင်းပြောင်းရောလို့ရယ်။
ညီညွတ်ရေးနဲ့ ... ... ပိုချစ်ကြတယ်။
ချောင်းပေါ်မှာ ဖြတ်လာတဲ့ ပတတ်ကလေး နီကျင်ကျင်ရယ်၊ နွယ်ကြိုးမျှင်နဲ့သွယ်၊ အော်ငယ်မူကို မဖျောက်နိုင်ဘူး
ပျော်လောက်ဖွယ် လွမ်းပါဘိတယ်၊ ပျို့ဇာတိနွယ်၊ နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ်။
ညီညွတ်ရေးနဲ့ ... ... ပိုချစ်ကြတယ်။
မှတ်ချက် ။ ။ ဤသီချင်းကို လေဘာတီဒေါ်မြရင်က 'လက်ရေတပြင်တည်း' အမည်ဖြင့် သီဆိုဖူးပြီး ယခုခေတ်တွင်လည်း ဦးဖူးအံ့က 'လက်ရေတပြင်တည်း' အမည်ဖြင့်ပင် ပြန်လည်သီဆိုရာ 'ကျမတို့ရိုးရာ ဇာတိနွယ်' အစား 'မြရင်တို့ရွာဇာတိနွယ်' ဟု ပြင်ဆင်ပါသည်။
===========
မိဘမေတ္တာ
ရေး - ရွှေတိုင်ညွန့်
သားတို့ ရုပ်ရည်၊ သီတာ ငယ်မည်၊ ရေကြည် ချမ်းမြ တပေါက်ကလေးကျရုံနဲ့ မိဘတို့ဝမ်း ငြိမ်းစတမ်းတည့်၊
အသဲနှလုံး သားနဲ့ပင်တူညီ၊ ကြီးမားသောမေတ္တာဂုဏ်ရည်၊ မာတာပီတုဥပဋ္ဌာနံ ပုတ္တဓာရဿ သင်္ဂဟော
မိဘတို့အားလုံး သားသမီး မုန်းတယ်လို့ ဆိုထုံးမရှိဘူးတဲ့ရှင်။
(သံယောဇဉ်အတည်၊ ကြည်လင်တဲ့အရေး အော် ကိုယ့်ရင်သွေး ထွေးပိုက်လို့ချီ) ၂
(အရွယ်မတိုင်မီ မိဘများ ပိုးမွေးသလို မွေးကြရပြန်သည်၊ အနန္တဂုဏ်ရည်၊ ပျိုကြည်အောင် ကျေးဇူးတွေတင်သည်) ၂
(ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်အောင်မွေး လုပ်ကျွေးခဲ့သည်) ၂
လူလားမြောက်လို့ လာပြန်လျှင် အဆင်ခြင်မထား မှားတတ်သည်၊ ဥပမာပုံခင်းစရာပါ့ အဇာတသတ်မင်းသား ယွင်းမှားပုံကိုရည်။
(မွေးသဖခင် ကျေးဇူးရှင်ကိုအတည်၊ မတရားသက်သက် ရက်စက်လေတော့သည်) ၂
သူ့သားတော်ကလေး မွေးတော့ ထွေးပိုက်ကာပင် မြပုခက်တွင် ဧယာဉ်ကျူးလို့ (ထူးထူးငယ်စုံလင်သည်) ၂
မေတ္တာတော်ဂုဏ်ရည် ထင်ရှားခဲ့လေသည်၊ ဧကပုတ္တတရားနဲ့ အညီ ဥရဒယဘဒ္ဒသညာအတည်၊ ကြင်နာသည်၊
ရင်သွေးဟူက ချစ်မဝနိုင်သည်၊ ကရုဏာ ပိုမိုကာအတည်၊ မှက်ခြင်မသန်းရအောင် ပင်ပန်းရသည်၊
မယ်တော်ဘုရားစကားတခွန်းလောက် မေးစမ်းပါရစေ၊
ကျွန်ုပ်၏မွေးသဖခင်သည် မေတ္တာသဘောချစ်ပါသလော ပြောပြပါ အခါခါမေးလေသည်။
(ဝေဒေဟီဖြေမဆည်နိုင်ပြီ) ၂ ၊ (ချစ်တာတွေ အမေပြောပြပါမည်၊ ခမည်းတော်ဘုရားရဲ့အပေါ် အထင်တော်မမှားသင့်ပြီ) ၂
(မင်းအပေါ် အကြင်နာ သနားတာတွေ ပိုပါသည်၊ သားလူမမယ် ငယ်ရွယ်စဉ်က အတည်) ၂ ၊
(တကျွန်း ခူနာကြီးရယ်ကြောင့် ငြီးကာငိုရှာသည်၊ မောင့်ဖခင်အာခံတွင်းမှာ သွင်းကာသိပ်ရသည်) ၂
အော် ချစ်လှတဲ့သားပေမို့ အမေရင်ထုကာ မရှုရက် နိုင်ပါသည်၊
မင်းအနာ မသတီလောက်စရာပ ပြည်ပေါက်တာတောင် မျိုကာချပြန်သည်။
(ရွှေတိုင်ညွန့်ကအကိုးအကားနဲ့ စာကိုစီ၊ မိဖနဲ့သား ခင်မင်ပုံများ ဆင်ခြင်တုံတရားထားသင့်သည်) ၂
အဖသတ်သားငါးဆက် ရှေးဝိပါက်ဆုံသည်၊ အဇာတသက်ကစ၍ တွက်ကာရည်၊ သိမှတ်ကြစရာ အတည်၊ ဇိနတ္ထပကာသနီ၊
ဖြစ်တော်ပေါင်း အကြောင်းသိမည်၊ ပျိုကြည်အောင်ညွှန်ပါရစေ၊ ဗဟုသုတနဲ့စုံအညီ၊ အမျိုးသမီးများရှုကြစေကုန်သတည်း။
=================
ရွှေလမ်းငွေလမ်း
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၄၁
ဘုရားဂုဏ်တော်ကိုမီ၊ တရားဂုဏ်တော်ကိုမီ၊ သံဃာတော်မြတ် ဂုဏ်တော်ကိုမီ၊ ဆရာမိဘဂုဏ်တော်ကိုမီ၊
မြန်မာပြည်အမှန်ကောင်းစားမည်၊ မကြာမီအမှန်ကောင်းစားမည်၊ ခေတ်ပြောင်းတာ မြေကြီးလက်ခတ်မလွဲကြသည်၊
အရှည်ကြီးလဲထပ်ကာထပ်ကာ ပြောမပြချင်ပါသည်၊ ကုသိုလ်သဒ္ဓါပွား၍ ဘဂဝါဘုရားကို ရှိခိုးဝန္ဒာချီ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်၊ ကောင်းကျိုးချမ်းသာကျက်သရေအပေါင်းနှင့် ပြည့်စုံကြပါသည်၊
အားထားခြင်းမှာအတည်၊ များစွာဖြစ်လာမည်၊ ကုသိုလ်တရားကိုပွားကြပါသည်၊ သားသမီးအများနဲ့
အဖေရော အမေရောနေသော ဟဒယနဲ့ကြည်၊ ဘုရား၏ တန်ခိုးအားကြောင့် ရွှေတွေပေါငွေတွေပေါ ကုဋေဇောကြွလာမည်။
သံပြိုင် ။ (ရွှေသူဌေးရယ် မနှေးမုချဖြစ်အုံးမည်၊ ဥစ္စာပေါကြည်သောမနောတည်) ၂
ဆီများကိုရေချိုးကာ ဆေးရိုးကိုမီးလှုံသည်၊ ရေပြောင်းမြေပြောင်းအထွေထွေကောင်းရသည်၊
ဘုရားဂုဏ်တရားဂုဏ် ယုံယုံကြည်ကြည်ရှိကြသည်၊ ရွှေလမ်းခင်း ငွေလမ်းခင်း မြန်မာပြည်မှာ ဝင်းဝင်းတောက်တော့သည်။
(အမှန်ကောင်းသော အတိတ်နဲ့ပြည့်ဝပေါသည်၊ ဒါမှချမ်းသာမည်) ၂ ၊ ဂါရဝ တရားများနဲ့ အမြဲ ရည်စူးလျက်ဦးစွာပင်
ရှင်ပင်ဘုရားကို ခဝပ်တွားရပေသည်။ ရတနာစီးပွားဥစ္စာ တိုးပွားအုံးမယ်ရှင့် တန်ခိုးလဲကြီးရသည်။
သံပြိုင် ။
အပ္ပမာဒေန သမ္ပာဒေထ ဂုဏ်တော်များကို ကြည်ညိုအပ်သည်၊ (ကာမောဃ ဘာဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃ မလွန်ဆန်နိုင်ကြတဲ့အများ) ၂
ကိုယ့်တာဝန်အညီ ကြိုးစားကြရပေတော့မည်၊ အမျိုးသမီးများ အမျိုးသားတို့ မြန်မာပြည်။
သံပြိုင် ။
မန္တလာပြည် စံဌာနီ၊ ဟံသာဝတီ၊ တလိုင်းနဲ့ မကျန်ပြီ၊ ကမ္ဗောဇပါ ရှမ်းတို့သည်၊ အမှန်ကောင်းစားကြတော့မည်၊
ကေတုမတီ၊ ဗုဒ္ဓဘာသာ သာသနာသည်၊ ကြာပဒုမ္မာ ပွင့်လာချိန်တန်ပြီ၊ ရွှေဘုန်းတော်တွေ တိုးပြီးသောအခါ ငွေမိုးရွာမည်၊
မြန်မာတို့ပြည်ကုန်သည်ဘဝနဲ့ သူဌေးများလဲ တိုးပွားမည်၊ မင်းစိုးများလဲ တန်းခိုးထသည်၊ ဧကန်အတည် ဆရာတင်နန်းတော်ရှေ့စာစီ။
သံပြိုင် ။
===========
ဗမာ့သွေး
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ အောက်တိုဘာ
မြန်မာ့ဂုဏ်ရည် ဘုန်းကံရှင်များ ထင်ရှားခဲ့ပြီ၊ ကုန်းဘောင်နွယ်ရိုး သခင်မျိုးဖြစ်သည်၊
ခေတ်သစ်ထူထောင်မည်၊ အရေးတော်ပုံအောင်ပါစေ၊ နောင်လာနောင်သား ကောင်းစားကြပေမည်။
(ဗုဒ္ဓဘာသာအစဉ် မညှိုးပါသဖြင့် သခင်ရိုးရာအစစ် တထစ်ချယုံကြည်) ၂
(နေတနှုန်းတမာ ဘုန်းသမ္ဘာ ကြီးမြတ်တော့သည်၊ ဇာတိသွေးကိုမွေး အားပေးသင့်ကြပြီ) ၂
(ဗမာသတ္တိကို သိကြလိမ့်မည်၊ မကြောက်တတ်ပါသည်၊ မရွံ့တတ်ပါသည်၊ အော် စွမ်းတဲ့စွမ်းရည်၊
တို့ဗမာအာဇာနည်၊ မျိုးမဟာသာကီ၊ တို့ဗမာအာဇာနည်၊ ကမ္ဘာသိအောင်ကြံစည်၊
အမျိုးသမီးအမျိုးသား နိုးကြားသင့်ကြပြီ၊ ခေတ်သစ်ထူထောင်မည်) ၂ ၊ ဗမာပြည်ကြီးအောင်ပါစေ။
သံပြိုင် ။ (ဘုန်းရှိန်ရော မတိမ်ကောသည်) ၂ ၊ လာပြီ တို့ဇာနည်၊
မျိုးရိုးကောင်း အကြောင်းပြမည်၊ အထင်မသေးနှင့် ဇာတိစစ်ဆေး သခင်သွေးဖြစ်ပါသည်။
(စွမ်းရည်သတ္တိညီ၊ တို့ဗမာဂုဏ်ရည်၊ ဧကရာဇ်မင်းတေဇာလင်း ဝင်းပြောင်လာတော့သည်။
ယခင်ရှေးခေတ်မှာအစဉ် တွေးရစ်စရာ သခင်သွေးဖြစ်ပါသည်) ၂ (ဘုန်းကံရှင်တွေစုံအညီ၊ ပြောကာပြအုံးမည်) ၂
လက်ရုံးဘက်ကတော့ ပြူစောထီးလွန်ကြီးမားသည်၊ ပညာဉာဏ်ဘက်ကတော့ အနန္တသူရိယအမည်၊
စလေဦးပုညနဲ့ ဝန်ဇင်မင်းရာဇာပါ များစွာရှိသေးသည်၊ ရေးလို့ဖြင့်မကုန်နိုင်ပြီ၊
ဗမာအမျိုးသားများရဲ့ တို့ဂုဏ်ရည်၊ နွယ်သာကီစိုးမိုးလာခဲ့ပါတဲ့ ရာဇဌာနီ၊ တိုင်းမြန်မာပြည်။
သံပြိုင် ။
(တို့ဗမာအမျိုးသမီးများမှာလဲ ထင်ရှားခဲ့ပေသည်၊ မချို့ပါ အားလုံးဘုန်းတန်းခိုးနဲ့ တိုးတက်ကြအုံးမည်) ၂
(မိဘုရားစောက ကျော်စောခဲ့ပေသည်) ၂ ၊ ကျမ်းဂန်တတ်တဲ့ ကုမ္မာရီ ရှိသေးသည်၊ အမှန်ပင် သတင်းကြီးခဲ့သည်၊
သံပျင်မင်းသမီးရဲ့အမည်၊ စွမ်းတဲ့ ကုမ္မာရီ၊ ရဟန်းတော်များကိုတောင် စာဝါချလို့ ပြရပေတော့သည်၊
နွယ်သာကီ စိုးမိုးလာခဲ့ပါတဲ့ ရာဇဌာနီ၊ တို့တိုင်းမြန်မာပြည်။
===========
အင်္ဂုလိမာလ
ရေး - ရွှေတိုင်ညွန့်
အိမ်ထောင်ညွတ်ကွင်း သံချိုင့်တွင်းမှ မလွတ်ကင်းနိုင်ကြတဲ့ ဣတ္ထိယမိန်းမများတို့သည်
ပဋိသန္ဓေကိုယ်ဝန်နေ၍ မသွေမုချမွေးဖွားလာရပေလိမ့်၊
ခရားမှရေသွန်သလို ဝန်လေးလှတဲ့ဤဒုက္ခမှ မြတ်လှတဲ့ပရမံ ဧကန်ရတာ ညွှန်ပြချင်ပါသည်။
သောတ္ထိနာဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္ဇသာဇေတိသင်္ခဏ၊ သောတ္ထိနာ ချမ်းသာစွာဖြင့်၊
ဂဗ္ဘဝုဋ္ဌာနံ မနာမကျင် ကိုယ်ဝန်ဖွားမြင်ခြင်းသည်၊ သင်္ခဏ ထိုခဏ၌၊ ယဉ္ဇသာဇေတိ ပြီးစီးနိုင်ပေသည်လို့
ဤကဲ့သို့ စောသတ္တပါရဂူသယမ္ဘူထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသခင်သည်
မဇ္ဈိမပဏ္ဍာသ၌ ထုတ်ဖော်ညွန်ကြား ဟောထားတော်မူလေသည်။
သာဝတ္ထိပြည်တိုင်းရာဇဌာနီ၊ ကောသလဘုရင် ထီးဖြူအုပ်ချုပ်မင်းလုပ်တော်မူသည်၊
ထိုစဉ်အခါမှာ သမ္ဘာအရှိန်ကြွပါတဲ့ ဟိံသကကိုသန္ဓေတည်၊ သေချာစွာ ဇာတာစစ်တော့ ညဉ့်ကာလကိုမီ၊
ကောင်းကင်ဒီပါ အာကာအားလုံး အုတ်အုတ်ကျက်ကျက်ညံညံစီစီ၊ မြေငလျင်တော်လဲကာ တခဲနက်တော့သည်၊
အတိတ်နိမိတ်တွေအထူးပင် ဖန်လာသည်၊ မိခင်မန္တာနီ အသွင်ရှုမဝတဲ့ အင်္ဂုလကို ဖွားမြင်တော်မူသည်။
ငယ်မည် ဟိံသကတဲ့ အင်္ဂုလိမာလသည်၊ လူလားမြောက်ပါလို့ အရွယ်ရောက်တဲ့အချိန်ခါမီ၊
တက္ကသီလံဆရာထံ အပ်နှံလေတော့သည်၊ ပညာတွေစုံလင်ပြန်တော့ ဟိံသကခမျာကို မနာလိုကြသည်၊
အပေါင်းအဖော်တွေစုံညီ၊ ဆရာသခင်ကြင်သက်ထားနဲ့ မှားယွင်းကြတယ်လို့
ဤကဲ့သို့ လိမ်ဉာဏ်နှောက်ကာ တင်လျှောက်ကြပြန်သည်၊ မယားထိပြန်တော့ အချိအောင်နာလှသည်၊
တပည့်ကိုသေစေရန် ဉာဏ်အခြေတစ်မျိုးနဲ့ လှံအရှည်ထိုးလို့ လက်ညှိုးတစ်ထောင် ရအောင်ဖြတ်ခိုင်းသည်။
ဆရာ့စကားကို သွေမဖယ်သပ၊ မြေဝယ်မကျအောင် သူနားစိုက်ခဲ့ပြီ၊ အားတိုက်ပင်ကြံစည်၊
လူမြင်တိုင်း ညာလက်ညိုးကို ထိုးဖြတ်တော့သည်၊ ရွာကြီးရွာငယ် အခြေပျက်လို့ အသက်ဘေးကြောင့် ပြေးခဲ့ရလေပြီ၊
ထီးဘုရင်မှာ တပ်ချီထွက်၍ လက်ရဖမ်းတော့သည်၊ မွေးမိခင်မန္တာနီ၊ သားအသက်ကို သေမှာနှမြောလို့
(ဇာလီယမြိုင်တောတန်းဆီ) ၂ ၊ လှမ်းခဲ့ပါပြီ၊ ပန်းနွဲ့ရှာသည်၊
အင်္ဂုလိမာလသည် တစ်ထောင်သောလက်ညိုးမှာ တစ်ချောင်းသာလိုတော့သည်။
အော် ကျေးဇူးရှင် ခေါင်သနင်းနဲ့ ပက်ပင်းပါဆုံလို့ မြိုင်ကနက်မှာ အခက်ကြုံလေပြီ၊
ဟင် မိခင်လေသော ဘာလေသောလို့ ကျောကမဖြုံ တောရဂုံတွင်းဝယ် ဓားပိုက်ကာ တအားလိုက်လေပြီ။
ထွတ်ဘုန်းခေါင် ပရမေ သုံးလူ့ဆွေသည်၊ မဟာကရုဏာမျှော်စိတ်တော်ခြွေ၍
ဇေတဝန်ဝိဟာမြတ်မှာ သမ္မာပတ်နှင့် တတ်အပ်မြင်လေသည်၊ အင်္ဂုလိမာလဟိံသက ထိုသူသည်၊
မွေးသမိခင်ပဉ္စာနန်ကြောင့် နိဗ္ဗာန်ဝေးချေတော့မည်၊
အန္တိမဘဝိကာမှန်ပေသောကြောင့် စေဗုဒ္ဓပရမေအရှင်သည် ဧဟိဘိက္ခုခေါ်တော်မူသည်၊
ကြည်ညိုစရာပ အင်္ဂုလိမထေရ် တန်ခိုးတော်တေဇောတွေးမျှော်ကြည့်တော့ ယတော ဟံဘဂိနိ အစရှိသည့်
ဤမန္တာန်သည် အမွေးလွယ် အဖွားလွယ်တယ် ဘုရားတကယ် ဟောသည်၊
မနောစိတ်ကယုံကြည်၊ မကြည်အောင်တေးကို ရွှေတိုင်ညွန့်က စီရေးလိုက်ပါသည်။
==============
ဦးနုစကားပုံ
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ စက်တင်ဘာ
ဟိုရှေးထုံးအစဉ် မပယ်စေချင်သည်၊ အမြဲထင်မြင် ဆင်ခြင်မှတ်သား သူတော်ဦးနုစကား။
မှတ်သားလောက်စရာ ကျမပြောပြမည်၊ သေသေချာချာ ယုံစားပါကြအတည်၊
လူကြီးရဲ့စကားရှိတာ ချင့်ချိန်လို့သာ တကယ်ပဲကြံဆ
(တွေးကြစရာ အရေးထားဖို့ ဆိုပြပါအုံးမည်၊ အဆိုးအကောင်းကို အများသိဖို့ သတိပေးပါရစေ) ၂
အဟုတ်အမှန်လည်း သိပါစေ၊ အလုပ်ကြံဆိုတာလည်း ရှိပါအတည်၊ အဟုတ်အမှန်လည်း သိမှ
သံသရာအေးပ၍ အနေကျယ်မည်၊ အလုပ်အကြံဆိုတာလည်း ရှိမှ ဆန်ရှာရေးလှ၍ အခြေတကယ်တည်။
ဗုဒ္ဓဆရာတွယ်ရသည်၊ ရုပ်လှတာကိုပယ်ရမည်၊ ဗုဒ္ဓဆရာတွယ်မှ အေးမြကာကြည်၊
ရုပ်လှတာကိုပယ်မှ ဘေးပကွယ်မည်၊ သေရည်ကို မသောက်နဲ့ ရေကြည်ကို မနှောက်နဲ့၊
သေရည် သောက်ပြန်တော့အပယ်ဘုံ ကျလိမ့်မည်၊ ရေကြည်နှောက်ပြန်တော့ အနှယ်မှုန်တွေ ထတတ်သည်၊
ဆုံးမစာစကားပုံ အလီလီ၊ ယုံယုံကြည်ကြည် ပညာကျော်ဦးနုသည် နောင်လာနောက်သား ထင်ရှားစေရမည်၊
အမြင်ကျယ်သည်၊ အစဉ်တကယ်ညီ၊ အဖိုးတန်သည်၊ ထူးလိုက်ပါတဲ့ ဉာဏ်စွမ်းရည်။
ဂေါနမံသံကို မစားပါနဲ့အတည်၊ ကောဓခြံရံကို မပွားနေရမည်၊ ဂေါနမံသံစားတော့ မိဘသဖွယ်ဖြစ်ပေသည်၊
ကောဓခြံရံပွားတော့ အဓိကရ အပါယ်နစ်ချေမည်၊ မီးကိုအကြွင်းမထားနဲ့ ခရီးကို အပြင်းမသွားနဲ့၊
မီးကိုအကြွင်းထားတော့ ထင်အရှားပွားတတ်သည် ခရီးကို အပြင်းသွားတော့ အစဉ်တရားမှားတတ်သည်၊
များမှတ်စေဖို့ သို့ကလို စာစီ၊ (ရှေးစကားပုံညီ ရေးမကုန်ပြီ) ၂ ၊ အမြင်ကျယ်သည်၊
အစဉ်တကယ်ညီ၊ အဖိုးတန်သည် ထူးလိုက်ပါတဲ့ ဉာဏ်စွမ်းရည်။
(ရှေးစကားပုံ အညီ ယုံကြည်မှတ်သား ပညာဉာဏ်ပွားမည်) ၂
(ပေါင်းသဟာ အကြာင်းသာဓက ဓုသာ ရူပါ ဥပမာညွှန်ပြမည်၊ စွဲကာအမြဲထာဝရ ရှင်လူအပေါင်းသည် အထူးပင်မမေ့ကောင်းသည်) ၂
တရားမပျက်တဲ့စံဌာနီ၊ ပတ္တမြားထွက်တဲ့မြန်မာပြည်၊ ရွှေတိုင်ညွန့်ကဗျာ ရေးကာစာကိုစီ၊
(ရှေးစကားပုံအညီ ရေးမကုန်ပြီ) ၂ ၊ အမြင်ကျယ်သည်၊ အစဉ်တကယ်ညီ၊ အဖိုးတန်သည်၊ ထူးလိုက်ပါတဲ့ ဉာဏ်စွမ်းရည်။
=============
စွယ်တော်ခိုးခန်း
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၄၁ မတ်
သာသနာတော်ကြီး နီးလှပါပြီ၊ ဗုဒ္ဓဝင်ကို ရွယ်မျှော်ကိုးကာ စွယ်တော်ခိုးခန်း တမျိုးဆန်းလာပြန်ပြီ၊
(ပတ္တမြားပလ္လင်ရိပ်နန်းဆီ၊ ဘုရားသခင်ဖြင့် နိဗ္ဗာန်သို့ မြန်းလေပြီ) ၂
(ရှင်အာရစံဈာန်သမ္မာပတ်နဲ့ လှမ်းကြည့်ရာ လွမ်းမိရှာတော့သည်) ၂ ၊ မှားလေစွ၊
မသမာဉာဏ်ချယ်၊ သမဏာနမ်ခေါ် ပုဏ္ဏားဖော်ရယ်၊ ပုဆိုးကြားနံငယ်၊ စံပယ်ဖွက်သော် လက်ဝဲစွယ်တော်၊
ပူဇော်ရန်ဖို့ရာ၊ ဂန္ဓာလရာဇ်ပြည် ရှင်အရဟံပင့်၍သာ ကြွရှာပြီ၊ လိုရာစခန်း မြန်းပေါ့ဒေသစာရီ။
ခေါင်းပေါင်းအလယ်ကြားမှာ စံတော်မူလေသည်၊ လက်ျာဘက်က စွယ်တော်မြတ်တို့ကို
တကယ်ရအောင် ဖွက်တော့ပြန်သည် ရှစ်ပြည်ထောင်ရာဇမဟာဆီ၊ ကံအားကိုမီ၊ ဒေဝါနတ်များတို့သည်၊
ပိုင်တော်မူသော ဘိုးတော်သကြားမင်းသည်၊ လူ့ပြည်ရှုတော်မူသည် ဒေါနပြည်ပုဏ္ဏား ခေါင်းပေါင်းကြားက
စွယ်တော်မြတ်ကို ဘုရားရှိသကဲ့သို့ စေတီတည်ဖို့ရန် ကမ္ဘာတည်အောင်ပင် မပြုနိုင်တာ မြင်ပြီ၊
ခိုးယူဆောင်နှင်းသည်၊ တာဝတိံသာနတ်ပြည်၊ ရမ္မာဝတီ မာဃသိကြား ယူလာသည့် စူဠာမဏိစေတီတော်ကိုတည်။
ဓမ္မိဿာရစောဇိနံ အမွေတော်ခံပြီ ကြံကြံစည်စည် ဒေါနပုဏ္ဏားမှာ ကြည်ညိုသဒ္ဓါပွားလွန်လွန်းသည်၊
မဆင်မခြင် အပြင်ပြင်မှားသည်၊ အောက်လက်ျာစွယ်တော်မြတ်ကို ခြေမကြားမှာ ထားကာဖွက်သည်၊
တလောကပြည်၊ ဘောဂဝတီ၊ နဂါးတွေဆီ၊ လူ့ရွာကိုရှုကာ မြင်လျှင် ဆင်ခြင်ကြည့်လေသည်၊
ဥယျာဉ်ဝဆီ ဖူးမြင်ကြသည်၊ ကုဿိန္ဓရုံပလ္လင်မင်းနဲ့ အင်ကြင်းမြိုင်ဝနာမဟီ၊
မကြာမီ နဂါးတန်ခိုးနဲ့စွယ်တော်ခိုးယူပြန်လေသည်၊ လိုချင်သောဇောဟဒယနဲ့ သူလောဘသာ ရှာကြံဖွေတော့သည်။
(ဘုံသုံးပါးမှ ဘုရားစွယ်တော် ပင့်သွားပြန်လေသည်) ၂ ၊ မလ္လာမင်းများနဲ့ သိကြားနတ်များတို့သည်
အောင်စည်တီးကာ တိုင်းပြည်ကြီးသို့ဝင်လေသည်၊ ပရိဘောဂစေတီဥဒ္ဓိဿနဲ့ ရည်မှတ်ပူဇော်သည်၊
(စွယ်တော်ကို အရှင် ခိုးယူသွားသူရဲ့ မိုးသိကြားရယ်နဲ့ ရဟန္တာရှင်မထေရ်) ၂ ၊ နတ်နဂါးတွေဆီ၊
ဘောဂဝတီသို့ (ငါသာဝေသည်၊ ငါသည် ဘာမှ မရပါကလား) ၂ ၊ ဒေါနပုဏ္ဏားယုံစားမိသည်၊
အိပ်မှုန်စုံမွှားငိုအားနဲ့ ရီ၊ သူရိယဓာတုဓာတုစေတီ၊
တည်ကာထားတဲ့ ပတ္တမြားအိုးသာ ကျန်တာ မူလအတည်၊ မူရမည်၊ နန်းတော်ရှေ့စာစီ။
============
တေဇသုနေမ
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ ဒီဇင်ဘာ
ဘဝက အသင်္ချေအနန္တရယ်က ပန်သခဲ့ပါတဲ့ ပါရမီတွေရယ်၊ ဘုရားအလောင်းတော် အကြောင်းမျှော်ဆဖွယ်၊
ဓမ္မတရားနဲ့များစွာညီညွတ်တယ်၊ သဒ္ဓါရည်မနွမ်းခဲ့တဲ့ ပါရမီခန်းကို လမ်းညွန်ပြချင်ပါတယ်၊
(နန်းသလွန်မြတ် ရွှေအတိသဉ္ဇာမှာ တေမိဘုရင်မဟာ ပဉ္ဇူဥတင်ပွင့်စဉ်တုန်းခါ လျစ်လျူရှုချင်တဲ့ တရားသဘောနဲ့ကြံရွယ်၊
စကားမပြောဘဲ ဘာဝနာအလီလီကြံတယ်) ၂ ၊ ထိုနောက်တဖန် ဇနကမင်းဖြစ်စဉ်ကတော့ လုံ့လကို အထူးရွယ်
သမုဒ္ဒရာကိုကူးတယ်၊ ထူးပါဘိပါရမီအရှင်ရယ်၊ နမာမိအစဉ် ဦးတင်သပါတယ်။
သည်းညည်းခံတဲ့ ပါရမီတွေရယ်၊ ဂုရုဓမ္မမျှတယ်၊ သုဝဏ္ဏသျှံဘဝရယ်၊
မချိအောင် မြားကိုယ်မှာခသော်လည်း အမှားဆိုသမျှ အပြစ်အနာတွေကိုပယ်၊ တရားအလိုကျသစ္စာဆိုမယ်၊
ဘေးဥပါဒ်အန္တရာယ်ကင်းလွတ်ပြန်ပေတယ်၊ ပါရမီရင့်သန်ပါလို့ရယ်၊
မိဘနှစ်ဖြာ မျက်စိနှက်ဖက်လင်းပြီးတော့ လက်တွေ့ချက်ချင်း ရွှေအိုးရတော်မူပြန်တယ်။
(ကောင်းမှု ကုသိုလ်အခြေရှိတဲ့ နေမိဘုရင်ရယ်၊ ထူးခြားပါပေတယ်) ၂ ၊
ဝေဇယန်ဘုံလယ် ရထားနှင်ကာပဲ သိကြားမင်းကလည်း ဆောင်းကြဉ်ရတယ်၊ လူ့ပြည်မှာမကျန်ဖွယ်၊
နတ်ပြည်ကိုလည်း ငရဲပြည်ကိုလည်း တကယ်ပဲ ရောက်ခဲ့တယ်၊ ဘဝက ဒါနသီလရယ်
(မနွမ်းကယ်ဆန်းကျယ်) ၂ ၊ အဋ္ဌကထာအကြောင်း မျှော်မှတ်ဖွယ်၊ ဘဂဝါလောင်းတော်မြတ်ကယ်၊
လွန်စွာပင်သဒ္ဓါကြည်နူးထူးပါဘိ ပါရမီ့ရှင်ရယ်၊ နမာမိအစဉ် ဦးတင်သပါတယ်။
ငွေစန္ဒာသော်တာတမျှငယ်သို့ မဟောသဓာဘဝရယ်က ပညာ့ဂုဏ်ရောင်ခြယ်၊
စံဘက်မရအောင် ဉာဏ်လက်စတွေ ပြတော်မူပြန်တယ်၊ ဆယ်ဖွဲ့ဝင် ထင်ရှားမှတ်ဖွယ်၊
မြတ်လှပါတဲ့ ပါရမီ အထူးပင်စုံညီတယ်၊ အဋ္ဌကထာအကြောင်းမျှော်မှတ်ဖွယ်၊ ဘဂဝါ အလောင်းတော်မြတ်ရယ်၊
လွန်စွာပင် သဒ္ဓါကြည်နူး ထူးပါဘိ ပါရမီ့ရှင်ရယ်၊ နမာမိအစဉ် ဦးတင်သပါတယ်။
================
မချစ်ဘဲမနေနိုင်
ရေး - ရွှေတိုင်ညွန့်
၁၉၃၄ ဇူလိုင်
ဇမ္ဗူဒီပါ လေးကျွန်းပိုင်တဲ့ စကြာဝတေး မန္ဓာတ်မင်းသော်မှ ချစ်တဲ့စိတ်ထား တားမြစ်ခြင်းငှာ မစွမ်းနိုင်လေတယ်၊
ချစ်မိလေစွတကား ခင်မိလေစွတကား ကာမဘုံသားတွေရယ်၊
(မချစ်ဘဲလည်း မနေနိုင်တယ်၊ သဘောစိတ်ရင်းတိုင်း မှန်တာကိုပြော၊ သောတရှင်မောင့်ကိုသာပင် စွဲမြဲနှစ်သက်တယ်) ၂
(ရေမြေတောင်တော လောကဝယ်၊ ဒီပါလုံးဆုံးစေကွယ်တဲ့၊ အချစ်နယ်က ကျယ်လွန်းတယ်၊ လေးကျွန်းရယ်၊
မြင့်မိုရ်ထက် ပိုလွန်းလိမ့်မယ်) ၂ ၊ ကာမဂုဏ်လောကီဘဝရယ်၊ သဒ္ဓါဟုန် ဇောညီမျှတယ် (တူနှစ်သွယ်) ၂ ရွှေဖူးစာ အကြောင်းမက်မယ်။
သံပြိုင် ။ (ကမ္ဘာပေါ်ဝယ်၊ မောင့်ကို ပျိုခင်တယ်) ၂ ၊ ကြင်နာစရာ ရှေးရေစက်ပင် ထင်တယ်၊
အဟုတ်ပါပဲကွယ်၊ မကြည်အောင် ရိုးရိုးသဘောပြောမယ်၊ မချစ်ဘဲ မနေနိုင်တယ်။
(ပျို့ချစ်ဦးသက်လှယ်ရယ်၊ ဘယ်လိုဆုထူးများကွယ်၊ ပန်ခဲ့တယ်မှန်တာကို ပြောစမ်းကွယ်၊
တကယ်ပင် စိတ်ထဲကရယ်၊ မကြည်အောင် ပျိုမောင့်ကို ရွေးတယ်) ၂
(အော် ဘာဖြစ်လို့ ချစ်ရပါလိမ့်မယ်၊ အကြောင်းလဲသိအောင် (မေးချင်တယ်) ၂ ၊ ခင်မင်ကြုံဘူးပေါင်ကွယ်) ၂
သံပြိုင် ။
မောင်ပြောရင်ခင်မင်တယ်၊ လောကီလူများတွေရယ်၊ မကြည်အောင်လည်းပါတယ်၊ အော် ချစ်နိုင်ကြပါပေတကယ်၊
ရွှေတိုင်ညွန့်က ရေးတယ်၊ ခင်မင်စေဖွယ်၊ နားစိုက်ကာရယ်၊ မှတ်ထားပါမယ်၊ ပြောစမ်းပါ သိချင်တယ်၊
သေချင်သေကွယ်၊ နားစိုက်ကာရယ်၊ မှတ်သားပါမယ်၊ ပြောစမ်းပါ သိချင်တယ်၊ သနားတတ်တဲ့စိတ်ထားရယ်၊
အော် အများကြီးအံ့ဩတယ်၊ ဘယ်သဘောလဲကွယ်၊ အမြဲတမ်းစိတ်မှာတွေးတယ်၊
အို စွဲလန်းတဲ့ အရေးရယ်၊ ပြေးကြည့်ဖို့အကြောင်းကို ထင်မြင်မိတယ်။
============
မြန်မာ့ခေတ်
ရေး - မသိ
၁၉၃၉ မေ
ယခုလို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ နေရပြန်တော့ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့်ပင်
ပန်းသော်မော်ရေတော်ပွဲရယ်နဲ့ နေ့စဉ်သာပဲ။
(စွဲစွဲမြဲမြဲ အားထုတ်ကြလို့၊ ရိုရိုသေသေ ဘုရားဂုဏ်ရယ် တရားဂုဏ်ရယ် သံဃာဂုဏ်တော်ထူး ကြည်နူးဦးခိုက်ပေ၊
ဗုဒ္ဓဘာသာတွေ) ၂ ၊ (သာကီဝင်မှန်ပေ၊ အကြောင်းအခြေခံပြတော့ တကောင်းပြည်သံသရက (လာခဲ့ကြပေ) ၂ ) ၂
ခေတ်ပြောင်းခဲ့တာ တွေးစစ်လို့ သက္ကရာဇ်ကိုဆောင်သော် အနှစ်နှစ်ထောင်ကျော်ပြန်ပေ၊
ထူးမြတ်ပါတဲ့ဗမာ့အပေါင်း ကောင်းစားကြတော့မလေ။
သံပြိုင် ။ စိန္တာကဝိရယ် ဟောစာတမ်းပေ၊ ချိန်ခါကြည့်ဖွယ် မြန်နယ်တိုင်းပြည်၊ ဆန်ရေစပါးနဲ့စိန်ရွှေငွေ၊
သုံးရာတစ်ခုနှစ်မှာ ထွန်းသစ်လပုံအဆင်းရောင်ဝေ၊ (ဗမာများကောင်းစားကြဖို့ ခေတ်ဟောင်းလည်း ပြောင်းလာပေ) ၂
တို့တိုင်းတို့ဌာနေ၊ ညီညွတ်ကြပြီလေ၊ ဗမာ တပြည်လုံး နေတနှုန်း ဘုန်းရောင်ဝေ။
အကျိုးစီးပွားအခြေ၊ အမျိုးသမီးများတွေ၊ တန်ခိုးကြီးမားပေ၊ ဘေးကင်းဝေးကာအေးချမ်းစေ၊
ကျမတို့မြန်တိုင်းပြည်၊ ရတနာခုနစ်ပါး မရှားတော့ပေ၊ တကယ့်ကို ပေါများမလေ။
ကျမတို့ပြည်၊ ကျမတို့မြေက ရွှေငွေမရှားပေ၊ ညွှန်းဝစနာ ကွမ်းယာသည်က တိုက်တောင်တည်တော့မလေ။
များမကြာသကြားသာသနာ ရောက်လာပါတဲ့အခြေ၊ သုံးရာတစ်ခုနှစ်ဆိုတော့ မလိုပေါင်မျှော်စို့လေ၊
ဗေဒင်ကဝိန်ရေ၊ ငွေပေါလွန်းလို့ ပြောရတော့မယ် ခေတ်ကို လာမည်အမှန်ပါ မြန်မကြာစောင့်ကာသာနေ။
သံပြိုင် ။
(မြန်မာခေတ်ကိုရောက်ပြီလေ၊ ဝမ်းမြောက်ဝမ်းသာ ရွှင်လန်းပေ၊ လျင်မကြာငွေပေါတော့မယ် ရွှေပေါတော့မယ်လေ) ၂
(ဗုဒ္ဓဘာသာမြန်မာမျိုးမှန်လင့်) ၂ ၊ အဖိုးတန်ပါပေရဲ့ သာယာစည်ပင်တိုးလို့ ကောင်းကျိုးချမ်းသာမြန်တိုင်းပြည်၊
နေရောင်လရောင်ထိန်ပြောင်လင်းပေ၊ အန္တရာယ်ကင်းစွာဘေးကင်းဖို့အခြေ၊ တို့ပြည်တို့မြေရတနာခုနစ်ဖြိုး ငွေမိုးရွာတယ်လေ။
=================
သုံးခွက်တစ်ခွက်တင်
ရေး - ဒဂုန်ဆရာတင်
၁၉၃၄ မတ်
နေ့စဉ် ညစဉ် မောင့်ကိုပင်၊ မကြည်အောင် မျှော်သရှင်၊ အဟောင်းမေ့၍ အသစ်ကိုမြင်၊
အိုသခင် - အိုမကြင် စိမ်းကားပေါ့ထင်၊ (လာမယ်ဆိုလျှင် သုံးခွက်တစ်ခွက်တင်) ၂ ၊ မာယာဉာဏ်ဆင်နှူးတတ်ပေရှင်၊
(အပျော်အပါးမှာများချင်၊ အမော်အကြွားသာသွားလျှင် တော်သလားဆရာတခြားတွင်၊ အော် သနားပါ တပါးခင်) ၂
မာယာစုံလင် ချစ်ဟန်ဆင် နှူးတတ်ရဲ့ရှင်၊ တော်ပါကိုရင်၊
ရှင့်ကိုမြင် ကြောက်လှပေါ့ခင်၊ မချိုမချဉ် (မျက်နှာတွင်) ၂၊ သုံးခွက်တစ်ခွက်တင်။
(နေ့စဉ် ညစဉ် လူကိုလိမ်ချင်၊ ဒါမျိုးတွေပင် အင်မတန်ကိုချဉ်) ၂ ၊ (ဇမ္ဗူလက်ျာထင်တိုင်းလှည့်ချင်) ၂
(ရောက်တတ်ရာရာသွားချင်) ၂ ၊ ပျိုကြည်အောင်ကို မောင်မောင်မကြင်၊ စိမ်းကားတယ် ထင်။
မာယာစုံလင် ... ... သုံးခွက်တစ်ခွက်တင်။
(အိုရှင် ကိုသခင် တော်ပါ ပျော်ပါး၍ပင်၊ ချစ်လင်ခင့်အပြင်) ၂ ၊ အိုရှင် ချစ်လင်
(အကြွားအဝါနှင့် နေခဲ့လျှင်၊ မောင့်ကိုဖြင့် ပျိုမချစ်ချင်) ၂ ၊ နေ့စဉ်ညစဉ် ဒဂုန်ဆရာတင်က မောင့်မောင့်အတွက်သည်စာထွင်၊
(ဇမ္ဗူလက်ျာ ထင်တိုင်း လှည့်ချင်) ၂ ၊ (ရောက်တာရာရာသွားချင်) ၂ ၊ ပျိုကြည်အောင်ကို မောင်မောင်မကြင်၊ စိတ်ကားတယ် ထင်။
မာယာစုံလင် ... ... သုံးခွက်တစ်ခွက်တင်။
============
ဒင်းနားပါတီ
ရေး - ရွှေတိုင်ညွန့်
၁၉၃၄ ဧပြီ
သဘောကတော့ မတူပါသည်၊ သူလာရင်အတည်၊ (အပြစ်တင်တတ်သည်) ၂၊ စနစ်ကျအောင် ပြောပြမည်၊
ရှင် တော်တော် စိတ်ကြီးဝင်သည်၊ ပျိုကြည်အောင် မောင်နဲ့မတဲ့ချင်သည်၊ အိမ်မပြန်ဘဲနဲ့အတည်၊
အဖော်တွေစုံညီ၊ ဒင်းနားပါတီ၊ ပျော်နေပုံသည်၊ ဂုဏ်သရေတက်သည်၊ ဒါမျိုးတွေကြောင့် မတဲ့ပြီ၊
ကြည်အောင်ပြောပြမည်၊ အထင်အမြင်ဆင်ခြင်ပါအတည်၊ ဟော်တယ်ပေါ်မှာ သူပျော်တော့သည်၊
ကျုပ်သဘောမကျပြီ၊ အဟုတ်ပြောပြမည်။
အပျော်အပါးလိုက်တာ မကြိုက်ပါသည်၊ အမိုက်ဇာဂီမကြိုက်ပါသည်၊ အတည်ပြောတာကိုလည်း နားမထောင်ပြီ၊
မ (ကြည်အောင်) ၂ သဘောမဖြူသည်၊ ညစာမှီ သူငယ်ချင်းများတွေဆီ ဒင်းနားပါတီ၊
သံပြိုင် ။ (ဗမာပီပီ ထမင်းစားတတ်သည်၊ ငါးပိကြော်မည်၊ ပုဇွန်ကိုသာဟင်းချိုချက်ဖို့အတည်၊ ဒညင်းသီးတို့ချင်သည်) ၂
သူကတော့ (ကျမနဲ့မတူပါသည်) ၂ ၊ ညစာကို အိမ်ပြန်မစားပါသည်၊ အပေါင်းအသင်းများအတည်၊ ကြွားချင်ပါသည် ဒင်းနားပါတီ။
(ထမင်းစားပွဲကို ကျမခေါ်သည် ကိုကိုမတော်ပါသည်၊ မင်းသားများနဲ့ တွေ့ဆုံမည် ကြည်အောင် မလိုက်ချင်ပြန်သည်) ၂
(မဆင်ခြင်တဲ့သဘောနဲ့ ပြောရခက်သည်၊ ဒေါသထွက်သည်၊ ပြောရခက်သည်၊ နားရှုပ်ပြီ စကားမဟုတ်သည်၊ ကျုပ်ပြောချင်သည်) ၂
မိုးချုပ်လှသည်၊ အချိန်ကုန်လည်း မရောက်ပြီ၊ (စိုးရိမ်သည်) ၂ ၊ မော်တော်ကားနှင့်အတည်၊ အလကားအချိန်ဖြုန်းသည်၊
လုလ္လမရှိပြီ၊ အို ဒါမျိုးတွေကြောင့် တေးသီချင်းဖွဲ့စီရေးသွင်းခဲ့သည်။
သံပြိုင် ။
===============
ပစ်ကနစ်ပါတီ
ရေး - သဟာယဆရာတင်
၁၉၃၇ ဩဂုတ်
(ပစ်ကနစ်ပါတီ ကြည်အောင်ဖွဲ့ကာ၊ ပျော်ရွှင်စွာလည်ချင်တာ၊ အထက်အောက် မကျန် မြန်မာပြည်တလွှားကို ကုန်စင်အောင်သွားချင်တာ) ၂
စားဖွယ်ရာ အကုန်လုံလောက်စွာ၊ ဈေးမှာအမြန်မောင်ဝယ်ခဲ့ပါ၊ သိုက်သိုက်မြိုက်မြိုက်စီးဖို့၊ မီးရထားစပါရှယ်မှာယူမှာ၊
သားသားနားနား သွားမယ့်ခရီးလမ်းမှာ၊ ပင်ပန်းစရာ မလိုအောင်သာ။
ပစ်ကနစ်ထွက်လို့ (ပျော်တဲ့ခါ) ၂ ၊ စားစရာများလည်း လုံလောက်စွာ၊ ယူဖို့ရာအမျိုးစုံ၊ ဓာတ်စက်ဓာတ်ပြားတွေယူခဲ့မှာ၊
ပျိုကြည်အောင်တို့နဲ့ ထမင်းမိန် ပျော်ပွဲမှာ၊ အော် ... အပျင်းဖြေသီချင်းတွေလည်း ဆိုအုံးမှာ။
သံပြိုင် ။ ပျော်ပွဲစားလိုက်ချင်သူတွေ အဟုတ်ခေါ်မှာ၊ ကျုပ်တို့ပျော်စရာ၊ စိတ်တိုင်းကျကျစားစရာ အဖြာဖြာ၊
အမျိုးစုံလည်းချက်ခါ၊ မာတင်ချော့နဲ့သာ၊ ဘီစတိတ်ပါတဲ့ခါ၊ ပေါင်မုန့်နဲ့စားဖို့ ငါးသေတ္တာငြုတ်သီးစိမ်းပါ၊
ရွှေပုဇွန်ခြောက်တော့ မမေ့နဲ့ဆရာ၊ လက်ဖက်နဲ့စားဖို့ပါ။
(ဘယ်သူမဆို အရက်ကို သည်းခံ ကျမတို့ပျော်ပွဲမှာ၊ ဘိလပ်ရည်သောက်ပါ) ၂ ၊
စုံစုံလင်လင်စားစရာများစွာ သုံးဆောင်ဖို့ရာ၊ ပစ်ကနစ်ထွက်တဲ့အခါ၊ တောင်းကြီးထဲထည့်ယူလာ၊
တို့အိမ်သားအားလုံးနဲ့သာ၊ တို့အဖော်များ အားလုံးနဲ့သာ၊ ပျော်ပွဲစားကိုသွားစို့လားဆရာ၊ စုံလင်စွာ ပစ်ကနစ်ထွက်မှာ၊
ကုမ္မာရီအမျိုးသမီးတွေပါ၊ ညီညွတ်အောင်သာ၊ မစိုးရိမ်စရာ (စိတ်အေးချမ်းသာ) ၂ ၊ အော် စည်းကမ်းသပ်ခါ၊
(ကင်မရာကို ပျိုယူဆောင်ချင်တာ) ၂ ၊ အဖော်များကို ရိုက်ခါပေးအုံးမှာ၊ သဟာယတင်ပါ၊ ခေတ်ပေါ်ပင် (ထွင်ရေးတဲ့စာ) ၂
အော် ဆန်းလဲဆန်းတာ၊ တောင်းကြီးထဲထည့်ယူလာ၊ တို့အဖော်များအားလုံးနဲ့သာ တို့အိမ်သားအားလုံးနဲ့သာ ပျော်ပွဲစားကိုသွားစို့လားဆရာ။
သံပြိုင် ။
တောင်းကြီးထဲထည့်ယူလာ၊ တို့အဖော်များ အားလုံးနဲ့သာ၊ တို့အိမ်သားအားလုံးနဲ့သာ၊ ပျော်ပွဲစားကို သွားစို့လားဆရာ။
================
ဝှပ်ဆိုတာဘာလဲ
ရေး - ရွှေတိုင်ညွန့်
၁၉၃၅ မတ်
ရှင်ပြောတာတွေကို ပျိုနားမလည်၊ အဟုတ်နားမလည်လို့ (မေး) ၃ ရတယ်၊
ဝှပ်ဆိုတာ ဘာလဲမောင်ရယ်၊ သူပြောတာလည်း ဒါပဲဝေ့လည်လည်၊
(မြန်မာစကားတွေ (မေ့ကုန်ပြီလားကွယ်) ၂ ပြောစမ်းပါမောင်ရယ်၊
ရှင်ပြောတာ အဟုတ်ကိုနားမလည်၊ ကျုပ်ကိုများတကယ်၊ အတင်းပြောတယ်ထင်တယ်) ၂
တော်ပါပေကွယ် အင်္ဂလိပ်စကားနဲ့ကျမကို ညာတာရယ်၊ အရာရာဝယ်တကယ်၊ အောက်ကျခံပေါင် ကြည်အောင်ပျိုသင်မယ်။
သည်မှာလေ ဒဗလျူ (W) အိပ်ချ် (H) အေ (A) တီ (T) ဝှပ် (WHAT) ဆိုတာ ဘာလဲမောင်ရယ်၊
မှန်တာသေချာအောင် (ပြောစမ်းပါကွယ်) ၃ ၊ မောင်ရယ် ဘာလဲတဲ့ကွယ်၊ စကားပြောဝေ့လည်လည်။
(ကုမ္မာရီအမျိုးသမီးတွေ၊ ဘီအေအိုင်အေပေါများလေတယ်၊ သင်ပါရှင် စကားတစ်လုံးစီ၊ ပျိုကြည်အောင် မေးပါရစေကွယ်) ၂
ဝှပ်ဆိုတာဘာလဲ မောင်ရယ်၊ ပြောပါကွယ် အရာရာဝယ်၊ အကျိုးအကြောင်းမရေလည်၊
အဆိုးအကောင်းတွေရယ်၊ မကြည်အောင်ပြောသမျှ ယုံရပေတယ်။
(ပရိတ်ကြီးနှင့် မင်္ဂလသုတ်ကို ကျုပ်သင်ခဲ့တယ်၊ ယုံပါကွယ်) ၂ ၊ မြန်မာလိုမေးချင်ရာကို မေးကွယ်၊
အင်္ဂလိပ်စကားတော့ မရေမလည်၊ သည်လိုပြောစေချင်ရင်တကယ်၊ ကျမကိုလည်းပဲ သင်ပါကွယ်၊
တစ်နေ့ကိုစကားတစ်လုံး သင်ပြရင်တစ်လကို အလုံးသုံးဆယ်၊ တစ်နှစ်ဆိုရင် တော်တော်များလို့ စကားပြောနိုင်ပါတယ်၊
သင်ပါလားမောင်ရယ်၊ အင်္ဂလိပ်စကားကိုကွယ်၊ ဒစ်ရှင်နာရီစာအုပ်ဝယ်၊ ဖတ်ရင် တတ်နိုင်ပါတယ်။
သည်မှာလေ ... ... စကားပြောဝေ့လည်လည်၊
ပရိတ်ကြီးနှင့် ... ... တတ်နိုင်ပါတယ်။
=========
ဝိစိတြ
ရေး - ရွှေတိုင်ညွန့်
၁၉၃၇ ဖေဖော်ဝါရီ
အနန္တောအနန္တ ငါးပါးဂုဏ်ရည်၊ ယုံယုံကြည်ကြည်၊ နေ့စဉ်ရိုကျိုးရှိခိုးကြရဲ့လား၊
ဆရာသမားမိဘဘုရားလို တစ်ဂိုဏ်းတည်းနှိုင်းယှဉ်ပြသည်၊ သိမှတ်ကြစရာအတည်၊ ဇိနတ္ထပကာသနီ၊
ရွှေကျမ်းတော်ထွက်စာကိုစီ အဇာတောယေဝပီတုရညော သတ္ထု၊ အဇာတောယေဝ၊ မမွေးဖွားမီက၊
ပိတုရညော၊ အဘမင်းမြတ်၏၊ သတ္ထု၊ ရန်သူမည်သတဲ့၊ ဟောကာပြပါ၊ မကြည်အောင်နားထောင်စမ်းပါရစေ၊
လူနတ်ဗြဟ္မာသတ္တဝါတို့၏ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော၊ ဂေါတမုနိအစိန္တေယျော၊
ရှင်တော်ဂေါတမ မြတ်စွာဘုရား သခင် ရှိစဉ်တုန်းအခါ။
သနားစရာဘုရားဒကာကြီးရဲ့အမည်၊ ဘုရင်ဗိမ္ဗိသာရကျောင်းအမဝေဒေဟီ၊ (မဟာဗဟိုရ်စည်နဲ့ ရာဇဂြိုဟ်ပြည်၊
ဘုန်းတန်ခိုးပွင့်လင်းပေသည်) ၂ ၊ ဝိပါကဝဋ်တရား တားမရလေသည်၊ သူ့ဆရာဒေဝဒတ်နဲ့ ကြီးကြပ်ကာစံမည်၊
ထီးပြသာဒ်ကြံစည်၊ သားတော်မောင်အဇာတသတ်ရယ်က၊ နန်းရိပ်ထီးဖြူလုယူလေတော့သည်။
(ဒေါသရှေ့ထား သားအဇာတသတ် ပြေမွေသည်၊ အနားလာကပ်တဲ့ ဝေဒေဟီ၊ စကားတောင် လာမစပ်နဲ့ သေပေစေ) ၂
ပတ္တမြားအရောင်ဖြာတဲ့ စမုတ်ဆောင်ထဲ၊ ဓားတစ်တောင့်ထွာနဲ့ ဥသျှောင်ထဲ၊ ဘုရားကျောင်းတကာကြီးကို
တုပ်နှောင်လှဲတော့သည်၊ ငရဲပြည်၊ အဇာတသတ် ထိုမင်းသား အနာဂတ်ကို သူမစဉ်းစားတော့သည်။
(တ ကာမုနိ၊ ကြွေလုသည်းဆိုင်၊ တတ်နိုင်ပါပဲ၊ သူ့နိုင်ငါမင်းပြုတော့သည်) ၂ ၊ ဓားတစ်လက်လက်နဲ့ ခြေဆွ၊
ဆားတစ်စက်စက်အရည်ချ၊ စကားတစ်ချက်တစ်ချက်တောင်မပီသ၊ ဗိမ္ဗိသာရ၊
ဘုရင်နန်းကျ၊ မရွှင်လန်းသပ၊ ဘဝင်မချမ်းမြ၊ ဝတ်တရားကို ခံစားရတော့သည်။
ပဉ္စာနန္တရိယ၊ ကံကြီးထိုက်မှာ၊ မကြောက်ကြဘူးလား၊ မရွံ့ကြဘူးလား၊ မလန့်ကြဘူးလားအတည်၊
ငါးဖြာအနန္တဂုဏ်ကျေးဇူးကိုရည်၊ ဘယ်သောအခါမှ မမေ့ခဲ့ပေါင် (ကြည်အောင်) ၂ ၊ ရိုသေပါသည်၊
နေ့တိုင်းပဲဖူးမြင်သည်၊ ညတိုင်းပဲ ဦးတင်သည်၊ ငါးဖြာဂုဏ်ရည် အမှန်ယုံကြည်၊ ရွှေတိုင်ညွန့်က ဝိစိတြကဗျာတေးဖွဲ့ကာသီ။
===============
ရှမ်းကြိုက်နွားချော
ရေး - မသိ
၁၉၃၆ ဒီဇင်ဘာ
ကမ္ဘာ
မှာတည်၊ လူတို့ရဲ့မနသီ၊ မှန်တဲ့စကားကိုကြားချင်လိမ့်မည်၊ မောင်ကအတည် နားဆင်၊ ကျုပ်ပြောမယ်ရှင်၊
အသင်အရာရာ မသိရင်မေးရှင်၊ ဖန်သင်းအိမ်ရွှေရေးနဲ့ (ပျိုတို့မောင် လူယဉ်ကျေးရယ်) ၃ ၊
ရှေးဟာကတေးစာရဆိုတာဟာ မှန်ရာကိုအတည်၊ သဘောချင်းတော့ ဘယ်အခါမညီ၊ အပြစ်တင်တတ်သည်၊ ကဲ့ရဲ့တတ်သည်။
လူတို့မှာသည်လိုများလိမ့်မည်၊ ဟုတ်ပေသည်သိကြားမင်းနွားယောင်ဆောင်တာကို ဂျိုကားတယ်လို့ အတည်၊
ပြောကြဆိုကြသည်၊ လောကီလူပြည်ဆန်းပြားလွန်းသည်၊
ကြည်အောင်ဆိုမည် (လူစိတ်ဆိုတာနော် ပြောပါသော်လဲအတည်၊ ကောင်းကျိုးအရာရာ စဉ်းစားရမည်) ၂
သဘောခြင်းမညီ၊ မကြည်အောင်ဆိုမည်၊ သေချာနားထောင်မောင်သိမည်၊
အကောင်းဆုံးဖြစ်ပေသည်၊ အတည်ယုံကြည်၊ ရှမ်းကြိုက်နွားချောသည်။
(မေတ္တာရှိရာကို ကောင်းသည်ပြောသည်၊ အရင်စစ်တော့ အမြစ်မြေကပါအတည်၊ (ယုံကြည်နော်) ၂
အို (လောကမှာ) ၂ ၊ သဘောကျတာကိုမှ လိုချင်သည်) ၂ အို (ငါသဘော) ၂ နဲ့ ပြောကြပြန်တော့သည်၊
လူဆိုတာ (စိတ်တိုင်းကြရင်ကောင်းမည်) ၂ မဟုတ်တာပေမယ့် အဟုတ်ပဲထင်ချင်သည်၊
ရှေးစကားနဲ့အညီ ရှမ်းကြိုက်နွားချောမည်၊ အများပြောသည်။
((ဘယ်အရာမဆို ချင့်ချိန်ရမည်၊ ရှေးရှေးကစကားနဲ့အညီ) ၂ ၊ မသိသူများကဲ့ရဲ့ကြသူများ၊
အတင်းပြောကြပေသည်၊ ပညာရှိလူကောင်းတစ်ယောက်ချီးမွမ်းကြောင်းကြမည်)
=============
ပန်းဥယျာဉ်
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ ဒီဇင်ဘာ
ရဂုံမြိုင်လမ်း ပန်းစုံပေါသည်၊ မာလာသင်းဆင်းရွှေဝတ်ရည်၊ လေချိုသွေးမွေးထုံနံ့ကြည်၊ စိန်ခြယ်ပန်းဦးရည်၊
(ခိုင်မာလာပန်းစုံညီ၊ ချိန်ခါမှီဆယ့်နှစ်ရာသီ၊ ပန်းအမျိုးမျိုးစိုက်ပျိုးသည်၊ လိုလေသေးမရှိစေရမည်) ၂
(လေယူရာ ဘယ်ညာပြောင်း ပန်းပေါင်းစုံပွင့်ပုံညီ၊ ဖြူညိုပြာဝါရောင်အသွေး မွှေးလှတဲ့စပယ်ဝတ်ရည်) ၂
ပွင့်ပုံဆန်းသည်၊ သင်းထုံနံ့ကြည်၊ ဆတ်သဝါခတ္တာစုံညီ၊ ရွှေသရဖီအင်ကြင်းနှင်းဆီ။
သံပြိုင် ။ ဇလပ်တာပေါတဲ့တောဆီ၊ ခင့်စိတ်ထဲမှာ စွဲလန်းသည်၊ မောင့်လက်တွင်းကနှင်းဆီ ကြည်အောင်လိုချင်သည်၊
သုံးပန်လှနဲ့ သစ်ခွပန်း၊ ရင်းမာပိတောက်နဲ့ ကြက်မောက်ဆန်း၊ ပုံးညက်ပေါတဲ့တောမြိုင်တန်း၊ ပန်းရွှေဝတ်ရည်၊
မြောက်တောင် ဟီးကာနွဲ့နွဲ့နှောင်း၊ သစ်ပင်မြင့်မှာဆင့်ကာပြောင်း၊ ချစ်စရာကောင်းတဲ့မာလာစုံညီ၊ ပင်လုံးညွတ်တော့မည်၊
ကြည်ပြာပွင့်ပြီ၊ ဇီဇဝါသင့်ကြည်၊ နှင်းပန်းဝတ်ရည်၊ ဝါဆိုပန်းတို့ ခွာညိုဆန်းတဲ့ စိမ်းလန်းနုပျိုသည်၊ မောင်ပျော်မြူးစရာ၊
ဆောင်တော်ကူးပါ၊ အားလုံးဖူးကြသည်၊ မာလာဥယျာဉ် ဟိုပင်ပေါ်တွင် ဂေါ်သဇင်ဝတ်မှုံရည်၊
သံပြိုင် ။
(ဗမာပြည်မှာပွင့်ပုံဆန်းတဲ့ ပန်းမျိုးစုံအကုန်ရှိသည်၊ ဒါထက်ပင်ခေတ်ဆန်ဆုံး၊ ဘိလပ်ကိုမှာအုံးမည်) ၂
(ဂမုန်းပေါင်းစုံညီ၊ ပန်းပေါင်းစုံညီ၊ မေမြို့နဲ့လွန်ဆန်းတင့်တဲ့ ဇွန်ပန်းဝတ်ညှာပွင့်လာပြီ) ၂
လက်တံတိုလက်တံရှည်၊ တတိုင်းမွှေးကယဉ်ကျေးသည်၊ ခွာညိုပန်းစုံညီ၊ စိတ်အေးကြည်နူးပျိုဥယျာဉ်ရှိသည်။
သံပြိုင် ။
မှတ်ချက် ။ ။ ဆရာရွှေတိုင်ညွန့်သည် ၎င်းသီချင်းအလိုက်ကိုပင်ယူကာ စာသားပြောင်း၍ 'ရှေးရေစက်' အမည်ဖြင့် အေဝမ်းဓာတ်ပြားကုမ္ပဏီအတွက် သီချင်းသစ်ရေးစပ်ကာ ပြည်လှဖေ၊ မေရှင်တို့နှင့် အသံသွင်းခဲ့သည်။
============
ဓမ္မစကြာ
ရေး - နန်းတော်ရှေ့ဆရာတင်
မြတ်စွာဘုရားပွင့်တော်မူစဉ်က၊ ရွှေဉာဏ်တော်ကွန်ရက် ဖွင့်ပါလို့၊
ဤလောကဓာတ်ကိုတဲ့ မြင်တော်မူသော်၊ သတ္တဝါများကို သနားတော်မူရှာသတဲ့နော်။
ဗောဓိပင်ရွှေပလ္လင်ကြီးကိုအောင်သော်၊ သတ္တဝါတွေအပေါ်၌ငဲ့ညှာသနား၊ ချွတ်လို့ရနိုင်ပါ့မလားရယ်လို့
အားတော်ငယ်သော်၊ ရွှေဉာဏ်တော်ကွန်ရက်က ဦးစွာထွက်လာ ဓမ္မစကြာတရားတော်။
သံပြိုင် ။ ဗြဟ္မာနတ်လူအပေါ်၊ ဒေသနာကြားလိုက်သော်၊ ကမ္ဘာလောကမြေပြင်ပေါ်၊ သုံးကြိမ်တိုင်အောင် အင်မတန်သာဓုခေါ်
သဟံပတိနာမကေ ဗြဟ္မဏေကျော်၊ ကောဏ္ဍညနဲ့ ဝပ္ပတ္တိ၊ မဟာနာမ် အဿဇိ ကျွတ်တမ်းဝင်ပြီ ဧဟိဧဟိခေါ်။
လူသုံးပါးတို့ ဘုရားရယ်လို့ ထင်ရှားပေသော်၊ ကျေးဇူးတော်အနန္တကိုလ၊ တပည့်တော်ရှိခိုးပါ၏နော်၊
မိဂဓါဝုန်သား ပေါင်းစုံတဲ့ရဂုံတော်၊ ရွှေသမင်ပေါသော အဓိပ္ပာယ်တွင် ကြိတ်ကြိတ်နယ်နယ်၊
ဝန်းရံခြွေတို့နဲ့ ဓမ္မစကြာတရား ကျမနေ့ညအမှန်ပူဇော်။
သံပြိုင် ။
သဒ္ဒါဂံရယ်၊ အနာဂံရယ်၊ သောတပန်ဧကန်တည်ကြသော်၊ သင်္ချေတွေ မရေမတွက်နိုင်သော် ပရိသတ်အော်၊
(အောင်ပြီ) ၂ ၊ ကောင်းချီးပေးကာနော်၊ သုံးဆယ့်တစ်ဘုံအားလုံးကြွေးကာကြော်၊
အသိဉာဏ်ဈာန်သမာပါတ်နဲ့ ဘုရားမြတ်၏ မဟာရွှေနှုတ်တော်၊ ရိုသေစွာလက်အုပ်မိုး၍ ရှိခိုးသနော်။
သံပြိုင် ။
==============
မင်းခမ်းမင်းနား
ရေး - နန်းတော်ရှေ့ဆရာတင်
၁၉၃၅ ဇန်နဝါရီ
နှစ်ကျိပ်ရှစ်ဆက် မဟာဝင်တည်၊ အတိတ်အဖြစ်အပျက်နဲ့ ကမ္ဘာတွင်သည်၊ ဘယ်ရာဇာပင်မစံမြန်း မန်းရွှေမြို့ပြည်။
သုံးသိန်းသုံးသောင်းကိုးထောင်ငယ် ရှေးအတိတ်အဖြစ်အပျက်နဲ့ အကိုးအကားတင်သည်၊ အုတ်ကျစ်ကျော်အေး မန္တလေးနေပြည်၊
လေးဆယ်ရှစ်ဆောင် ဘုန်းရောင်မဆုံးအောင်၊ ကျုံးတော်ပတ်လည်၊ မင်းမဲ့တိုင်းပြည် နန်းတော်တစ်ခုသာ ရှုစရာကျန်ပါတော့သည်။
သံပြိုင် ။ မော်ကွန်းတည်ကာကြို့တဲ့ မန်းရွှေမြို့တော် ရတနာပုံတည်၊ မြန်မာဂုဏ်ရည်၊ ဘုန်းတော်ရှင်ကျုံးတော်တွင် ရေကင်းမောင်းလှည့်လည်။
နန်းတော်ရှေ့ဆရာတင်၊ နန်းတော်စမုတ်ခံ ထုတ်ပြန်ရွေးခြယ်လှယ်ပြသည်၊ မကြည်အောင် မိခင်ဘခင်ဘိုးအေဘွားအေမှီခဲ့သည်၊
စီးကျမျက်ရည်၊ ရွှေနန်းတော်တိုင်ကိုသာမှီခါမျှော်မိသည်၊ ရေနာရီရွှေဗဟိုရ်စည်သံ မကြည်အောင်ပျော်မိသည်။
သံပြိုင် ။
(သေလဠဆယ်ခြောက်ပြည်ထောင် ရခေါင်ကတည်၊ တွေးလို့မဆုံး ကုန်းဘောင်ဆက်ကို အောက်မေ့သည်) ၂
အို ဝေစီစီအုံမှိုင်းရီ၊ မြင့်မိုရ်စကြာဝဠာထက်အာကာ အရိမေတ္တေယျ အလောင်းတော်အကြောင်း မျှော်ရှုမိသည်။
သံပြိုင် ။
ကြာလေဆွေးလေ တွေးလေလွမ်းသည်၊ တောင်ကျွန်းဒက္ခိဏမဟာဇမ္ဗူတည်၊ မညှိုးပါ မျိုးမြန်မာတိုင်းပြည်။
===========
ခင်ခင်တင့် ။
===========
==============
ခိုင်စပယ်
ရေး - ဂီတာသောင်း
(ငွေနှင်းငယ်စီစီသွယ် ခိုင်စပယ်၊ သင်းကြူတယ်၊ လေသင့်ရာလှိုင်လှိုင်ကြူတဲ့ မြေဇူမြတ်လေးနွယ် ) ၂
(နေ နေခြည်ညနေအေးဝယ်၊ ရွှေလေပြေ သွေးလျှင် မွှေးတယ်) ၂ ၊
ချူမယ့်သူ ယူကာလှမ်းကွယ်၊ ပင်လုံးခိုင်ရယ်၊ မာလာပန်းမြတ်စပယ်။
(မာလာငုံပန်းတွေရယ်၊ ဖြာဖြာစုံ လျှမ်းဝေတယ်၊ ဝနာစုံလမ်းခြေဝယ်၊ ခိုင်မာလာရွှေစပယ်၊ ပန်ဆင်ရန်ထိုက်သူရယ်၊
ဟန်ပြင်ကာလှမ်းချူတွယ်၊ မြိုင်ခွင်မှာပွင့်ကာနေတယ်၊ ခိုင်ရွှေပန်းမြတ်စပယ်၊ ကြိုင်လှိုင်စွာပန်းကလေးရယ်၊
မနွမ်းသေးခင် မွှေးတော့တယ်၊ ပျားပိတုန်းလည်း သုံးစားဖွယ်၊ ရွှေမာလာစပယ်၊ ပန်ဆင်ရန်ပန်းမြတ်စပယ်) ၂
(နေရောင်ခြည်မသန်းလို့ရယ်၊ နွမ်းရမှာ အလွန်စိုးလှတယ်၊ ညှာညှာရိုး ရိုးတံအသွယ်သွယ် ကြိုင်လျှမ်း ပေ/လှတယ်) ၂
(ငွေစပယ် ရွှေစပယ် ပျို့ချစ်ဦးဆွတ်ခူးဖွယ်) ၂ ၊ လေပြေသွေးရာမွှေးလာလေတယ်၊ ဖူးကာပန်းကို လှမ်းဆွတ်ယူသင့်တယ်၊
(ပန်းမျိုးထပ်ကာပေါတယ်၊ တောတောင်ကမ်းပါးဝယ်၊ စကားနဲ့စပယ်၊ စိမ်းဝါနီပြာ လျှမ်းလို့ချယ်၊ ပန်းတွေရယ်) ၂
လျှမ်းဝေတယ်၊ ခိုင်ပန်းမြတ်စပယ်၊ ကြိုင်လျှမ်းလှတယ်၊ ဟေမာမြိုင်ဂနိုင်တွင်းဝယ်၊
ဝင်းထိန်လို့ပွင့်လျှမ်းကြတယ်၊ ခိုင်ရွှေပန်းမြတ်စပယ်။
(မာလာငုံပန်းတွေရယ် ... ... ပန်ဆင်ရန်ပန်းမြတ်စပယ်) ၂
==========
ဝေ့လယ်လယ်
ဂီတာသောင်းနှင့် တွဲဖက်ဆိုသည်
ရေး - ဂီတာသောင်း
မ = ပျို့ကိုမောင် ဝေ့လယ်လယ် ပြုပြန်လေတယ်၊ တစ်ချုံကွယ်တစ်မယ်မေ့ကာရယ်၊ တွေ့ရင်လွမ်းတယ်၊
မာယာစကားတွေရယ်၊ ပြောပြန်လေတယ်၊ လောကယောက်ျားဖောက်ပြန်လွန်းလှတယ်။
ကျား = ယုံပါခင်လေးရယ်၊ ချစ်သဒ္ဓါပိုတယ်၊ ဝသုန်မြေဤလောကီဝယ်၊ ရွှေဘဝင်သဲအူပါ စွဲပြန်လေတယ်၊
မင်းမိဘများ သိမှာစိုးလှတယ်။
မ = (ချစ်ဟန်ဆောင်ပါတယ်၊ ကိုကိုဝေ့လယ်၊ ပျို့ကိုမေ့တယ်၊ အလိမ္မာသဘောနဲ့ ပြောတော့တယ်၊
မိန်းမယောက်ျားကမ္ဘာသားတို့ကွယ်) ၂ ၊ (စေတနာ မေတ္တာ မောင့်ကိုသာတကယ်ထားတယ်၊
အိန္ဒြေထိန်းသိမ်းရတဲ့သူ မိန်းမသားမို့ကွယ်) ၂ ၊ နေရာတကာဝယ် ကိုကိုဝေ့လယ် မပြုသင့်တယ်။
ကျား = (ခင့်ကိုသာကြင်မယ်၊ သူဇာနတ်မယ်၊ မူယာဒြပ်ကြွယ်၊ ပါရမီထူးကြောင့် ခုဘဝဝယ်၊
သမုဒယချစ်သွေး ခင်မင်သေးတော့တယ်) ၂ ၊ (အစစအရာရာ မေတ္တာကရုဏာတွေ မောင်ထားမယ်၊
ဤကမ္ဘာဆုံးပါစေတော့ကွယ်၊ မမုန်းရက်တယ်) ၂၊ ယုံကြည်ပါတကယ်၊ ကိုကိုအသနားခံမယ် ချစ်သက်လှယ်။
မ = ကြင်နာမယ် ခေါင်းထဲကဆံပင် အသည်းနဲ့ကွယ်၊ ရင်ကိုခွဲလို့သာပေးဝံ့တယ်၊ ဤဇမ္ဗူမှာ ချစ်တဲ့စိတ်ဆိုတာတကယ်စွဲတယ်) ၂
သက်လှယ်တစ်မိုးအောက်မှာတစ်ယောက်ထင်တယ်၊ ရွှေမေတ္တာယှဉ်ပြိုင်ကာနွှဲမယ်၊ ချစ်ပါတယ်၊ တူတူမခွဲပေါင်းပါ့မယ်။
ချစ်ဟန်ဆောင်ပါတယ် ... ... မပြုသင့်တယ်။
==========
ထိုက်သူပန်
ရေး - ဂီတာသောင်း
(တောကြီးတွင်းမြိုင်လယ်၊ သန္ဓေယူမိတယ်၊ ခိုင်မာလာပန်းအနွယ်၊ ရှုဆန်းတင့်ပေတယ်) ၂၊
ထိုက်တဲ့သူလည်း ပန်ကြရပေမယ်၊ လှမ်းဆွတ်ယူမောင် ခင်တန်းတောမြိုင်လယ်၊ မွှေးရနံ့ထုံကြွယ်၊
သေလာကြားကမ်းပါးမြင့်ဆွယ်၊ ဝေဖြာသားမခြားတင့်တယ်၊ ဖော်ကွာသူမယ်၊ သူယောင်မပျိုနွယ် မိုးကျမယ်။
(ဝတ်ရည်သွေးမွှေးကြူအေးညံ့လေညှင်းသွင်းပြန်ပါပေတယ်၊ ဖူးစာလေး ထူးစွာပေး ဦးကာမနှေး နတ်ဒေဝါတို့ရယ်) ၂
ကူညီစေဖွယ်၊ ပျိုချစ်တဲ့သူနေရောင်ခြည်သန်း နွမ်းလိမ့်မယ်။
သီတာမြောင်ကာတယ်၊ မယ့်စိတ်ဝယ်လွမ်းစကြွယ်၊ တောနယ်ရဂုံဗွေကဖွားတဲ့သူမို့ကွယ်၊ ရွှေသမင်ဂျီဒရယ်သားရဲတို့ ကိန်းအောင်းတယ်၊
ကျားဆင်ပြောင်တွေ ဘာဝမြူးကြ ပျော်ကြတယ်၊ ဝိဇ္ဇာတပသီရယ်၊ ဂမုန်းပန်းလိုက်ရှာ စခန်းနန်းမြင့်ဝယ်။
ဝတ်ရည်သွေး ... ... နွမ်းလိမ့်မယ်။
ချစ်ခင်တဲ့သူ တကယ်ဝေးလို့ကွယ်၊ ဒီစုံမြိုင်ကြီးဝယ်၊ သန္ဓေသူပျိုတပါးအားနွဲ့တယ်၊ ရွှေသဲလဲကျွမ်းလိမ့်မယ်၊
မျှော်တွေးမှန်းဆရွယ်၊ မာလာဝတ်ရည်ပန်းမှုန်ရယ်၊ နေသွေးတဲ့ကြာပန်းသို့ပဲကွယ်၊ ဖူးစာဖက်မယ့်သူမပေါ်လာတယ်၊
ရွှေအားတော်တော်ငယ်ငယ် ထိုက်သူပန်ဖို့မယ် ခုမျှော်ပါတယ်။
ဝတ်ရည်သွေး ... ... နွမ်းလိမ့်မယ်။
=========
ခင်ခင်ရီ ။
=========
==========
ဗဟိုစည်
ရေး - ဟံသာစိန် ခေါ် ရန်နိုင်စိန်
၁၉၃၉ အောက်တိုဘာ
ရွှေဗဟိုစည်သံများကို မကြားရတာကြာလေပြီ လေးလရာသီ၊ တိုင်းဌာနီမဟုတ်ခဲ့ပါပြီမို့ ကြက်သံကို ဗဟိုပြရတယ်ကွယ် တောသူတို့ဆီ၊
(ဟိုရှေးမြန်မာ့နရီ၊ ပျိုတွေးရပြန်ပါသည်၊ ချိုအေးလှတဲ့ ဗဟိုစည်၊ နေနှယ်ထင်ရှားဘုန်းရောင်ပင်ပွား ခြားခဲ့သည်) ၂
(မြန်မာများရှင် ဘုရင်ရာဇပလ္လင်ဆီ၊ မှတ်သားနေနရီ ရွှေဗဟိုစည်) ၂ ၊ ရီရီကြားချင်ပါသည်၊ ရွှေဘဝင် လွမ်းစပေါ်သည်၊
ပျိုတအားငယ်မယ့်ကွယ်ခဲ့တာကြာလေပြီ၊ ရှေးရိုးစဉ်မပျက် မြန်မာ့ကျက်သရေ တို့ပြည်တို့ဗဟိုစည်။
ယာဉ်ဧရာပတ်ကာဝိုင်းတယ်၊ တိုင်းလေးဌာနီရွှေဘုံသီဟာနန်းသံငွေမောင်းသည်ကွယ်ရှင်းသည်၊
မင်း မင်းတရားရှိစဉ်က အတည်၊ ရွှေဗဟိုစည်မြည်သံကို ကြားချင်၍သာ ပျိုခင်ခင်ရီ ယနေ့တိုင်အောင် မမေ့နိုင်ပါတော့သည်၊
တအားငယ်မယ့် ကွယ့်ခဲ့တာကြာလေပြီ၊ ရှေးရိုးစဉ်မပျက် မြန်မာ့ကျက်သရေ တို့ပြည် တို့ဗဟိုစည်။
(မြန်မာတို့ပြည် ရတနာပုံပြည်၊ ထီးနန်းရိပ်ရာ စိုးစံခဲ့စဉ်က) ၂ ၊ (နရီမှူးဟန်ချီမြည်ကြူးပြန်သည်) ၂
နန်းစင်မြင့်ဆောင်တော်ပေါ်ဆီမျှော်ကာမှန်းဆ ပျိုလွမ်းရပါသည်၊ (ဘုံရွှေနန်းနဲ့ကွာပြီ ဂုဏ်သရေမှာ နွမ်းခဲ့ပါသည်) ၂
တွေးဆွေးရသည်၊ လွမ်းရန်သွယ်နွဲ့ ကွယ်ခဲ့လေပြီ၊ ရှေးရိုးစဉ်မပျက် မြန်မာ့ကျက်သရေ တို့ပြည် တို့ဗဟိုစည်။
ကျက်မျက်ရည်တွေဆင်း ပျိုမရွှင်နိုင်ပါပေသည်၊ နေ့ညတိုင်းတွေးလေတိုင်းတော့ မကြည်၊ ကြောင်းသနစ်ကို ပျိုလှစ်မိပြီ၊
ပတ်သံတာရှည် နေနရီကြားစမ်းချင်လှ ရွှေဗဟိုစည်၊ ရှေးခေတ်နဲ့ ခုအခါ မတူတော့သည်၊
တအားငယ်မယ့် ကွယ်ခဲ့တာကြာလေပြီ၊ ရှေးရိုးစဉ်မပျက် မြန်မာ့ကျက်သရေ တို့ပြည် တို့ဗဟိုစည်။
=============
ဗိုလ်အောင်ကျော်
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ မတ်
ဗမာတစ်မျိုးလုံး ချမ်းသာရန်အတွက်ကို ဆောင်ရွက်ခဲ့သည်၊ အသက်စွန့်ကာကြံစည်၊
အမိမြန်မာပြည်ရဲ့ သားထူးသားမြတ် မွေးရကျိုးနပ်ပါပေသည် (အာဇာနည်အခါခါ ရည်မှန်းဖန်ဖန်လွမ်းလို့ တမ်းတကာနေသည်၊
အလွန်သာယာစည်တဲ့ မြန်မာပြည် စခန်းက မပြန်လမ်းသို့ မြန်းရရှာလေပြီ) ၂၊ အထူးတလည် သင့်ကိုအလွန်ပဲ ကျေးဇူးတင်သည်၊
တို့တိုင်းပြည် လွတ်လပ်ရေးကိုတဲ့ (ရှေ့ဆောင်မည် မမေ့ပေါင်အတည်) ၂ ၊ ငွေလစန္ဒာ တိမ်သလ္လာဖုံးသလို
အလိမ္မာတုံးမို့ အပူလုံးကြွလို့ ယူကြုံးမရသည်၊ ဖြစ်ရလေနော် ဗိုလ်အောင်ကျော် အာဇာနည်။
သံပြိုင် ။ မျိုးဆွေ တို့တတွေမှာ မကျေနပ်နိုင်တော့ပြီ၊ ပျက်မသွေ ဂလဲ့ခြေပါအုံးမည်၊
အမြဲပင် ရဲဇာနည်ကို မျှော်မှန်းရည်၊ ယနေ့တိုင် မမေ့နိုင်ပါတော့သည်။
လွတ်လပ်စေရန် ရည်သန်စိတ်ဇော အကြံဉာဏ်ပေါလို့ (နှမြောမိပါသည်) ၂ ၊ ရဲဇာနည်အမော် ဗိုလ်အောင်ကျော် ဗြဟ္မာစိုရ်ဆောင်သနော်
ဗမာပြည်အတွက်ကယ်ကြောင့် အသက်ကိုပင် ပမာမထားပေဘု၊ တို့မြန်မာပြည်သူ အများကိုလ (စွန့်စားလို့ သွားရရှာလေပြီ) ၂
သံပြိုင် ။
(တံခါးမရှိ ဓားမရှိ တို့မြန်မာပြည်ကို စားမယ် ဝါးမယ် ဘီလူးသဘက်အလား နိုင်ငံခြားသားတို့သည် နှိပ်စက်တာကြာပြီ) ၂
အရေးတော်ပုံ အောင်ပါစေ၊ ပန်းသပြေ ညောင်ရေလောင်းလို့ အောင်ပါစေကြောင်း ဆုတောင်းရသည်၊
ဗိုလ်အောင်ကျော်ရေ အာဇာနည်၊ အသက်ကို ပမာမပြု ကနက်ဗဟို ဗမာတစု သူချီးကျူးသည်၊ အမှန်အားထုတ်သည်၊
တကယ်ပဲ မီးတုတ်ကြီးနဲ့ ထိန်ထိန်ညီးအောင်သာပင် ခရီးတွင်အောင်ကြံစည်၊ လွတ်လပ်ရန် စခန်းကိုရည်မှန်းထွက်ရာ လမ်းပြမည်။
သံပြိုင် ။
(တို့ရွှေထီး တို့မြေကြီး အနည်းနည်း အဖုံဖုံ မတရားချုပ်ချယ်ခြင်း အတင်းပဲနိုင်အောင် တို့ကြံဆောင်သင့်ပြီ) ၂
မယွင်းစုံစွာညီ၊ အခွင့်ကြုံလာပြီ၊ လွတ်လပ်ရေး တွေးမျှော်မှန်းရည်၊ အာဇာနည်သွေး မမှေးအောင် ကြံဆောင်မည်။
သံပြိုင် ။
==========
သူတော်စင်
ရေး - မသိ
၁၉၄၀
သုံးလူ့ထွတ်တင် မြတ်ဘုန်းရှင်က သတ္တဝါတွေကို အစဉ်သနားလို့ တရားဓမ္မစက် မိန့်ခဲ့လေကာ၊
သူတော်ကောင်းသူကို နတ်ကောင်းမပါတဲ့ ရှေးဘဝက အတိတ်တဘောင် ဆောင်တော်မူလေတာ။
ဟိုရှေးသမယ တိုင်းဗာရာဏသီမှာ၊ မိုးနတ်ဒေဝီဘရနီ တမျှ သုဇာတာအမျိုးသမီးကလေးမှာ၊
ကျမတို့ဘုရားအလောင်းနဲ့ သူကြွယ်ဘဝမှာ ဖူးစာဆုံပြန်တာ၊ လင့်ဝတ်ပါ မယားဝတ်ပါ၊ တရားမလွတ်တူစုံနှစ်ဖြာ၊
တစ်နေ့သောထိုအခါ၊ ကျေးဇူးရှင်မိဘများထံ ကန်တော့ပန်းဆက်ရန်အလာ၊ တူမောင်မယ်လှည်းယာဉ်တစ်စီးနဲ့ မြို့ပြင်ခရီးမှာ
ဘုရင်မင်းနဲ့ ပက်ပင်းဆုံကာ၊ သုဇာတာကိုမြင်လျှင် နှစ်သက်တဲ့ထီးကနက်ဘုရင်မှာ လက်ရှိမယားကို
ဘုရင်အသိသားနဲ့ ပြစ်မှားမယ်လို့ သူကြံမိလေတာ။
(ရာဇဂုမ္မတကံ ဖောက်ပြန်သဘော အကောက်ဉာဏ်နှောတော့မှာ၊ ရာဇဂုဏ်မောက်ကာ၊ ဖောက်ပြန်သဘော အကောက်ဉာဏ်နှောတော့မှာ) ၂
မတရားအမှုဆင် ပတ္တမြားဥသျှောင်ကိုပင် လှည်းပေါ်တွင် တိတ်တဆိတ်သွင်း၍ အတင်းကိုပရှာ၊
အလောင်းတော်ကိုမှ ခိုးတယ်ဝှက်တယ် သူဆိုပြန်တာ၊ သူ့မယားကို လိုချင်ပြန်ရင် ရှင်သူ့လင်လှံနဲ့ထိုး
အော် ဒီပုံကိုးလို့ထင်ရဲ့ ဖမ်းဆီးနှိပ်စက် ရိုက်နှက်အခါခါ သတ်စေတဲ့ အမိန့်တော်ထုတ်လေတာ။
(သုဇာတာမှာ လင်ရေးကြောင့် ပူဆွေးကြုံရတာ၊ ကျမမှာရှင် အဆင်းလှလို့ သူအတင်းကြံရက်တာ) ၂
(ဆင်ခြင်စဉ်းစားပါဘုရား လင်ရှိမယားကို မပြစ်မှားသင့်ပါ) ၂ ၊ (ငါ့ပြည်ငါ့မင်း ငါအတင်းပြုရင်တခါ၊
အောက်နရက် အဝီစိငရဲမှာ ယခုတိုင်ပဲရှိတာ၊ ဒုသနသော အမြဲမကွာ၊ သူဌေးသားလေးဦး မှားဖူးခဲ့ကြတာ) ၂
အဲဒီလိုအကြောင်းပြကာ တောင်းပန်လေရာ၊ လောကစောင့်ကြပ်တဲ့ နတ်ကောင်းနတ်မြတ်တို့မှာ
ကျမတို့ဖြစ်အင်ကို ကြည့်နေတော့မှာလားဘုရား။
(မကောင်းသူပယ်ကာ ကောင်းသူကယ်ဖို့ရာ၊ အထက်သိကြားမနေနိုင် လူ့ပြည်အတွင်း အမှုတွေရှင်းမလို့လာ) ၂
သတ်မယ့်ဆဲဆဲ အလောင်းတော်ကိုသာ တိုင်းပြည်ရှင်ဘုရင်မင်းနဲ့ (လူချင်းလဲကာ) ၂ ၊ ခဏမကြာစေရာ၊
ဦးခေါင်းပြတ်လို့ သက်ခန္ဓာကြွေတာ မိုးဣန္ဒာမနေသာ၊ တိုင်းပြည်အပ်လို့ စိုးစံစေနှစ်ဖြာ၊
ဇနီးမောင်နှံမှာ သူတော်ကောင်းကို နတ်ကောင်း မတဲ့ ဘုရားဟော ဇာတ်သွား ဤမင်္ဂလာ။
==========
ဤလောကီ
ရေး - မသိ
၁၉၄၉
(လူတွေ လူတွေ အနန္တသည်၊ လောကီစည်းစိမ်သဘာဝညီ၊ မေတ္တာချစ်တာပဓာနအတည်၊ ပေါင်းသင်းကြတာ လင်မယားခေါ်ပါသည်) ၂
ချစ်ခင်စ ကြင်နာစဝယ် မျက်စိအောက်မှာမြင်မှ ချစ်မဝနိုင်ပါသည်၊ လောကီ လောကီ လောလောပြီးကီတဲ့ ဤကမ္ဘာလောကီ၊ ချစ်မဝနိုင်ပါသည်၊
(အချစ်လော အကြိုက်လော တလောထဲလောသည်) ၂ ၊ လူတွေ လူတွေ အနန္တ လင်မယားဘဝမှာ အတည် ချစ်အားမဝနိုင်တဲ့
အဓမ္မတူရ ကာမဂုဏ် ဤလောကီ၊ လောကီ လောကီ လောလောပြီးကီတဲ့ ကာမဂုဏ် ဤလောကီ။
ဝေ့လယ်လယ် မောင်ပြောကာနှူးသည်၊ ဘယ်နေရာမျိုးမှ စကားကိုမတည်၊ ကိုကိုမျက်နှာထားရိုးနဲ့ တစ်မျိုးတော့ပလီ၊
ချစ်တာမှန်ရင် ယုံကြည်လောက်အောင် ဘယ်အခါမှ မပြောပါသည်၊ ဒါတွေပျိုတွေးမိတော့ သဘောမကျပြီ၊ ကြောရုံကြံပါသည်၊
နေ့စဉ်သာပလီ၊ ထိထိရောက်ရောက် လူကြီးမိဘ ပုဆိုးတန်းတင်ညီ၊ မောင်တောင်းရမ်းပြောဆိုရင် အိန္ဒြေဂုဏ်လည်းရှိလိမ့်မည်၊
ဝေ့လယ်လယ်တော့ ပျို့ကိုမပြောသင့်ပြီ၊ လောကီ လောကီ လောလောပြီးကီတဲ့ ကာမဂုဏ် ဤလောကီ။
(ဟာဟာ ဟီဟီဟီ ချစ်တုန်းခင်တုန်း တပြုံးပြုံးနဲ့ တည် ပလီ မောင်စကားလုံးကြွားသည်၊ မျက်နှာရူးကြီးနဲ့ ပျို့ကိုသာပင် ဖြီးလွန်းပါပေသည်) ၂
အာကာပြင်ကို လွှာပုံပြုမည်၊ မေယုတောင်ကို စုတ်တံလည်းချီ၊ သမုဒ္ဒရာရေပြင် ပင်လယ်ကြီးကို မင်ရည်ဖျော်မည်၊
အဲဒါတောင် အားမရလို့ ပူတင်းက လိပ်ဖြစ်တော့တောင် သိပ်ချစ်တာပဲလို့ ပျို့ကိုမောင်ပြောသည်၊
လောကီ လောကီ လောလောပြီးကီတဲ့ ကာမဂုဏ် ဤလောကီ။
============
ပျို့သဘော
ရေး - မသိ
၁၉၃၉
မောင်သိသလောက်ကို ပြောပါမောင်ရယ်၊ ကျမအပေါ်ဝယ် အပြစ်မြင်ပါသလား ဟိုယခင် အချစ်ပင် စိုက်ပျိုးခါစ ရိုးပြာကျအောင် ရည်ရွယ်မယ်၊
ကြားယောင်မိသေးတော့တယ်၊ မောင့်ဝတ္တရားမောင်နားလည်ပါ မောင်ရယ်၊ မောင့်တာဝန်ပဲ အချစ်ခိုင်မြဲအောင်ရွယ်။
သော်တာလမင်း ဖော်ကွာညတွင်း မျှော်ကာတရင်း ရည်မှန်းရွယ်၊ ငါ့မြင်းငါစိုင်း ဘယ်တိုင်းရောက်ရောက် ထင်တိုင်းရောက်ရာလယ်၊
ကြုံရင်ခုပြော အကုန်အစင် သူ့သဘော ဘယ်လိုဘယ်အရေးမေးကာရယ်၊ မှာလိုက်သူကလေး ပူဆွေးဖြစ်အင် သူပြေးလို့ ထင်မြင်အောင်ရယ်၊
ဖိုးရွှေလမင်း အတွင်းမှာချင်ပါတယ်။
လွန်လေပြီးရှေးဝယ်၊ ရာမဇာတ်တော်ထဲကထွက်တဲ့ သီဟိုဆောင် ဒဿမင်းလည်း ကြားဖူးခဲ့လိမ့်မယ်၊
ဒီလိုပဲ မောင့်မှာ မှန်ဆိုင်နားကို လျှောက်ကာသွားတယ်၊ ယောင်လယ်လယ် ခေါင်းဆယ်လုံးလို မျက်နှာများရှာမယ်၊
ကိုယ့်တာဝန် လုံခြုံသူရယ်၊ မိန်းမသားကို သူလားလားမှ မညှာပါပေတယ်။
ချစ်ကြိုးဖွဲ့နှောင်ကာရှောင်ခွာမယ်၊ မေ့အားသနားမညှာအားမနာတယ်၊ ညတိုင်းမောင့်စိတ်ကူး ရူးတော့မယ်၊
မိန်းမသားအားထားမှီခိုရာသဖွယ်၊ ယောက်ျားသား ထောက်ထားရှာပေမယ်၊ မောင့်တာဝန် ဆိုသင့်တယ်။
လွန်လေပြီးရှေးဝယ် ... ... မညှာပါပေတယ်။
ယုံကြည်မိတယ်၊ မောင့်လိုလူ မင်းယောက်ျားက အတောင်နှစ်ဆယ် သဘောထားကြီးလိမ့်မယ်၊ အိုင်မြင်ကွယ်၊
လော်မာကာခြေဆေးတော့မောင်ရယ်၊ မျက်နှာများလိမ့်မယ်၊ ရာသက်တိုင်မြဲခိုင်ပါစေကြောင်း တောင်းဆုကိုသာ ပေါင်းဖက်ဖို့ရွယ်၊
ရှေးတုန်းကဟိုခေတ်ဝယ်၊ ကောင်းကောင်းဆိုးဆိုး ချစ်မယ်၊ ရိုးမြေကျကျရွယ်၊ တာဝန်သိတယ်၊
လွန်လေပြီးရှေးဝယ် ... ... မညှာပါပေတယ်။
===========
ဆုထူးပန်
ရေး - မသိ
၁၉၃၉
အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဘဝကို ကျမ လိုချင်ပါတယ်၊ မနုဿတ္တဒုလ္လဘ လူ့ပြည်ဝယ်၊
ကောင်းမှုအသွယ်သွယ်၊ ဒါန သီလ ဘာဝနာတရားကို ပွားများကာနေချင်ပါတယ်။
(အိမ်ထောင်ရေးဆိုတာက သခင်တစ်ခု လင်တစ်ခု အစဉ်သမှု ရှုပ်ထွေးပြန်လေတယ်၊ သဘောကကွယ်၊ ပြောပြမယ်၊ နောင်အရေးကတကယ်၊
မအေးရတယ်၊ ကြောက်စရာတွေပါကွယ်) ၂ ၊ ဤလောကဝယ်အော် ဝဲသံသရာတွင်း ဆင်းကြကာ မလွတ်ကင်းနိုင်တယ်။
ဆုထူးပန်မယ်၊ မင်းယောက်ျားဘဝသို့ကွယ်၊ တကယ်ရအောင်ပျိုကြံရွယ်၊ နေ့ နေ့စဉ် ည ညစဉ်ကွယ်။
နောင်ခါဝယ်၊ ကံ့ကော်ပန်းတင် ပတ္တမြားပလ္လင်ထက်၌ကွယ်၊ ကြည်ဖြူစွာ ပျိုတကယ်၊ ဖူးတော့မယ်၊
ဘုရား အရိမေတ္တေယျ မြတ်အရှင်စောကို မနောကြွယ်၊ (မြော်မြင်ပါတယ်) ၂၊ အဲ့ဒါကြောင့်မို့ ယောက်ျားဆုကို ရီရီပန်ချင်တယ်၊
အော် မိန်းမဘဝကလွတ်ကင်းဖို့ အကြံရယ်၊ နောင်ရေးမျှော်တွေး ကြောက်ပါတယ်။
ဆုထူးပန်မယ် ... ... ည ညစဉ်ကွယ်။
(မိန်းမသားများဝယ်၊ အောက်တန်းကျပေတယ်၊ ခုနေများ စဉ်းစားလိုက်ရင် တွေးမိပြန်တော့လည်း စိတ်ရှုပ်ပါဘိတယ်) ၂
ယောက်ျားကောင်းဖြစ်ခဲ့ရင် ဘုရားဆုကိုလည်း မလွဲဓိဋ္ဌာန်ပန်နိုင်တယ်၊ ရီရီလေး ယုံကြည်တယ်။
ဆုထူးပန်မယ် ... ... ည ညစဉ်ကွယ်။
(ကြည်ဖြူစွာ စိတ်ထားကရယ်၊ စေတနာသဒ္ဓါတရားကြွယ်၊ လှူဖွယ်ဆိုရင်တကယ်၊ ကျောင်းအမကြီးရဲ့ ဝိသာခါထုံးသက်သေတယ်) ၂
ကုသိုလ်ဒါန မြတ်သီလရယ်၊ ကြိုးစားအားထုတ်ကျင့်ဆောင်တော့မယ်၊ သို့မှလည်း မလွဲကောင်းကျိုး ရ / ပေး လိမ့်မယ်၊ နောင်ခါဝယ်။
===============
ချစ်ဦးပန်
ရေး - မသိ
၁၉၄၀
မောင့်ကို ရီရီလေးချစ်မိတယ်၊ နေ့စဉ်ရွှေမေတ္တာ မှန်းဆရွယ်၊ သက်လှယ် ဤကမ္ဘာဆုံးတိုင် မမုန်းရက်နိုင်ဘူး
ချစ်ဦးပန်စို့ကွယ်၊ အသည်းထဲကစွဲတယ်၊ လယုန်သော်တာမင်း ဝင်းလှတယ်၊ ကောင်းကင်ကြယ်ပေါင်းစုံကြူးတင့်ဖွယ်၊
မိုးတိမ်မြသားရောင် သွေးချယ်၊ ချစ်ရတဲ့သူရယ်၊ စိတ်တွင်းဝယ်မရွှင်ဖွယ်။
(ဖူးစာဘက်ပြိုင် ပေါင်းသင်းဖို့ရွယ်၊ မေတ္တာကရုဏာ ထားသင့်လှတယ်) ၂ ၊ ကြားကလေ တကယ်သွေးရင်
ဝေးလိမ့်မယ် စိတ်ထဲကကွယ်၊ မှတ်ထင်မိတယ်၊ ရီ့ချစ်တဲ့သူ ချစ်ဦးပန်မယ် မောင်နဲ့ကွယ်။
ရီပျိုစားလည်း မဝင်တယ်၊ အိပ်စက်မရတော့တယ်၊ အသတ်ရယ်ဆောင်ခန်းဗွေလယ်၊ ငွေနှင်းရိုက်ခတ် သုန်တယ်၊ အေးလွန်းတယ်၊
သဲဘဝင်ခိုင်ညှာဝယ် ရွှေဝတ်ရည်ခိုင်နွယ်ဖူးတံညှာရယ်၊ ဖော်ကင်းသူဝေးကွာပါတယ်၊ ရီ နေ့တိုင်းမောင့်မျက်နှာကို တရေးရေးတွေးမိကာလွမ်းတယ်။
ဖူးစာဘက်ပြိုင် ... ... မောင်နဲ့ကွယ်။
(နှစ်ဖြာရေစက် မေတ္တာရွှေပနက်ကယ်၊ ဆုံပြန်တယ်၊ ရှေ့ဘဝကုသလ ဖူးစာတော် ရေးတယ်၊ ချစ်သူရယ်) ၂
အသဲစွဲမောင့်ကို မြစ်မိုရ်တောင်မကတယ်၊ ကြည်ဖြူမယ်၊ သက်လှယ်ယခုနေ ရီ့ကို မြင်အားရင်မြတ်ပြီကွယ်။
ဖူးစာဘက်ပြိုင် ... ... မောင်နဲ့ကွယ်။
============
ကလေးမ (၁)
ရေး - မသိ
၁၉၃၉
ကမ္ဘာလူ့ပြည် ဤလောကီဘုံ၊ တဏှာဇောကြွပုံ၊ ဃရာ သံဝါသကိုပုံ၊ ဓမ္မတာစိတ်အာရုံ၊ အဖုံဖုံစွဲလန်းရပုံ၊ သံယောဇဉ်ညွှတ်ကွင်းမှာကြုံ၊
ကာမဂုဏ် သဒ္ဓါဟုတ် သူသူငါငါ ဖောက်ပြန်လာပုံ၊ တဏှာဇောစိတ်ရယ် ငါးပါးအာရုံ၊ စက္ခုရူပေသံဝါသ ရာဂပုတ္တဝိဇာရတိရယ် တရားလှုံ၊
ညည်းမကြိုက်ဘဲ နေနိုင်မှာလား ပြောစမ်းပါ အလုံးစုံ။
ကိုယ့်အလိုကိုယ့်မျက်စိကြိုက် ရူပါရုံတွေ့ဆုံ၊ တစ်ထောင်နဲ့ငါးရာ ကာမဂုဏ်သားတွေ အမှားတကယ်ကြုံ၊ ကမ္ဘာလူ့ဘုံ။
စက္ခုအာရုံ ရူပါရုံ၊ ကြုံဆုံမိရင် ကြိုက်လာပုံ၊ မခင်ရီမှာ သိတယ်အကုန်၊ ကိလေသာမီး ကြီးမားပုံ၊
သဘာဝမို့ စိတ်ဓာတ်ကို ချစ်ကြခင်ကြ မင်ကြ ဓမ္မတာဘုံ (ညည်းကကော ကြိုက်တာပဲ အမြဲပင်ယုံ) ၃
(မှန်ပါပေတယ် တကယ်ပင်ယုံ၊ စက္ခုရူပါ ဂန္ဓာရုံနဲ့ သဒ္ဓါရုံ၊ အာရုံငါးပါး တရားတော်မှာလှုံ) ၂
အများသတ္တဝါကြုံ၊ စကားပမာပုံ၊ ဤလောကဒုက္ခကြီးပုံ သုခလို့မှတ်ရင် မှားမယ်ယုံ။
ကိုယ့်အလို ... ... ကမ္ဘာလူ့ဘုံ။
စက္ခုအာရုံနဲ့ သူ့ရူပါရုံ၊ တို့မျက်စိထဲမှာ ကြိုက်လာပုံ၊ ဟုတ်မှန်ပေတယ်လူ့ဘုံ၊ (မျက်ခုံးမျက်လုံးမူယာစုံ) ၂
မိန်းမချင်းပင်ရီလည်းကြိုက်စိတ်အာရုံ၊ ဇရာဟုန် ကာမဂုဏ် ကြိုက်လည်းကြိုက်စရာ ဆင်းအင်္ဂါစုံ၊
ကြည့်ပါလားရှင့် မချစ်ရင်မနေနိုင်ပုံ၊ စီးကရက်သောက်တဲ့ ဟန်ကလေးကိုက (ဒီလို) ၄ ပုံ၊ မျက်နှာမြင်ချစ်ခင်ကြဖို့
အသံကားသနားစိတ်ပို အမှန်သည်အာရုံ၊ စက္ခုရူပေသံဝါသ ရာဂပုတ္တဝိဇာရတိရယ် တရားကိုလှုံ၊
ချစ်ကြခင်ကြမင်ကြ ဓမ္မတာဘုံ (ညည်းကကောကြိုက်တာပဲ အမြဲပင်ရုံ) ၃
ခင်မင်ပုံ ဆွေးမျိုးမိဘ ကိုယ့်လင်ကိုယ့်သားရဲ့ အဖုံဖုံ၊ ပြစ်မှားကြတဲ့ ဒုက္ခ ဤလူ့ဘုံ၊
သံသရာ သည်ဝဲထဲက အစဉ်မျောရပုံ၊ ကမ္ဘာလူ့ဘုံ။
ကိုယ့်အလို ... ... ကမ္ဘာလူ့ဘုံ။
===============
ကလေးမ (၂)
ရေး - မသိ
၁၉၃၉
ရီ ။ (ကမ္ဘာကြီးရဲ့ လူတို့ပြည်ဝယ်၊ အလှကို လောင်စာပြုတယ်) ၊ စက္ခုအာရုံ မီးတုတ်ကြီးနဲ့ကွယ်၊
တွေ့ပြန်ရင် လောင်ပြန်တော့တယ်၊ မတားနိုင်လေတယ်၊ ဒုက္ခတွေရယ်၊ အမှန်ပဲ သူလည်းငါလည်း အမြဲတွေ့ရတယ်။
အများ ။ ဟုတ်တယ်၊ မှန်ပေတယ်၊ စက္ခုရူပေ သံဝါသ ရာဂပုတ္တဝိဇာရတိတဲ့ ဆိုကြပြန်တယ်၊
ဘုရားအလောင်း ဒေါင်းမင်းညွတ်ကွင်းထဲမှာကွယ်၊ မိဖူးလေတယ်၊ ရှေးအခါဝယ်။
ရီ ။ ဒါကြောင့်ပင် လောကဝယ်၊ ချစ်သွေးဝင် ဇောကြွတယ်၊ ငန်းငန်းတက် မက်မောတယ်၊ မျက်စိအကြိုက်လိုက်ကြတယ်။
အများ ။ အဲဒီအာရုံမဖယ်နိုင်သမျှဝယ်၊ ကမ္ဘာကြီးချစ်မီးတောက်လောင်မယ်။
ရီ ။ အများမိုးခါးရေသောက်ရင် သောက်ကြရလိမ့်မယ်ကွယ်၊ အလှပြင်ဖို့ရယ်၊ သွားမယ်ခုဝယ် ရေကန်ကြီး မနီးရောက်အောင်ကွယ်။
သမာဓိမရှိဘဲ လူတို့မှာလည်း မချစ်ဘဲမနေနိုင်ပြီ၊ နောင်ခါကိုပင်၊ မောင်ထာဝစဉ်တွေ့ရလိမ့်မယ်အတည်၊
ချစ်ရေးခင်ရေးမင်ရေးအစဉ်တွေးမနေနဲ့ မောင်အတည်၊ ကြိုဆိုပါမည်၊ ခင်ပျိုမဒီ သွားလိုက်အုံးမည်၊
ဘုရားရှင်စော မိန့်ဟောတာလဲ ငါနားထောင်ပါမည်၊ ရူပါရုံကို မြင်ပြန်ရင်လည်း ကြောက်စရာကောင်းသည်။
မောင့်မှာစိတ်မှာ စွဲလန်းသည်၊ ခင့်ရူပါ အဆင်းကလေး ဝင်းကြည်ကြည်၊ မင်းပပအသွေးညီ၊
မောင့်မျက်စိထဲကမထွက်နိုင်ပြီ၊ ပျိုမဒီယခုပင် သူ့ကိုတွေ့အောင်ရှာမည်။
အို ဘကြီးရယ်၊ မိန်းမတစ်ယောက် သည်အနားဆီ (ရိုးရိုးလေးခုသွားသည်) ၂၊ မတွေ့လိုက်ဖူးလား ပြောစမ်းပါကျနော့မဒီ။
အဖိုးအို ။ ဟေ့မောင်ရင်ရဲ့ ဘကြီးပြောမည်၊ ဒိဋ္ဌိမှတ်ထားဘုရားဟောစာရှိသည်၊ ရူပါရုံကိုအတည်၊ မြင်ရုံနဲ့ပင် ရပ်မှတော်မည်။
ရီ ။ မှန်ပေသည်၊ စက္ခုရူပေ သံဝါသ ရာဂပုတ္တ ဝိဇာရတိ ပွားမြင်မိတဲ့ သံယောဇဉ်တွေ၊ ကျနော့မှာ ငြိကာကျန်လေပြီ။
===========
ရီရီတို့ရွာ
ရေး - မသိ
၁၉၃၇
တို့အများရယ်က ဝမ်းစာရှာ၊ လယ်ပြင်မှာ ကျန်ကောက်သင်းကိုလ တစ်နေဝင်ဘယ်မပျင်းပါဘူ့ (ပျိုဖော်တစ်သင်းတို့မှာ) ၃ သီချင်းသံကသာ။
(ဝမ်းစာရေးမနှေး၍သာ လုပ်ကိုင်တာ ရီရီ ရီလေး တို့ရွာငယ်မှာ) ၂၊ (စပါးမြေ ဟိုတလင်း ပျိုယမင်းအချင်းချင်းတို့မှာ) ၂
စပါးများလှေ့ကာ ပျော်ပျော်ရွှင်စွာ အရေးသာ နေ့တိုင်းပါရှာကြတာ ထမင်းထုပ်ကလေးနဲ့
ငပိရေတို့စရာ ယူဆောင်ကာလာ၊ ကန်စွန်းကြာရိုးရယ်၊ ပိတ်စွယ်လည်းပါတာ။
(ရီရီချစ်တဲ့ကြိုက်တဲ့သူရယ် ကိုကို ရှင်လည်း လာကျွေးမှာ) ၂၊
(ဟိုကညင်သစ်ပင်အောက်မှာ နှစ်ယောက်ဝင်၍သာ တူပျော်စွာ) ၂၊ ချစ်တင်းဆိုကာ ရီရီထမင်းကို စားချင်လေတာ။
(စပါးရိတ် ကောက်သိမ်းချိန်မှာ သောက်ရေဗူးတွေ အမြဲဆောင်၍လာ) ၂ ၊ (တေးချင်းသံတွေများ တကယ်ပင်နားဝချိုစွာ) ၂
နေ့တိုင်းပါ ပျို့တို့ဘာသာ၊ တို့ရွာလယ်မှာ၊ စပါးရိတ်နေကြတာ၊ မိရိုးဖလာလုပ်ရေးကိုင်တာ၊ ဝမ်းစာကိုသာအမြဲရှာမှီးကာ၊
မခင်ရီပျိုမှာဗလချိုက်အင်္ကျီကိုသာ အမြဲဝတ်ကာ၊ ချွေးရည်စိုကာ၊ ပျို့လယ်တောရွာ၊ နေ့စဉ်ဝမ်းစာရှာ။
(ခေါင်းပေါင်းကြီးရယ်နဲ့ ဖားလျားသာ) ၂ ၊ (ပျိုတို့မောင်မှာဝါးဖောင်များဆီက) ၂ ၊ ငါးမျှားလို့လာ။
တို့တောရွာ ပျိုတိုင်းမှာ သောက်ရေအိုး ရေချိုး၍ ရွက်လာပြန်ရတာ၊ အချင်းချင်းပ အတင်းဖွဲ့လာ၊ မီးရောင်လေးတွေထွန်းကာ၊
အိုလေ လွမ်းတဲ့ပါ၊ လဘက်ရည်ကြမ်းကို သောက်ကာ၊ ငခြောက်ကလေး မီးမြှိုက်ကာ၊ ဖက်ဖြူလိပ်ကိုသာ မကြာ၊
သောက်ရှူကာ၊ စိုင်းဖွဲ့၍သာ စကားဆိုကြ ညအခါ လသာ လုပ်ကိုင်ရေးကိုသာ။
ခေါင်းပေါင်းကြီး ... ... ငါးမျှားလို့လာ။
=============
သန္ဓေသူ
ရေး - မသိ
၁၉၃၉
ရှုမျှော်ခင်း လမင်းရယ်တဲ့စန္ဒီမောင်၊ ကိုကိုကညာ ဘယ်မှာလွမ်းရှင်ညွန်းပြခဲ့ပါ၊
ခိုင်ရွှေဝါ လေပြေလာလို့ယိမ်း မြစိမ်းနွယ် အဖော်အတွက်ရယ် လွမ်းချက်ကနာ။
မြမာလာသန္ဓေမှီးကာ၊ တောကြီးရယ်တောင်စွယ်နန်းတွင်းမှာ၊ အဖော်ကင်းကွာ၊ လူ့ပြေသနင်းမှာ သက်ဆင်းလာ၊
ပျင်းဖို့သူဟာ၊ အပျင်းလက္ခဏာထူးတဲ့သူပါ၊ ရွှေဖူးစာရေးပုံ ဆန်းတာ၊ ပန်းများထုံကြိုင်ရဂုံမြိုင်နန်းမှာ၊
ပန်းအားဖြေကာနေချင်ဖို့ ချစ်သူနဲ့သာ။
မာလာရွှေဝတ်ညှာမွှေးဖြာ၊ လေပြေလေညှင်းလို အေးကာ၊ နေခြည်လင်းရောင် သွေးဆောင်လေရာ၊
မှီတင်းကာ ပျော်ကြစရာ၊ ကြည်လင်စွာချစ်သူချင်းသာ သည်ဝနာတောမြိုင် တွင်းမှာ၊
သစ္စာကိုထားကာထားကာ၊ ကမ္ဘာရေမြေဆုံးတိုင် မမုန်းနိုင်ပါ။
ပန်းခိုင်ရွှေဝါ၊ နန်းမြိုင်သေလာ၊ နွမ်းယိုင်ကြမာလာ၊ ဖူးစာနတ်ရှင်တွေမြင်ခဲ့ရင် အပြစ်တင်ချင်တော့တာ၊
ချစ်သူမောင် မောင်တော်ကင်းလေတာ၊ မျှော်ကာမှန်း လွမ်းယောင်ကြမာလာ။
(ချစ်ခင်စွာ ရီနဲ့မောင်မှာ၊ ကိန္နရီ ကိန္နရာတို့ပမာ၊ နှင်းဆီရယ်ခွာညိုစပယ် အသွယ်သွယ် ထူးကာမြူးကာ၊
ရီရီ မောင်ရယ်ယူ / ကိုကိုရယ်ချူ ပေးပါကွယ်၊ သစ္စာပန်း ဆင်မြန်းချင်တယ်၊
ဖွယ်ဖွယ်ရာရာ ပျော်ချင်လှပါ၊ ဆန္ဒကိုသာ ဖြည့်မယ့်သူပါ) ၂
ဖြစ်လေရာဘဝမှာ၊ ခြွေရံသင်းပင်းစုံစွာ၊ ကုသိုလ်ပြုကာ၊ ဆုမွန်တောင်းမှာ၊ ရံရွေတော်မပါ၊ တကိုယ်တည်းဖြစ်ပေါ်လာ၊
ချစ်ခင်စရာလဲ အမြဲပင်ကင်းကွာ၊ မြိုင်စခန်းမှာ လွမ်းရသူပါ၊ ဖိုးရွှေလမင်းရယ် ချစ်သူချင်းဆက်သွယ်ခဲ့ပါ။
ပန်းခိုင်ရွှေဝါ ... ... လွမ်းယောင်ကြမာလာ။
============
ပန်းတစ်ပွင့်
ရေး - မသိ
၁၉၄၀
ပန်းတစ်ပွင့်ကို လှမ်းလင့်ကာချူမယ့် သူမပေါ်လာ၊ ဖော်ကွာတော်မဟာ ရော်ကာ တင်းရှာတော့မှာ၊ မျှော်ရှာရင်းပင် လွမ်းရစ်တာ။
(ရီပျိုမောင်ဥပမာပြကာ၊ ဟောင်ထိပ်မှာ ရွှေကြာ ပန်းသီးပုံပမာ၊ ပြုမပြင်ရင် သီးချက်တွေ ဝေဆာလျှမ်း ပြည့်စုံလေတာ) ၂
တောလယ်မှာ ပွင့်နေထဲကသာ၊ ဆန်းစီလျှမ်းလီပန်းတစ်ပွင့်ခေါ်လောက်ပေတာ၊
တော်ကောက်လျှင်မဟာမြှောက်လျှင် မလွဲသို့ကလောက်ပဲ မူယာသာ၊ သူဇာကညာတစ်ပွင့်ပန်းကို ချစ်တဲ့သူသာ၊
ခူးဆွတ်သင့်တာ၊ ((မဆွတ်ခင်ညွတ်ချင်ရက်ပါ၊ ဇွတ်တမင်လွှတ်ရင် ခက်မှာ) ၂ ၊
ချူချင်သူဒုနဲ့ဒေးပါ၊ လူမြင်ရင် ပြုပြင်နဲ့ ဝေးအောင်သာ၊ မောင်ရယ် ပြစ်ရက်ခါခါ) ၂
(ချိန်ခါမီ လာမရောက်ရင် ရစ်ဝဲ့ကာ၊ ပိတုန်းတွေတစာစာ၊ ခိုင်ရွှေဝါ ဝတ်ရည်ဦးကို တင်းလုတော့မှာ) ၂
အားနွဲ့သူခက်ရှာပေါ့တခါ၊ ထားခဲ့မူ အသက်ပါတော့မှာ၊ ပျိုမဒီ လှမ်းနိုင်ခဲ့ ပေတာ၊
ပန်းဝတ်ရည်ပျားတွေမသုံးမီလာ၊ လှမ်းဆွတ်ကာထား ပျိုဘုန်းမဒီကညာ၊ ချူမယ့်သူလာ ပြုံးလျက်ပါမောင်ရာ။
(မဆွတ်ခင်ညွှတ်ချင်ရက်ပါ ... ... ပြစ်ရက်ခါခါ) ၂
(မြင်မြင်သူပန်ချင်ရက်ပါ၊ ပျိုခင်မူသံလျင်ခက်မှာ၊ ချစ်သူအတွက်သာ) ၂ ၊ မောင့်မျက်နှာ သော်တာမင်းနှယ်
စောင့်လျက်သာမျှော်ကာပြင်းတယ် ဝါဝင်းသူတပွင့်ပန်းမှာ၊ ပန်ထိုက်သူပေါ်မလာယော်နွမ်းတော့မှာ၊
ဝေဝေဆာ လေပြန်ယိမ်းကာ၊ ကိုင်းညွှတ်ကာ၊ ညှာချူလှည့်ပါ၊ စံထိုက်သူရွှေတံချူနဲ့သာ၊ ကြွမြန်းကာလာ မြင်စမ်းချင်တာ။
(မဆွတ်ခင်ညွတ်ချင်ရက်ပါ ... ... ပြစ်ရက်ခါခါ) ၂
================
အောင်စေတီ
ရေး - ဒဂုန်ဆရာတင်
၁၉၃၇
မြပန်းရယ်တဲ့စေတီ၊ တူနှစ်ကိုယ်မေတ္တာစိမ့်စမ်းသစ္စာအဓိဋ္ဌာန်ထားကာတည်မည်၊ (ရီရီ) ၂ ဆုတောင်းပြည့်ပါမည်။
မြပန်းစေတီ၊ ဓိဋ္ဌာန်ပြုလို့ ယခုတည်မည်၊ မြပန်းစေတီ၊
(ဇီဇဝါ ကြည်ပြာ ခတ္တာဇလတ်ပါ ပန်းသော်ကနှင်းဆီ) ၂ ၊ မြပန်းစေတီ ပန်းစေတီ။
(ခင်နဲ့မောင် ရှောင်မလွဲ ရွှေမေတ္တာတော် မြဲဖို့ရည်) ၂၊
(မပျက်မယွင်း ပန်းစေတီ၊ ကူးမြောက်ပါရစေ) ၂၊ မြတ်ပန်းစေတီ ပန်းစေတီ။
((ပန်းမျိုးတစ်ထောင် အောင်စေတီ၊ စေတနာပြုပါမည်) ၂ ၊
(ကမ္ဘာရှည် ပါရမီ၊ အော် မြတ်နိဗ္ဗာန် ဓိဋ္ဌာန်ကြ တူနှစ်လီ) ၂ ၊ ယှဉ်တွဲကာနွှဲပါရစေ၊ ရီရီပျိုဆုတောင်းသည်) ၂
(သစ္စာတည်တည်၊ (ပြီးမြောက်ဖို့ရည်) ၂ ၊ ဤပန်းစေတီ) ၂ ၊ ပျော်ပျော်ရွှင်ရွှင် ခင်မင်ယုယ ယခုဘဝပေါင်းဖို့ရည်။
((အသက်ငယ်ငယ်ကလေးနဲ့ ဘုရားအမခေါ်ထိုက်ပေသည်၊ ဒဂုန်ဆရာတင် တကယ်ပင်ပြောသည်) ၂
ပန်းစေတီ ထုံသင်းကြည်၊ အို အဆင်းညီ ရောင်စုံယှက်သန်း အံ့မခန်းအောင် တောင်ခြေမယ်ခွာ ဖြာဖြာရောင်ညီ) ၂
ခင်နဲ့မောင်ရှောင်မလွဲ ... ... ပန်းစေတီ။
====================
ချစ်တာတစ်ခုတည်း
ရေး - ဒဂုန်ဆရာတင်
၁၉၃၈
(ကမ္ဘာသူကမ္ဘာသား လူအများပင်၊ နိဗ္ဗာန်သို့ အားလုံးဝင်) ၂ ၊ (မိုးအောက်မြေပြင်မောင်နဲ့ခင်၊ နှစ်ယောက်တည်းကျန်ခဲ့ချင်) ၂
ဇွဲကောင်းကောင်းနဲ့ အသဲအမဲကြီးကြီး ချစ်ပြီးချစ်ရင်းချစ်နေချင်။
(လူတွေအနန္တ မချစ်ဖူးသူရှာရင်ရှာ ယောက်ျားမိန်းမကိုယ်စီကိုယ်ငှာပင်) ၂ ၊ (အပျိုစင် နကိုယ်ယဉ်၊ ချစ်မယ့်သူ မရှိသေးခင်) ၂
မချစ်ဖူးတဲ့ရင် တွေ့ကြလိမ့်မယ်ထင်၊ ချစ်တာကြိုက်တာ ဘယ်လိုသဘော ဘယ်လိုလဲထင်။
(ချစ်မိတော့လည်း မခွာချင်၊ ကြိုက်မိတော့လည်း ဟောဒီကမ္ဘာတွင်) ၂ ၊
ချစ် ချစ်တာတစ်ခုတည်း သဲသဲမဲမဲပင်၊ ပျိုမေတ္တာစုမြဲချစ်ချစ်တာတစ်ခုတည်းပင်။
(မိဘမောင်ဖွား အချစ်နွယ်ဝင်၊ ငါးရာနှစ်ဆယ် ရှစ်သွယ်တွင်၊ အမြင်အား ထင်ရှား လင်မယားဖြစ်တဲ့ရင်၊
ထောင့်ငါးရာတဏှာမာန်ဇောဝင်) ၂ ၊ ချိန်ခွင်ဘေးနှစ်ဖက်တွင် အလေးစက်ကာတင်၊ ကမ္ဘာတွင် မယားနဲ့လင်၊
တအားချစ်ချင်၊ မယားနဲ့လင် ထာဝစဉ်၊ အမြဲတန်းသာ စွဲလန်းကာပင်။
(တစ်နေ့မမြင်တစ်လထင်၊ ချစ်လက်စကြောင့်ပင်၊ အသဲစွဲအောင် လှိုက်လှိုက်လှဲလှဲ အရိုးထဲက ချစ်ခင်) ၂
အသားထဲက ချစ်ချင်၊ အကြောထဲကချစ်ချင်၊ ကုသိုလ်ကံကောင်းလို့ ပြန်ပေါင်းရမယ့် အချိန်တွင်၊
နီးနီးကပ်ကပ် ပျော်ပျော်ရွှင်ရွှင် ပေါ်ပေါ်ထင်ထင်၊ ပျော်ပျော်ရွှင်ရွှင် နေရတော့မယ်ထင်။
ချစ်မိတော့လည်း ... ... ချစ်တာတစ်ခုတည်းပင်။
=================
ဣဋ္ဌာရုံ
ရေး - ဒဂုန်ဆရာတင်
၁၉၃၇
မှောင်ခြွေပယ်ခွင်းတဲ့ မြအဆင်းလမင်းရောင်စုံ၊ လူတိုင်းစိတ်မှာ ဣဋ္ဌာရုံ မာလာမုံကင်းတဲ့ လေညှင်းသုန်သုန်၊
ငွေနှင်းမှုန်မှုန်၊ ချစ်တဲ့သူ ရင်ခွင်ထဲမှာလှုံ။
((ညဉ့်သုံးယံလုံးမောင်မယ်တူစုံ၊ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အော် မျက်စိအာရုံ ဣဋ္ဌာရုံ။) ၂
(စကားလက်ဆုံ ပြောလို့မကုန်၊ ချစ်ခြင်းပီယ လောကလူ့ဘုံ) ၂ ၊
(သံပြိုင်ဆိုတေး ချိုအေးလှတဲ့ နားအာရုံ၊ ကြည်ကြည်နူးနူး ရသာထူးတဲ့ ဣဋ္ဌာရုံ) ၂ ) ၂
(ပျိုပျိုအိုအို ချိုချိုမြမြ အလိုတော်ကျတဲ့ ဣဋ္ဌာရုံ) ၂ ၊ (စကားမှာလဲ ဣဋ္ဌာရုံ၊ စားစရာလည်း ဣဋ္ဌာရုံ၊ ကောင်းသောနိမိတ် ဣဋ္ဌာရုံ) ၂
(မင်္ဂလာရှိတဲ့ဣဋ္ဌာရုံ၊ ပြိုင်ဘက်ကင်းတဲ့ ဣဋ္ဌာရုံ၊ ကြိုင်ကြိုင်သင်းသင်း ဣဋ္ဌာရုံ) ၂
(စက္ခုသောတဂန္ဓ ဇီဝကာယမနပါခြုံ) ၂ ၊ ခြောက်ပါးအာရုံ ကောင်းသောဣဋ္ဌာရုံ။
(အသံထွက်ဇာတ်ကား သီချင်းပေါင်းစုံ၊ ခင်ခင်ရီ ဆိုပုံကပုံ) ၂ ၊ ဒဂုန်ဆရာတင် သင်ထား၍ အမြင်အကြားအများဣဋ္ဌာရုံ။
===============
ဖလ်ပေါင်းချောင်
ရေး - ရန်နိုင်စိန်
၁၉၄၀
ခနဲ့တဲ့သဘောနဲ့ စကားနာကလေးတွေ ပြောတတ်တဲ့သူရယ်၊ သူ့ကိုလေဘုရားတစ်ဆူဂူတစ်လုံးရယ်လို့ မုန်းတဲ့စိတ်မထားဘဲနဲ့
အများကြီး ကြည်ညိုပါတယ်၊ တကယ့်စေတနာထူးနဲ့ ပြုစုတာတွေရယ်၊ သူ့ကိုဂရုမစိုက်ဘူးရယ်လို့ ဆိုပြန်လေတယ်။
(ဝဋ်ငါးပါးထားဖို့ ရီရီပျိုနားလည်၊ ဒါနဲ့တောင် စကားနဲ့ အလွန်ပင်တင်စားတယ်) ၂
တရားအကြောင်း စံမူပြမယ်၊ မယားကောင်း သမ္ဗူလနှယ်၊ ပေါင်းဖက်လို့ ကြည်ဖြူမယ်၊
မဂ်ဖိုလ်နန်းကို မှန်းဆရွယ်၊ ရေပူရေချမ်း ကမ်းလှမ်းပါတော့မယ်။
သံပြိုင် ။ (မောင့်တာဝန် ကျေပွန်လို့ရယ်၊ တကယ်ပင် ဝဋ်ငါးသွယ်၊ (မောင့်ကိုလေ) နေ့စဉ်ပင် ပန်းလိုရှုကာ
အလွန်ဂရုစိုက်ပါတယ်) ၂၊ ဒါထက်များဖြင့် ရှင့်ကို ဒါထက်များဖြင့် မောင့်ကို ဘယ်လိုပင်ထားရပါမယ်၊
ဖလ်ပေါင်းချောင်နဲ့များ ကိုးကွယ်ရအုံးမလားလို့ မေးချင်တယ်။
(ကို မောင် လိုရာကို အားလုံးပေးပြီး အများကြီး အရေးစိုက်တယ်) ၂ ၊
(သဘောထားကောင်းသူ ကျမကိုရယ်၊ အမျိုးမျိုးနဲ့ပင် အပြစ်တင်တယ်၊ ထောက်ထားပါလို့ ညှာတာကွယ်) ၂
ချစ်တဲ့လူတစ်ဖက်သားကို အားလဲမနာသူရယ်၊ ဒီကတော့ ကြည်ဖြူတယ်၊ သိကြားနတ်များကို အားလုံးသက်သေတည်။
သံပြိုင် ။
(မောင့်ကိုသာသွားလေရာ မျက်နှာပွင့်လန်းဖွယ်၊ နေ့စဉ်သာ ညစဉ်ပါ ရွှေမေတ္တာလောင်းတယ်) ၂
(ရှင့်စိတ်ကြိုက်ကို ထာဝစဉ်ရယ်၊ မောင့်စိတ်ကြိုက်ကို ထာဝစဉ်ရယ်၊ ရီပျိုလိုက်လျောခဲ့ပါတယ်) ၂
တကယ်စိတ်ထဲမှာ မငြိုငြင်ဖွယ်၊ အဟုတ်ပဲ မောင့်ကို ရီရီချစ်ပါတယ်။
သံပြိုင် ။
============
ပင်နီအင်္ကျီ
ရေး - ရွှေဂုန်ညွန့်
၁၉၃၉ ဖေဖော်ဝါရီ
(အမျိုးသမီးပျိုများညီ၊ ပင်နီအင်္ကျီကိုယ်စီ၊ ဆင်မြန်းလေပြီ၊ ယဉ်ကျေးသည်) ၂ ၊ တိုင်းရင်းဖြစ်ပင်နီ၊ တကယ်သုံးစွဲချင်ပြီ၊
ငွေကုန်ကြေးကျအဖိုးနည်းသည်၊ ခေတ်အခါကြုံလာပြီ၊ ခင်ရီလေးမှာအားပေးဆင်မြန်းမည်၊ အမျိုးသမီးတွေ သူခေတ်နဲ့သူသုံးကြပြီ။
သံပြိုင် ။ မြန်မာတို့တိုင်းဖြစ်ကို သုံးတော့မည်၊ ပင်နီကိုလည်းဝတ်ရင် တစ်မျိုးလှမည်၊
အလွန်ပင် ယဉ်ကျေးသိက္ခာတည်၊ အမျိုးသမီးတွေ တိုင်းပြည်လုံး ကုမ္မာရီ။
ဟိုယခင်အခါရှေးတွင်၊ ယောပင်နီ အင်္ကျီမှယဉ်သည်၊ အင်မတန် ကွာခြားပြီး၊
အဲဒါတွေတွေးလိုက်ရင်၊ နိုင်ငံခြားအထည်ချုပ်ခါ ဝတ်ဆင်ရမှယဉ်သည်၊ ထင်မြင်တာမှားမည်၊ ခုနေသိသင့်ပြီ။
သံပြိုင် ။
(မြန်မာရွှေပြည် နိုးကြားချိန်ရောက်ခဲ့ပြီ၊ ချွေတာရန်အတည်၊ တိုးပွားစိန်ကျောက်နဲ့အညီ) ၂
ဖြာဖြာဝေမည် ပြည့်စုံသည်၊ မြန်မာတွေအတည်၊ ကြိုးစားညီညွတ်ခဲ့ရင် ရတနာတွေစီ၊ ပေါများမယ်တိုင်းကြီးပြည်။
သံပြိုင် ။
ယက်ကန်းပညာတွင် စိတ်ပါသည်၊ တိုင်းရင်းလက်ယက်ထည် တည်ထောင်မည်၊
ကိုယ်ပိုင်လုပ်ငန်းတည်၊ ရီရီပျိုစိတ်ကရည်၊ ရွှေဂုန်ညွန့်က တေးသွားကိုရေးသားစီ။
သံပြိုင် ။
==============
ခင်နှင်းရီ ။
==============
================
ပျို့ကျေးရွာ
ရေး - စမ်းသော်တာ
၁၉၃၉ စက်တင်ဘာ
ချိန်ခါငယ်ညီ၊ ထိန်ဝါစီရွက်ညှာဟောင်းငယ်တို့၊ (သက်ပြောင်းခါ) ၂ ၊ ဘဝကူးပြန်တော့၊ မြအဖူးခိုင်သရဖီနဲ့ မြိုင်မဟီစောင်း။
(ကျေးငှက်ကသာ သင်းပင်ဖွဲ့ရှာ၊ စိမ်းလဲ့လဲ့ညိုပြာပြာ လွမ်းဖွယ်ပေါတဲ့ ပျိုကျေးရွာ) ၂၊ မြိုင်ခွင့်စုံဝှမ်းရဂုံနန်းမှာ၊
ဘာသာဘာဝပျော်ကြရှာ၊ ပုလွေတစ်ချောင်းနဲ့ ခမောက်ကို ဆောင်းကာ၊ နွားကျောင်းသားတို့ပြန်ချိန်မှာ၊
ဥဩပျိုမြူးပျော်လို့ဝဲခါ၊ ရွှေချိုးဖြူကူသံကိုလည်း ကားရတာ။
သံပြိုင် ။ (ငှက်ပေါင်းစုံ မြူးတူးပျော်ခါ၊ မြိုင်မာလာ တောကြီးဟေမာ၊ ပန်းပေါင်းနံ့သာကြိုင်စွာ၊
ပျို့ကျေးရွာ အေးချမ်းသာယာ၊ ဝေဝေဆာ ပန်းပေါင်းစုံစွာ၊ အခင်းခင်း သင်းပျံ့ရှာ) ၂
(ညနေ ရေခပ်ဆင်းသူတို့မှာ၊ ပန်းစုံဆင်မြန်းကြတို့ခူးကာ၊ တေးစုံသံချိုညင်းလို့ကြူးရှာ) ၂
(လယ်ထွန်နွားကျောင်းစုပေါင်းလို့သာ ပျို့ကျေးရွာ) ၂ ၊ လယ်ပုဇွန်အသုပ်နဲ့ ဆူးပုပ်ပါ၊ ဝိုင်းဖွဲ့ကာထမင်းကြမ်းနဲ့ ပျိုစားမှာ။
သံပြိုင် ။
=============
လေညှင်းခံ
ရေး - ကြယ်တံခွန်
၁၉၃၉ ဇူလိုင်
တိမ်မိလ္လာခြယ် ဒေါင်းစကြာမင်းရယ်၊ အနောက်ဂေါရာယွန်းလုချိန်ဝယ်၊ သဲကမ်းစပ်သောင်ပြင်ဝယ်၊
စိတ်အေးချမ်းဖွယ် ပျို့ချစ်သက်လယ် လမ်းလျှောက်စို့ကွယ်၊ ပင်နီလည်းဝတ်ခဲ့မယ်၊
အချစ်ရယ်၊ ချစ်အေးတဲ့ညှင်းလေခံချိန်ဝယ်။ သန့်ပြန့်တဲ့မြစ်ကမ်းနားကကွယ် သွားကြမယ်၊
တွေ့ရအောင် ဟိုတောတန်းကရယ်၊ လိုက်ခဲ့ကွယ် မယ်နဲ့မောင်လွန်ပျော်မြူးဖို့ရယ်။
(နေညိုညိုချိန်ဝယ်၊ လမ်းလျှောက်လို့ကွယ်၊ အညောင်းဖြေမယ်၊ ကြည်လင်ဖွယ်ညနေစောင်းတော့လေကောင်းရတယ်၊
ပျို့ချစ်သက်လယ် လိုက်ခဲ့တော့ကွယ်) ၂ ၊ သွားကြမယ်။
စိတ်ပျော်ရွှင်ဖွယ် မြစ်ကမ်းမယ်၊ ရွက်လှေတွေလည်းတွေ့ပါတယ်၊
သဲသောင်ပြင်ဘွေကမ်းခြေတဝိုက်မယ်၊ ညှင်းလေခံဖို့လျှောက်ခါလည်။
(ဧရာကမ်းမယ်၊ ရွှေဇင်ယော်ငှက်ကယ်၊ လေဟုန်စီးများစီးလို့ပျံရှာတယ်၊
ပျိုချစ်တဲ့သူရယ်၊ အားကျဖို့ကောင်းတယ်၊ ကြင်ဖော်တွဲလို့ဝဲကြတယ်) ၂
နေညိုညို ... ... သွားကြမယ်။
=============
ပျိုအိပ်ချိန်
ရေး - ကြယ်တံခွန်
၁၉၃၉ အောက်တိုဘာ
ချိန်ညချမ်းခါလေပြေသန်းခါ၊ မေပျိုဖြန်းမှာ ချမ်းနေရရှာ၊ ကြက်တွန်သံတစ်ခါခါ၊ ချိန်ညဉ့်နက်မှာ
လွန်စွာသာယာကြည်နူးလှတာ၊ မောင်မောင်ကမလာ ဘယ်ဆီမြန်းတာ၊ သဉ္ဇာခန်းမှာ နွမ်းခွေလို့သာ။
တိတ်ဆိတ်တဲ့ ညကာလမှာ၊ မေတ္တာဓာတ်တွေဖြာ၊ တစိမ့်စိမ့်နဲ့ ဖိုးရွှေလဟာ၊ အားကျလို့နေတာ၊
ကျီစယ်ပျော်ပါးကြတာ၊ ပျိုပျိုမေအားမရပါ၊ ပျိုအိပ်ချိန်ညအခါ။
ချစ်တာတွေကိုသာ အောက်မေ့တာ၊ လွမ်းလှပါပြီကိုကို ညနေတိုင်းပျို့မှာ
အေးတဲ့ရာသီချိန်မှာ၊ မောင်နှံနွှဲလို့သာ နေရထိုင်ရတာ ဝမ်းသာ။
(တစ်ကိုယ်ရေတည်း မနေရဲလို့ လာခဲ့ပါ၊ ငွေစန္ဒာပြောင်လွန်းလို့ ထိန်လင်းဝါ၊ သည်ချိန်ခါ၊
ပျိုအောက်မေ့ပါတော့တာ) ၂ ၊ အိပ်စက်လို့ ပျိုမေမပျော်ပါ၊ အုံးသဉ္ဇာ အေးလွန်းတဲ့ညမှာ၊ ချစ်သူရယ်မြန်းကြွခဲ့ပါ။
တိတ်ဆိတ်တဲ့ည ... ... ညအခါ။
ချစ်တာတွေ ... ... ဝမ်းသာ။
==============
စိန်ဂျွန်းခင်မေ ။
==============
===================
မြင့်မိုရ်ပွဲ
ရေး - မသိ
၁၉၄၀
မြင့်မိုရ်ခေါ်ရာသီပွဲတွင်၊ အဓိပ္ပာယ်လည်းပေါ်အောင် အတိတ်ဆောင်ရလေလျှင်၊
မြတ်စွာဘုရားသခင်ရှိစဉ်တုန်းအခါတွင်၊ ဝါမဆိုမီအချိန်ပင်၊ တာဝတိံသာနန်း ကြွမြန်းတော်မူလျှင်။
ကျေးဇူးဂုဏ်အင်၊ မွေးမိခင်မယ်တော်အား တရားမြတ်ရေစင်၊ ဆက်ညာပါရလျှင်၊
(စိန္တေပရမေအရှင်၊ ဖူးမျှော်လာကြ တစ်သောင်းစကြာဝဠာကပင်၊ ခညောင်းကြရှာ နိဗ္ဗာန်ကိုမြင်) ၂
အဘိဓမ္မာတရားဟောကြားလို့ပင်၊ ဝါတော်ကုန်အောင် သနားတော်မူလျှင်၊ ကျွတ်ထိုက်သူလူနတ်ဗြဟ္မာ ထွက်ရပ်ကိုပါမြင်၊
ဘဂဝါပရမေအရှင်၊ ဦးတင်ကာပ မဂ္ဂင်လမ်းနဲ့ ဖိုလ်လမ်းရမှာပင်။
သံပြိုင် ။ (မြန်မာတွေ မြင့်မိုရ်ပွဲကိုနွှဲဆင်၊ ပူဇော်သဘင်သတင်းဝါကျွတ်ရင် အမြဲပင်) ၂
ဗုဒ္ဓဘာသာဝင်၊ လက်အုပ်ချီကာပင်၊ အစိန္တေယျာအရှင် စိတ်မှာရည်စူးလို့ပင်၊ ပျော်ပျော်ရွှင်ရွှင်ကန်တော့ပါသရှင်၊ အမြဲပင်။
(နတ်ဗြဟ္မာများရဲ့သခင်၊ စီစဉ်ကာလူ့ရွာဆင်းခဲ့လျှင်၊ ချွေရံတော်တွေ စုံစုံလင်လင်) ၂
သင်္ကဿနဂိုရ်ပြည် ပို့ဆောင်မြန်းကြွအင်၊ ပျော်ပျော်ရွှင်ရွှင် မီးရှူးတွေနဲ့ပင်၊ ရွှေစောင်းတန်း ငွေစောင်းတန်းဖန်နန်းဗိမာန်
နန်းမအဆောင်တွင်၊ ထွန်းညှိကာပင်၊ ရောင်စုံကြည်လင်၊ ပတ္တမြားငွေစင်၊ ပူဇော်အင်၊ နှစ်ပါးရွှေတင်၊ သူငါပင်၊
ပူဇော်သဘင်ကျင်းပဆင်၊ ပျော်ရွှင်ဖွယ်ကောင်းလှသရှင်၊ မြန်မာ့ဘုရင်ပြုကာပင် ကုသလာတွင်၊
(မိဘဘိုးဖွား စုရုံးပြုံးရွှင်၊ မီးပူဇော်သဘင်) ၂၊ သဒ္ဓါကြည်လင် နိဗ္ဗာန်ပြည်ဝင်၊
ပျော်ရွှင်ရွှင်တောင်းဆုကိုဆင်၊ ပြည်သူများပင် နွှဲပျော်ကြအင်၊ စိန်ဂျွန်းခင်မေ နားတော်သွင်းပါသရှင်။
သံပြိုင် ။
==============
သမ္မတနိုင်ငံ
ရေး - မသိ
၁၉၄၁
ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ဩဘာနိမိတ်ထွန်းခဲ့ပေ၊ သာသနာရောင် ထွန်းပြောင်ဖို့အခြေ၊
ဆုတောင်းပါသလေ၊ အမိမြန်ပြည် သမ္မတနိုင်ငံဖြစ်ပါစေ။
နိုင်ငံအသီးသီးရှိကြပေ၊ အနည်းနည်းအဖုံဖုံဝါဒတွေ၊ ဗမာပြည်မရောက်နိုင်အောင် ဆုတောင်းမေတ္တာရေ၊
အော် ဘာဝါဒတွေ ညာဝါဒတွေ မလာကြနဲ့ ဗမာပြည်ကိုလေ၊ ဘာသာ သာသနာ ပညာထွန်းကားဖို့ ကြိုးစားလို့နေ၊
ဗုဒ္ဓဝါဒ ဓမ္မဝါဒ သံဃာ့ဝါဒတွေ၊ ပြန့်ပွားမှ သာယာစည်ပင် တိုးပွားမလေ၊ နည်းသစ်နှင့် လမ်းထွင်ကာ ဗမာပြည် ကောင်းစားဖို့အခြေ၊
ကြံစည်အပ်ပေ၊ တိုင်းရင်းသားတတွေ၊ ခဏမကြာ (ဗမာပြည်) ၂ သမ္မတနိုင်ငံဖြစ်မည်အမှန်မသွေ။
သံပြိုင် ။ ဗမာတိုင်းသိဖို့လေ၊ နှိုးဆော်ရပေ၊ ဗမာပြည်ထွန်းကားဖို့ ကြိုးစားပါလေ၊ (အောင်သပြေ) ၂၊
ညောင်ရေလောင်းကာနေ၊ အမျိုးကောင်းတိုင်းရင်းသူတွေ၊ ဖွားမြောက်ပါစေ၊ အမျိုးကောင်းတိုင်းရင်းသားတွေ ဖွားမြောက်ပါစေ၊
သဲသဲမဲမဲ စွဲစွဲမြဲမြဲရဲစိတ်သွင်းလေ၊ မကြာပေ၊ ဗမာပြည်သမ္မတနိုင်ငံဖြစ်မည် မှန်မသွေ။
ကိုယ့်တိုင်းကိုယ့်ပြည်ဌာနီကိုလေ၊ နည်းပေးလမ်းပြဘယ်ဝါဒမှ မလာရပေ၊ အမိမြန်မာပြည်ပဒေသာ မြေမှာပေါက်မည်မသွေ၊
စိတ်၏ချမ်းသာ ကိုယ်၏ချမ်းသာ စည်းစိမ်ဥစ္စာ ရတနာတိုးကာနေ၊ နာဇီဝါဒတွေ၊ ဗမာပြည်မလာရပေ၊
ကိုယ့်လမ်းကိုယ့်စခန်းကြိုးပမ်းလို့နေ၊ နိုင်ငံအသီးသီးတွေ ရှိကြတဲ့ဝါဒအခြေ၊ ညာချဖို့စနစ်တွေ၊ မှန်ပါတော့လေ၊
ကိုယ့်ဘာသာထွန်းကားဖို့ကြိုးစားပါလေ (ဇာနည်အမျိုးသား တို့တိုင်းရင်းသားတွေ) ၂ ၊
မကြာခင် ဗမာပြည်သမ္မတနိုင်ငံဖြစ်ဖို့ရာ ဆုတောင်းလို့သာနေ။
သံပြိုင် ။
==============
တူနှစ်ကိုယ်
ရေး - မသိ
၁၉၄၁
(တူနှစ်ကိုယ်ယှဉ်တွဲကာရယ်၊ ဟန်းနီးမွန်းထွက်မယ်၊ ပျော်ပျော်ပါးပါးသွားကြစို့ကွယ်၊ တူစုံမောင်နှင့်မယ်) ၂
မြန်မာပြည်ဝယ်၊ တန်ခိုးကြီးဘုရားတွေကိုကွယ်၊ လည်ကာဖူးမြော်မယ်၊
မော်တော်ကားနဲ့လျှောက်ကာလည် အမြို့မြို့အရွာရွာ စုံလင်မှကွယ် စစ်ကိုင်းချောင်ဖိုးဝန်းတောင်ကို ကွယ် / တကယ်
လှည်းယဉ်ကလေးနဲ့ စီးကာကွယ်၊ မန္တလေးတောင်ထက်ဝယ်၊ မြွေကြီးနှစ်ကောင်းသွားကာ ကြည့်အုံးမယ်။
သံပြိုင် ။ ((တူစုံမောင်မယ်၊ ဟန်းနီးမွန်းထွက်မယ်၊ ကြည်နူးစေဖွယ်) ၂ ၊ ဓာတ်စက်သီချင်းလည်း အတူပါတယ်၊
ဤလောကဝယ်၊ အပျော်ဆုံးနေ့ထင်တယ်၊ ပျိုခင်စိတ်ထဲဝယ်) ၂
စားသောက်စရာတွေလည်းပါမယ်၊ စုံလင်စွာ ယူလို့ ရယ် / ကွယ်၊ သွားစို့ ကိုကိုရယ်၊ မသွေတမ်းချစ်ဖို့ရယ်၊
မပျက်တမ်းပေါင်းဖို့တကယ်၊ မဟာမြတ်မုနိဘုရားမှာဝယ်၊ မောင်နဲ့မယ် သစ္စာပြုမယ်၊ ရှေးမြန်မာဘုရင်တုန်းကရယ်၊
စံမြန်းတဲ့နန်းတော်ကြီးကိုတကယ်၊ လည်ကာကြည့်မယ်၊ အမြို့မြို့အရွာရွာ / မြို့မြို့ရွာရွာ စုံလင်မှကွယ်၊
မိတ်သင်္ဂဟများကို တကယ် / ကွယ် လက်ဆောင်ပေးဖို့ရယ်။ မြန်မာပင်နီ အလီလီဝယ်လို့ကွယ် ပြန်လာခဲ့မယ်။
သံပြိုင် ။
စားသောက်စရာတွေလည်းပါမယ်၊ ... ... ပြန်လာခဲ့မယ်။
=============
သစ္စာပန်း
စိန်ဝေလျှံနှင့် တွဲဖက်ဆိုသည်
ရေး - မသိ
၁၉၄၀
ကျား ။ ချစ်တာတွေကို ပြောပြမယ်၊ နားထောင်စမ်းကွယ် ခင်လေးရယ်၊
ကမ္ဘာသင်္ချေပျက်ကြွေပြောင်းသော်လည်း၊ အချစ်ဟောင်းကလေးကို၊ အစဉ်ထာဝရ ပေါင်းပါမယ်။
ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသာပ လေးဆူဒီပါ သီတာဆုံးစေကွယ်၊ မမုန်းဘူးခင်ရယ်၊ ချစ်တာအမှန်ပြောတယ်၊
မောင်ကြံရွယ်၊ သိကြားမိဖုရား နှစ်ကုဋေငါးသန်းအလယ်၊ ခင့်ကိုကွယ် အလှချင်းပြိုင်ရာဝယ်၊
(ဝတိံသာ သကြားက အလိမ္မာတရားနဲ့ အလှမှာ ပိုသတဲ့ကွယ်) ၂ ၊ ရူပါရုံချောလှတယ်၊
မောင့်မနောမှာစွဲလို့ရယ်၊ တာနောယက္ခဘီလူးတို့လို ခင့်ကိုကွယ် ငုံထားလိုက်ချင်တယ်။
မ ။ (ဘယ်သောအခါမှ မယုံဘူးကွယ်၊ ယောက်ျားတိုင်းပဲပြောတတ်တယ်) ၂
ကိုယ်ကကျူးရင် ကိုယ်ဒူးတောင် မယုံနိုင်ပါဘူး ကွယ် / တကယ်
ကျား ။ ယုံအောင်ကွယ် သစ္စာဆိုပြမယ်၊ ခင့်အပေါ်ဝယ် ဖောက်ပြားရင်တကယ်၊
ပထဝီမြေမှာစေတီယ မင်းလို မြေခွင်းကာ တကယ်ပင် မျိုးစေ့ကွယ်။
မိုးပေါ်မှာရေကြီးလို့ရယ်၊ မြေကြီးက နေပေါ်စေတော့ကွယ်၊ ခင့်ကိုကွယ်၊ မမုန်းပါဘူးတကယ်၊ မသွေတမ်းချစ်ပါ့မယ်၊
သင်္ချေသင်္ချာကနဦးကကွယ်၊ ပန္နက်ဖူးတဲ့ သစ္စာရယ်၊ အကြိမ်ကြိမ်အဖန်ဖန်ဆုံစည်းခဲ့ပြန်တယ်၊
လူဝံပုစွန်မစ္ဆေငါးရယ်၊ ရွှေဒေါင်းတောင် အမြီးဖျားဝယ်၊ စာလေးပါးပျောက်စေကွယ်၊ မေ့ပါဘူးကွယ် ခင်လေးရယ်
မောင်ချစ်တာပြောပြမယ် လောကမှာကွယ် မိန်းမဟူသမျှ မောင့်စိတ်ထဲ ယောက်ျားချည်းထင်တယ်။
မ ။ ဘယ်သောအခါမှ ... ... မယုံနိုင်ပါဘူးကွယ်။
ကျား ။ ယုံအောင်ကွယ် ... ... မျိုးစေ့ကွယ်။
============
ပဒေသာပင်
ရေး - မသိ
၁၉၄၀
(ကမ္ဘာတည်ဦးအစမှာ၊ နေလနက္ခတ်ကြယ်တာရာ၊ စုံလင်စွာ၊ ကမ္ဘာ့နိယာမ ထွန်းပေါ်လို့သာ၊ လူတို့၏ခိုမှီးရာ၊
ပဒေသာပင်ကြီးထွန်းပေါ်လာ) ၂ ၊ လောဘဒေါသမောဟတရားတွေကင်းလို့သာ၊ အလွယ်တကူပင်ခူးကာ၊
စားကြရတော့တာ၊ မနုဿလူတွေမှာ၊ စိတ်နေစိတ်ထား ပြောင်းလဲကာ၊ ငါ့သားငါ့မယား ငါ့လင်စားဖို့ရာ၊
နေ့ဖို့ညစာဆွတ်ခူးကာ၊ သိုဝှက်ထားလေရာ၊ တရားပျက်ကာ၊ ပဒေသာပင် ကွယ်ကာပျောက်လေတာ။
သံပြိုင် ။ (လောဘ ဒေါသ မောဟတရားတွေ ကင်းဖို့ရာ) ၂ ၊ (သတိစွဲလို့မြဲကြပါ၊ တစ်ဦးမေတ္တာတစ်ဦးမှာ၊ ထားကြမှသာ) ၂
မြန်မာပြည်ကြီးမှာ၊ ပဒေသာပင်ကြီး ပေါက်မည်မကြာ။
(ပဒေသာပင် ကွယ်ကာပျောက်ပေမယ့် လတာနွယ်ချိုပေါ်ပေါက်လာပြန်တာ) ၂
(ယခင်နည်းတူစွာ၊ လောဘဇောတိုက်ခါ ခူလို့သာ) ၂ ၊ (နေ့ဖို့ညစာ၊ သိုဝှက်ကာထားကြတာ) ၂
(လတာ နွယ်ချိုကွယ်ကာပျောက်လို့ သလေးဆန်ရောက်ကာ၊ စားသောက်နေရာ) ၂
လောဘရမက်စောလို့သာ တရားပျက်ကာ၊ သိုမှီးကြပြန်တာ၊ သလေးဆန်ကို အခွံဖုံးကာ၊ ချက်ပြုတ်ကာ စားသောက်ရလေရှာ။
အဲသို့မို့ကြောင့်သာ၊ ဗြဟ္မစိုရ်တရားထားကြပါ၊ နေ့ပျောက်လို့ ညရောက်တဲ့ခေတ်အခါ၊ မေတ္တာရှေ့ထား ညီညွတ်ကြပါ၊
ညီရင်းအစ်ကိုပမာ၊ မနောမှာသွင်းပါ၊ မြန်မာပြည်ကြီးမှာ၊ စိန်ရွှေရတနာပေါများကြတော့မှာ၊
(စည်ပင်သာမြို့တိုင်းရွာတိုင်း အရပ်တိုင်းမှာ) ၂၊ ဘေးရန်တွေကင်းကာ ပဒေသာ မြေမှာရောက်လို့ ပေါက်တော့မှာ အမှန်ပါ။
သံပြိုင် ။
==============
ရှမ်းတို့ရွာ
ရေး - မသိ
၁၉၄၁ ဇန်နဝါရီ
မြူခိုးရယ်မှောင် ဟိုတောင်ကြောခါးပန်း တောတောင်စိမ့်စမ်းစခန်းကသာ၊
လေပြေလေညှင်း တသင်းသင်းနဲ့ ရှုခင်းသာယာ၊ ပျော်စရာကောင်းတဲ့ ရှမ်းတို့ပြည်ရွာ။
သာယာကြည်လင်အေးမြစရာ၊ နှင်းမြူတွေဆိုင်းလို့ အုံ့မှိုင်းကာ၊ တိမ်ပန်းတွေရောင်သန်းချယ်လို့ ရှုဖွယ်ဆန်းတာ၊
တောင်ခါးပန်းမှာ၊ ကြည်နူးဖွယ်ရာ၊ မြိုင်တန်းဝနာ၊ (ပင်ဝါးရုံအဖုံဖုံ ပေါက်ကာ၊ စိမ်းလန်းဝေဝေဖြာ၊ စုံညီညာ) ၂
မြောင်ရှိုကာဆီး တောင်ကြီးပိတ်ပေါင်း အရိပ်ကောင်းခိုကာ သာရကာကျေးငှက်တို့ ကြူးရင့်အော်လို့သာ၊
ဂန္ဓာတောမှာ ပြန့်ပြောတာ၊ အံ့ဩဖွယ်ကောင်းတဲ့ ရှမ်းပြည်တို့ရွာ။
(သာယာဆိတ်ငြိမ် အရိပ်ကောင်းမှာ၊ ကျူးရင့်အော်တာ) ၂၊ ပျော်စရာ ရွှင်စရာ နွေအခါ၊ အပြင်းပြေလေညှင်းခံစရာ ရှမ်းပြည်ရွာ။
လေပြေတသွေးသွေးနဲ့ အေးမြတဲ့ ကမ်းပါးယံမှာ၊ မျှော်ကာကြည့်ရင် အသဲထိတ်စရာ၊ တောင်ကြီးကိုပတ်ကာ၊
မီးခိုးတွေတလူလူနဲ့ ကမူစောင်းမှာ၊ ခုတ်မောင်းကာ၊ တဂျိမ်းဂျိမ်းမြည်သံသာ၊ ဥဩပေးကာ တဖြေးဖြေးဆင်းကာတက်ကာ၊
အံ့ဖွယ်ရာ၊ ရှမ်းတို့ပြည်ရွာ ရေတံခွန်သံတွေကြားရတာ၊ စိမ့်စမ်းရေက သွယ်သွယ်ဖြာ၊ ကမ်းပါးချောက်ရဲ့အလယ်မှာ၊
ဟိုပင်ဒီပင်ကူးပါလို့ မျောက်တွေလျှောက်ကာမြူးပျော်ကြတာ၊ ရွှေဂျိုးတွေလည်ချင်းယှက်လို့ အစာကိုရှာ၊
ဒေါင်းဖိုဒေါင်းမ သဘာဝမို့ မာဂဓပျော်နေရှာ။
အဖော်တသင်းနဲ့ ပျော်ခင်းစုံလင်စွာ၊ လိုက်ကြမလား ရှမ်းတို့ရွာ၊ လွမ်းစရာအလွန်ကောင်းတာ၊
ညှင်းလေပြေတဖြေးဖြေးနဲ့ သွေးဆောင်ခဲ့တာ၊ သူသူငါငါလေညှင်းခံတာ၊ အော် စိတ်ကြည်နူးစရာ၊
ရေတံခွန်တွေမှာ ဆန်းပြားလှတာ၊ အော် ချစ်သူနဲ့သာ တူစုံမောင်မယ် နွှဲပျော်ဖို့ရာ၊ စခန်းသာလှ ဟန်းနီးမွန်းထွက်ကာ၊ မြူးပျော်စရာ။
သာယာဆိတ်ငြိမ် ... ... ရှမ်းပြည်ရွာ။
=============
ဝါတော်စဉ်
ရေး - မသိ
၁၉၃၉ မတ်
မဟာကာရုဏိသော၊ ဗုဒ္ဓေါမေဒါတု သီတကေပါဘုရား။
သမ္မာသမ္ဗုဒ္ဓ၊ လောကဓိပတိ၊ စောသမုနိ၊ ခတ္တိယသာကီနွယ်၊ ဗောဓိပလ္လင် ရွှေညောင်ပင်ဝယ်၊ သုံးလူ့သခင် ငါးမာရ်သင်တယ်၊
သက္ကဋ္ဌာန် သက္ကဟန် စမ္ပာယ်အပြီးဝယ်၊ ဗာရာဏသီ မိဂဒါဝုန်တောလယ်၊ ပထမဝါဆိုတော်မူတယ်၊
ရာဇဂြိုဟ်ပြည်ဌာနဝယ်၊ ဒုတိယ တတိယ စတုတ္ထဝါ၊ ဝေသာလီ မဟာဝုန်တောလယ် ငါးဝါမြောက်ဆိုတော်မူတယ်၊
မကုလတောင်စွယ် ချရာတောဝယ်၊ ခြောက်ဝါကိုပယ်၊ ပဏ္ဏုကမ္ဘလာမြကျောက်ဖျာအလယ်၊ ခုနှစ်ဝါဆိုတယ်၊
သံသုမာ ဒေသဝါကြွလို့၊ မိဂဒါဝိဟာ ရှစ်ဝါစမ္ပာယ်၊ ကောသမ္ဘိပြည်ရွှေဘုံမဏီဝယ်၊ ကိုးဝါ (မြောက်တယ်) ၂
ရဂုံပလလေယျတောဝနလယ်၊ ဂေါတမဘဂဝါ ဆယ်ဝါမျှလေတယ်။
သံပြိုင် ။ သဗ္ဗညုတရွှေဉာဏ်ချယ်၊ မြတ်ရှင်စော ဘဂဝါ ဒေသနာဝယ်၊ နတ်လူသတ္တဝါပူဇော်မယ်၊
(ဝါတော်စဉ်သီချင်းကိုရေးတယ်၊ ဘာသာဝင် အမိအဖများရယ်) ၂
နိဗ္ဗာန်မဂ်ဖိုလ်ရကြဖို့ရယ်၊ စိန်ဂျွန်းခင်မေ ရိုရိုသေသေ အသနားခံပါတယ်။
ဘဂဝါပရမေ စိန္တေဘုရား၊ သတ္တဝါများ သနားလို့ရယ်၊ တရားရေအေးတိုက်ကျွေးပေတယ်၊
ပျော်စမ္ပာယ် နာဠိကာရုံကျောင်းဝယ် ဆယ့်တစ်ဝါမြောက် သတင်းသုံးလို့ရယ်၊
စောဘဂဝါ ဒေသစာကြွခဲ့တယ်၊ တိုင်ဝေဟုန်တမင်ပင်ရင်းဝယ်၊ ဆယ့်နှစ်ဝါမြောက်တယ်၊
ခါလိယတောင်မြတ်ဝယ် ဆယ့်သုံးဝါဆိုပြန်တယ်၊ မြတ်ရှင်ပင် ဇေတဝန်ကျောင်းဝယ် ဆယ့်လေးဝါကပ်တယ်၊
နိဂြောဓာရုံကျောင်း ဆယ့်ငါးဝါ ဆိုပြန်တယ်၊ အာဠဝီပြည် မဟာဝုန်ဝိဟာ ဆယ့်ခြောက်ဝါမျှလို့ရယ်၊
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းဝယ် ဆယ့်ခုနှစ်ဝါမျှခဲ့တယ်၊ ဆယ့်ရှစ်ဝါ ဆယ့်ကိုးဝါဝယ် စာလီယချောင် တောင်မြတ်လယ်ပျော်စမ္ပာယ်၊
ရာဇဂြိုဟ်ဌာန ကျောင်းမြတ်ဝိဟာ၊ ဝါတော်နှစ်ဆယ် နောလာတွက် ဘွဲ့နှစ်ဆယ့်လေးတန်၊
ဇေတဝန် ပုပ္ပါမလ္လာမင်းတို့ အင်ကြင်းတောလယ်၊ လှည့်ကာစမ္ပာယ်၊
လူ့သက္ကရာဇ် တစ်လေးရှစ်ဝယ်၊ ကဆုန်လပြည့် အင်္ဂါနေ့ရယ်၊ နိဗ္ဗာန်ဖောင်နန်း စံမြန်းတော်မူတယ်။
သံပြိုင် ။
===========
ဝိဇယ
ကရဝိတ်မောင်နှင့် တွဲဖက်ဆိုသည်
ရေး - မသိ
၁၉၄၁ ဒီဇင်ဘာ
ကျား ။ ဟိုရှေးအခါဝယ် ဝိဇယမင်းသားရယ်၊ ဥစ္စာပစ္စည်း တိုက်ခိုက်လို့သာ ဆိုးသွမ်းခဲ့လေရာဝယ်၊
သူ့ဖခင်မင်းမြတ်မှာ ရင်နှစ်သားကို ပမာမထားနိုင်တော့တယ်၊ အော် တာဝန်ဝတ္တရား စောင့်ထိန်းကာပါ့
သားတော်မောင် ဝိဇယကို ဖောင်ဖွဲ့ကာ တပည့်ခုနှစ်ရာနှင့် သမုဒ္ဒရာကြော မျှောလိုက်ရာဝယ်
ဝိဇယမင်းသားမှာ သတိသံဝေဂရကာ သီဟိုဠ်ကျွန်းမှာ ဖောင်ဆိုက်လေတော့တယ်။
တပည့်တွေကို ရေရှာခိုင်းရာ မည်သူမျှပြန်မလာလို့ရယ်၊ အကြောင်းစုံသိအောင် တကယ်၊
ဝိဇယမှာ သူ့တပည့်တွေကို လိုက်ရှာလေရာဝယ်၊ ရသေ့မကိုတွေ့တယ်၊ အလို အကြောင်းစုံသိအောင် မေးအုံးမယ်။
မ ။ အို အလွန်လှတဲ့ လုလင်ခမျာရယ်၊ ဘယ်လမ်းကိုသွားမယ် ပြောပါအုံးကွယ်၊
အမောပြေ အပန်းပြေ နားနေကာရယ်၊ ကျမနဲ့သာ ပေါင်းသင်းကာနေထိုင်ပါတော့ကွယ်။
ကျား ။ ရုပ်ဆောင်ကာထားတဲ့ ဟဲ့ယက္ခမယ်၊ ငါလိုလူ ဘုန်းကံရှင်ကို ဘာထင်သလဲကွယ်၊ ငါတပည့်တွေ ပြန်မအပ်ရင်၊
အသင့်ဇီဝိန်ကို ခွင်းရလိမ့်မယ်၊ အသင့်လက်ချက် ရန်စနက်မကင်းတယ်၊
ငါ့တပည့်တွေ အမြန်နှင်းဟဲ့ လူသားစားဘီလူးမ ယက္ခမယ်။
မ ။ ချမ်းသာပေးပါ မယ့်သခင် လုလင်ယောက်ျားရယ်၊ ရှင့်တပည့်များကို မနှေးအမြန်ပေးမယ် အမှန်ပဲကွယ်။
ကျား ။ သစ္စာကတိကို စွဲစွဲမြဲမြဲ မှတ်ထားတကယ်၊ သို့ပေမယ့်ကွယ်၊ မင်းရုပ်အဆင်းကို ကြည့်အုံးမယ်၊
အို အို အို အို မူယာကြွတဲ့ ရူပါအလှရယ်၊ သူဇာယက္ခမယ်၊ ငါနဲ့အတူလိုက်ရမယ်။
မ ။ အမြဲထာဝစဉ် ပေါင်းမယ် ဆိုရင်ကွယ်၊ တိုင်းပြည်ရှင်ဘုရင်ဖြစ်အောင် ကြံဆောင်ပေးမယ်။
ကျား ။ ယုံကြည်ပါတော့ကွယ် ယက္ခမယ်၊ တစ်ဦးမေတ္တာတစ်ဦးမှာ ကူးကာဆက်ကာ ပေါင်းဖက်ပါ့မယ်နှစ်သွယ်။
ဝိဇယမင်းသားနှင့် ဘီလူးမကုဝဏ်မယ်၊ ပျော်ရွှင်စွာပေါင်းသင်းကာ နှစ်လအနည်းငယ်ကြာလေရာဝယ်၊
မှူးမတ်ဗိုလ်လူပြည်သူအများရယ်၊ ယက္ခမယ်ဘီလူမကို စွန့်ပစ်ဖို့ရာ လျှောက်ထားတယ်၊
တိုင်းပြည်တော်မှ နှင်လို့ကွယ်၊ လူသားမိဖုရား မဟေသီမြှောက်ကာ ထီးလျာနန်းလျာ ထားဖို့ရာ
လျှောက်တင်လေရာ ကြင်ယာတော် ယက္ခမယ်ခေါ်ကာ ပြောပြီးသောအခါ။
မ ။ မြတ်ဘုန်းရှင် ဘုရင်ဝိဇယရယ်၊ အို အရင်တုန်းအခါ ပျော်မြူးတာတွေ မေ့ပြီလားကွယ်၊ လင်မယားရယ်၊
ယက္ခမယ်လေး မသနားတော့ဘူးလားကွယ်၊ ရက်စက်လှတဲ့ မောင်တော်ရယ်၊ ရာဇဒဏ်ပြင်းလှတဲ့ ဝိဇယမောင်ရယ်၊
အို အမိုက်မကလေး ကုဝဏ်မယ်၊ ဘယ်လမ်း ဘယ်စခန်းကို မှန်းကာသာ သွားရပါ့မယ်။
ကျား ။ မင်းကို ငါချစ်ပေမယ့် ပစ်ရတော့မယ်၊ ဗုဒ္ဓသာသနာ ပြန့်ပွားအောင်လုပ်ဖို့ တာဝန်ဝတ္တရားရှိတယ်၊
မခွဲချင်ပေမယ့် ခွဲရတော့မယ်ကွယ်။
မ ။ အကို မောင်ဖွား ဆွေမျိုးတွေကို သတ်ဖြတ်ကာ တကယ်၊ ရှင်ဘုရင်ဖြစ်အောင် ကြံစည်ခဲ့တာ သတိတော့ဆောင်ပါအုံးကွယ်၊
ကျမနဲ့တူမကွာ နန်းစွန့်လို့သာ လိုက်ခဲ့ပေတော့တကယ်၊ တစ်ချက်လွှတ် အမိန့်တော်ကြီးနဲ့ကွယ်၊ ရင်သွေးလေးတွေခေါ်လို့ရယ်
ဘီလူးမ ကုဝဏ်မယ်၊ ကြင်ဖက်တော် ဝိဇယ ဦးချကာပ တိုင်းပြည်မှ ထွက်သွားရရှာတယ်။
ကျား ။ ဝိဇယ ဘုရင်သမ္မတရယ်၊ လူသားမိဖုရားနဲ့ စံစားနေပေမယ့် တကယ်၊ ကြင်ယာတော်ဟောင်း ကုဝဏ်မယ်ကိုကွယ်
အမြဲထာဝစဉ် တမ်းတကာရယ် သတိတော်ရရှာတယ်။
=============
ခင်မေလေး ။
=============
==================
တော်ကီရိုက်မယ်
ရေး - ရွှေတိုင်ညွန့်
၁၉၃၈ ဖေဖော်ဝါရီ
ခင်မေလေးကျမ မှန်တာပြောမယ်၊ ဘိုင်စကုတ်ထဲဝယ်၊ ဇာတ်လိုက်မင်းသားတွေနဲ့ မလွဲသာနွှဲကာ တွဲပါရတယ်၊
အလုပ်ဝတ္တရားမို့ ကျေပွန်စေဖွယ်၊ သည်းခံပါတကယ် မခင်မေပျို ချစ်တဲ့သူရယ်၊
(ကိုလံဘီယာကုမ္ပဏီဝယ်၊ တော်ကီရိုက်ဖို့ ဇာတ်လိုက်လိုပါတယ်) ၂ ၊ အသံလည်းကောင်းရမယ်၊ ရုပ်လည်း ချောရမယ်၊
မြင်းစီး ရေးကူး အထူးကျင်လယ်၊ မောင်နဲ့သာ တွဲလိုက်ရင် ပွဲကြိုက်မယ် ပျိုထင်တယ်။
(ခင်မေလေးရဲ့ ချစ်သူရယ် / ကြိုက်သူရယ် ရှင့် အက်တင်ဟန်မူကြွယ်၊ ဇာတ်လိုက်လုပ်ဖို့ အဟုတ်တော်မယ်၊
ရုပ်ရေဆို မလိုပါတယ်) ၂ ၊ ကြံစည်ကာ ကားရိုက်မယ်၊ မြန်မာပြည်မှာ အများကြိုက်ဖွယ်၊
ကိုလံဘီယာကုမ္ပဏီမှာကွယ်၊ အသံထွက် ရုပ်ရှင် တော်ကီရိုက်မယ်။
(ချစ်တဲ့ဟန်မူ သဏ္ဌာန်တူရမယ် ပျို့မောင်သက်လှယ်၊ လွမ်းတဲ့နေရာ သေချာလွမ်းဖွယ် စွမ်းဆောင်ရမယ်) ၂
(ချစ်ခန်းကြိုက်ခန်းဆန်းကျယ်၊ မောင်နဲ့သာပဲတွဲမယ်၊ နှစ်ယောက်တည်းမြိုင်တော်ကြီးအလယ်၊ တကယ်ပင်တွေ့ပုံရယ်) ၂
ခင်မေလေးကို ထွေးပိုက်ကာ မောင်ချီရမယ်။
(စာရေးဆရာ ဒါရိုက်တာ ရွှေတိုင်ညွန့်ရယ်၊ ဆန်းသစ်တာတွေဓာတ်ပြားမှာ မှတ်သားပါကွယ်) ၂
နားစွဲလို့ သာယာကွယ်၊ အထူးပဲ ယဉ်ကျေးသိမ်မွေ့တယ်၊ တက်ခေတ်မို့ ပေါ်ပင်ရယ်၊ မခင်မေလေးကိုရွေးချယ်၊
တူနွှဲကာရယ် အမူလဲပါတယ်၊ အသဲထဲမှာကွယ် စွဲမြဲပါတယ်၊ ထူးတဲ့မေတ္တာသွယ်။
ခင်မေလေးရဲ့ ကြိုက်သူရယ် ... ... တော်ကီရိုက်မယ်။
=============
ခင်မောင်ရင် ။
=============
==========
သူဇာ
ခင်ခင်ရီနှင့် တွဲဖက်ဆိုသည်
ရေး - မသိ
၁၉၄၀
ကျား ။ (မိုးကျနတ်နွယ် သူဇာရယ်၊ ဖြူပြာမူယာ ရူပကာအလှ ဘရဏီတနှုန်းကြွယ်၊ ရွှင်ကြည်ပြုံးတယ်၊
တကိုယ်လုံးမက်စရာဆင်းအင်္ဂါစုံတယ်) ၂ ၊ တာဝတိံနတ်ပြည်မှ လူ့ပြည်သမုဆွေ စုတေလေသလားကွယ်၊
သည်ကမ္ဘာဆုံးစေတော့ မင်းကို အချစ်ပို မြင့်မိုရ်တောင် မ ကတယ်၊ တစ်နေ့မမြင် တစ်လပင် ထင်ရ ခင်နှမကိုကွယ်၊
မနေနိုင်လောက်အောင် မောင်စွဲမိပြီတကယ်၊ ကြည်ဖြူမယ်လို့ ခင်မင်သူရယ် အတွင်းစကားလေးကို ပြောပါလား
ကြားရမှ သည်မောင်အေးမယ်ကွယ်၊ မယားရခါစဝယ်၊ အားရပါးရနေချင်ပါတယ်၊ ဗောဓိပုဂ္ဂိုလ်လူပျိုဘုရားရယ်၊
မရှိငြားလေတယ်၊ သိဒ္ဓတ်ကုမ္မာ နုစဉ်တုန်းဝယ်၊ ယသော်ဓယာ ဒေဝီလောင်းနဲ့ အကြောင်းတော်ထူးတယ်၊ ပေါင်းဖော်ဖူးတယ်။
မ ။ သံသရာနှောင်ညွှတ်ကွင်းက မလွတ်ကင်းနိုင်ရှာတယ်၊ အော် အဲဒီထုံးကို အသိသားမို့ သတိတရားကို ရီရီ မရုန်းနိုင်တယ်။
ကျား ။ မယားရခါစဝယ်၊ အားရပါးရ နေချင်ပါတယ်၊ သဲသဲမဲမဲ စွဲမြဲချစ်ပါ့မယ်။
မ ။ မိုးမြေအောက်ဝယ်၊ ကိုကိုတစ်ယောက်ကွယ်၊ ရိုးမြေကျအောင် မေတ္တာမျှမယ်၊
တစ်ချုံကွယ် တစ်မယ်မေ့ကာ အိုင်တွေ့ရင် ခြေဆေးမှာကို တွေးကြောက်ပါလှတယ်။
ကျား ။ ဘုရားကိုစူးစေ သည်မောင် မပစ်ဘူးကွယ်၊ မျက်နှာကလေးရယ်၊ ကျက်သရေရှိတယ်၊
တာဝတိံဘုံကကွယ်၊ မယ်တစ်ပါးရယ်၊ သန္ဓေအားစင်ကာ ဖွားသလားထင်မိတယ်။
မ ။ တကယ်ချစ်ခင်စဝယ်၊ ကြားက လေသွေးခဲ့ရင် ဝေးလိမ့်မယ် စိတ်ကထင်တယ်၊ မောင့်မျက်နှာ မမြင်ရရင်
ဘဝင်ထဲ အူအသဲ လှိုက်လှဲဆူပြန်လေတယ်၊ ရီရီနဲ့ပင် ညတိုင်းလိုပဲ ချစ်တဲ့ မေတ္တာကြွယ်။
==============
ဖြူပြာမူယာ
ရေး - ဒဂုန်ဆရာတင်
၁၉၃၇
ဖြူပြာမူယာ သူဇာနေလို နတ်ကယ်ရွှေကိုယ် ထင်မိယောင်မှား ဖြူပြာမူယာ ခင်လေးသူဇာ၊
တကယ်ချော တကယ်လှ ဘယ်ဘဝက တောင်းတဲ့ဆုလဲဗျာ၊ ဝေခွဲနိုင်ဘူးသေချာ၊ (ထင်မှားကာ) ၂
မောင့်စိတ်ထဲ ခင်မင်ကာသာ၊ မျက်လုံးရော မျက်ခုံးရော မျက်နှာလေးကြည့်ကာ၊ တစ်လုံး မမုန်းရက်စရာ၊
စကားပြောလည်း ရှုမောလောက်တဲ့ရူပကာ၊ ပီယဝါစာ (ချေငံစွာ) ၂ ၊ ပြောသံက ချစ်ဖို့ကောင်းတယ်ဗျာ။
(ကိုယ့်စိတ်ကိုယ့်သဘောနဲ့ ပြောမှာ၊ လက်တွေ့အချောရှာ) ၂ ၊ (စိတ်အာရုံထဲမှာ လိပ်ပြာစုံတွဲကာ၊
ချစ်မဝခင့်ကို မြင့်မိုရ်တောင်ထက် ကြီးတဲ့ မောင့်မေတ္တာ) ၂
ဒေဝစ္စရာ ချောပေမယ့် ပြောကာမျှနဲ့ဖွေရှာ၊ (ဘယ်ဆီမှာ စာတွေ့မို့ ရှာ၍မရပါ) ၂ ၊ ဘဒ္ဒကလျာဏီ အတုလကာရီ
ပပဝတီ ဥမ္မာဒန္တီ အလှဧကရီ ဒေဝီများစွာ၊ ရှာမှရှား ကြားမိတာ (သေအချာ) ၂ ၊ တွေ့ရပါဘူးဗျာ။
(ကိုယ့်စိတ် ကိုယ့်သဘောနဲ့ ... ... မောင့်မေတ္တာ) ၂
(စိတ်အာရုံက လမ်းပြပမာ၊ ကိုယ်ထင်ရင် ခုတင်ရွှေနန်းပါ၊ စိတ်၏ချမ်းသာ လောကနိဗ္ဗာန် ဧကန်ပဲဗျာ၊
စွဲမှတ်ပြန်တာ၊ ချစ်သူမောင်ရဲ့ အသဲမှာ အမြဲပါ၊ ပြည်နိဗ္ဗူတိုင်သာ၊
ညီစိတ်တူ ခိုင်မာပြည်နိဗ္ဗူတိုင်သာ၊ မသွေတမ်း ထမ်းမယ့်ကျမ်းသစ္စာ) ၂
(ကိုယ့်စိတ်ကိုယ့်သဘောနဲ့ ... ... မောင့်မေတ္တာ) ၂
==============
မဟာဇနက္က
ရေး - မသိ
၁၉၄၀
မကြုံဖူးအောင် ဂုဏ်ထူးဆောင်တဲ့ တကယ့်ကို စွမ်းရည်၊ မဟာဇနက္ကသည်၊ အဟုတ်ကို မကြုံဖူးအောင်
ဂုဏ်ထူးဆောင်တဲ့ တကယ့်ကိုစွမ်းရည်၊ မဟာဇနက္ကသည်၊ မယ်တော်ထံပါး ခွင့်ပန်စကားလျှောက်ကြားခဲ့သည်၊
(တရားတဲ့စိတ်သာ အမှန်ထားသည်၊ အဖရဲ့ရိပ်ရာ ခံစားမည်) ၂၊ (စွန့်စားသည်၊ ခွန်အားညီ၊ ခွန်အားညီ၊ စွန့်စားသည်) ၂
စုံအညီ သင်းဖွဲ့ကာသာ ခုနစ်ရာအပေါင်း အလောင်းတော်သက်လျာ ဇနက္ကမင်း မယွင်းပင်ကြံစည်၊
ဉာဏ်စွမ်းရှိတာ သိကြစေဖို့ (မိတ္ထီလာတိုင်း ရွှေပြည်နန်းတော်ဆီ မှန်းမျှော်ရည်၊ ရောက်ချင်ဇောနဲ့ စီမံလေသည်၊
လုံ့လဥဿဟညီ) ၂ ၊ အတည်တကျ နဒီအစက အဏ္ဏဝါပြင်ကြော သင်္ဘောလွှင့်တော့သည်။
ပင်လယ်စခန်း ကမ်းနဲ့သာမနီး ခရီးပေါက်လို့ ရောက်တဲ့ချိန်ခါမီ၊ တိမ်ဝဠာဆီ၊ ရှစ်ခွင်တိုင်းက အုံ့မှိုင်းပါလို့
မဆိုင်းဘဲနဲ့ လေဟုန်ချီ၊ ရေယမုန်ဆီ၊ ခုနစ်ရာသင်္ဘောသားတို့ ကြောက်အား ပိုလို့ ငိုကြွေးကြလို့ ညံကာစီ၊
အဏ္ဏဝါမဟီ၊ အံ့ဖွယ်ကောင်းတဲ့ တို့ဘုရားအလောင်းကတော့ ယောက်ျားကောင်းတို့ ဂုဏ်အင်ညီ၊ စုံလင်သည်။
(ကြောက်ကာရွံကာ မစွန့်စားတဲ့ သူများတို့သည်၊ ငါးမန်းငါးဆင်များရဲ့ အစာဖြစ်ကာ နေကုန်ကြပြီ) ၂
ဘုရားအလောင်းရဲ့ ဉာဏ်ပိုင်သည်၊ ဘုရားအလောင်းရဲ့ ဉာဏ်အချက်ပိုင်သည်၊ ရွက်တိုင်ထိပ်ဖျားရယ်က ခုန်လွှားလို့
အားသွန်ဆောင်သည်၊ ဘေးရှောင်ကာ မြူမသန်းပြီ၊ မှန်းရည်၊ ယောက်ျားကောင်းတို့ သတ္တိဂုဏ်အင်ညီ။
သမုဒ္ဒရာအလယ် ရေယဉ်ကြော မျောပေမယ့် မနောတည် ကူးရှာတော့သည်၊ ဝီရိယလုံ့လနဲ့ပြည့်ဝစုံညီ၊
မဏိမေခလာ ပင်လယ်တွင်းကိုဆင်းကာ အလောင်းမင်းသားနဲ့ စကားဆိုလေသည်။
အပြောကယ်စွာ အဏ္ဏဝါကြော အမောခံလို့ သင် ကူးနေပြန်သည်၊ မခံချင်ဖွယ် အကြံသဘောနဲ့ ဉာဏ်နှောပါလို့ ပြောတဲ့အခါမီ။
လူသာမာန်တွေ မမြင်အပ်ပါတဲ့ သင်နတ်သမီး အပြီးမြင်လေပြီ၊ ကျွန်ုပ်၏ ဝီရိယဂုဏ် မဟုတ်တုံလောဟု
တရားသဘောနဲ့ ဟောကာပြသည်၊ ဘုရားအလောင်းတော် အာနုဘော်ကြောင့် မေခလာ မ ကာ ဆောင်လေပြီ၊
ရင်ငွေ့လှုံကာ ရွှေဘုံကနက်မှာ ကျောက်ဖျာအထက်ဆီ၊ အမောပြေအိပ်စရာ သိပ်ကာထားလေသည်။
(ဝီရိယတရား အဓိကထား အများလည်းယုံကြည်၊ စွန့်စားနိုင်ပါသည်၊ မဟာဇနက္ကပုံတည်၊ ဇာတ်တော်ဆယ်ဘွဲ့အညီ) ၂
(ပညာဉာဏ်တွေ ထက်သန်စေတော့သည်၊ တရားအကြောင်းမှတ်ရည်၊ ဘုရားအလောင်းမြတ်ဆီ၊
ရာဇဌာနီ တိုင်းမြတ်ရွှေပြည်) ၂၊ ကြငှန်းပျံဆီ၊ နန်းစံသည်၊ မှတ်တမ်းတင်စေမည်၊ အများအကျိုး ကျနော်နှိုးဆော်သည်။
===========
ဆိပ်ကမ်းသာ
ရေး - ဂီတာသောင်း
၁၉၃၉
သောင်ယံလယ် မောင်နှံငှက်တွေက လည်ချင်းယှက်ကာ တောင်ပံရှက်ဖွယ်၊ မြူးတူးကြကာ အစာရှာကြတယ်၊
အဏ္ဏဝါရေပြင်ကျယ်၊ လှိုင်းဂရက်က ဖွေးလို့ရယ်၊ နဒီကမ်းဆွယ် သာလှတယ်။
လေညှင်းရယ်သွင်းပြန်တော့တယ်၊ ချိန်ညနေခင်းဝယ်၊ အဆင်းရယ်၊ မိုးညွှန့်လယ်ဗွေက နီဝါညိုပြာရောင်ခြယ်၊
(ပိုက်ကြိုးများနဲ့ တံငါလှေတွေရယ်၊ ငါးကိုထောင်ကာ ရေလျဉ်ကြောဝယ်၊ အမြဲမျောကာ ပိုက်ကိုချတယ် ဝမ်းရေးကိုသာကွယ်
ရှာကြံနေကြတယ်) ၂၊ ငါးတန် ရွှေငါးကြင်းရယ် ပေါများကြွယ် ဟိုမြစ်လယ်၊ ငွေလရောင် ပြောင်အလင်းဝင်းကြည်တယ်။
စိတ်မှာလည်းကြည်နူးဖွယ်၊ တောတန်းနဲ့ သောင်းကမ်းက သာယာပါပေတယ်၊ လောင်းလှေကလေးတွေများရယ်၊
ကူးခပ်လို့နေ့တိုင်းပ ထာဝစဉ် အများအားဖြင့်ကွယ်၊ နေကြတယ်၊ တို့တောရွာကြီး မြစ်ဆိပ်ကမ်းသာဝယ်။
(ခမောက်ကလေးတွေကိုယ်စီ ဆောင်းပါလို့၊ ဆိုတေးသံသာလှတယ်၊ သဘာဝကွယ်၊ ပျော်ကြတယ်) ၂
နဒီပြင် ရေလျဉ်ကြောဝယ်၊ မဒီခင်မေအချောရယ်၊ ကြည်ကြည်လင်လင် စိတ်မနောဝယ်၊ ကြည့်လေတိုင်းပ အလွန်ပင်ယဉ်တယ်၊
မြစ်ကမ်းသွယ်၊ လှိုင်းရေဖွေးကာရယ်၊ ဂယက်ရိုက်သံက သာတယ်။
စိတ်မှာလည်း ကြည်နူးဖွယ် ... ... မြစ်ဆိပ်ကမ်းသာတယ်။
စိမ်းတလဲ့လဲ့ ယိမ်းတနွဲ့နွဲ့ သဲငွေသောင်ဝယ်၊ ကြင်ဖော်စုံ စင်ယော်ငှက်ကယ်၊ နွှဲလို့မြူးကြတယ်ကွယ်။
===========
အချစ်ဆုံး
ရေး - ရတနာပုံမောင်စု
၁၉၃၉
သဉ္ဇာလီပေါ် မှေးစက်သော်လည်း ပျော်နိုင်ဘူးခင်ရယ်၊ ခင်မောင်ရင်မှာ တစ်ကိုယ်တည်းမို့ ငိုညည်းမိပါတယ်၊
ဖော်ကွာသူမှာ ညှင်းလေသွေးရင် အေးလိမ့်မယ်ထင်တယ်၊ နေ့စဉ်ညစဉ် ချစ်သူလေးရယ်၊ တွေးမိရင် အသဲဝယ်စွဲတယ်။
မှိုင်းမှုပြာဝေမှောင် မြူခြေရောင်ဆိုင်းတယ်၊ ဆွေးစေရန်ဖန်ချင် ဘယ်ဝဋ်တုံ့ငယ်၊ ခင်မင်သူ လေးရယ်၊
နီးရက်နဲ့ ဝေးတယ်၊ မောင်လေးရင်မယ်၊ နောင်ရေးကို တွေးမိပါရဲ့ကွယ်၊
သံပြိုင် ။ စွဲတယ်၊ မောင့်အသဲဝယ် စွဲတယ်၊ ရှောင်လွှဲကာတကယ် ရဘူးခင်ရယ်၊
အစဦးကမြင်ရင် ခင်မင် ဘဝင်မှာစွဲလို့ အမြဲကြင်ဖို့ရွယ်။
အော် သော်တာစန်း နန်းငွေယုန်ဝယ်၊ အလွမ်းတွေပုံမယ်တကယ်၊ ရှုမဝရယ်၊ ယခုဘဝဝယ်၊ သမုဒယတွယ်၊
မနေနိုင် မထိုင်နိုင် ချစ်မိပြီကွယ်၊ မအိပ်နိုင် မစားနိုင် ချစ်မိပြီကွယ်၊ မနေနိုင် မထိုင်နိုင် ကြိုက်မိပြီကွယ်၊ ဘယ်ထိအောင်စွဲရတယ်၊
အော် သော်တာစန်းနန်းငွေယုန်ဝယ်၊ အလွမ်းတွေပုံမယ်၊ တကယ်ရှုမဝရယ်၊ ယခုဘဝမယ် သမုဒယတွယ်၊
မောင် ချစ်သူလေးရယ်၊ စုံမက်သူကလေးရယ်၊ ရွှေလက်တွဲလို့ နွှဲပါစို့ကွယ်၊ ဘယ်သူဘယ်ဝါ ကြားဝင်စွက်တောင် မပျက်တယ်၊
ကြင်ကြင်နာနာ မေတ္တာထားစိုး အသက်ရယ်၊ ဓိဋ္ဌာန်မှန်ဖို့ရန်ကွယ်၊ ခင်ရော မောင်ရော တူပန်မယ်၊
ခေမာနန်းကို မြန်းတောင်ကွယ်၊ မောင်မယ်၊ တွဲလို့နွှဲပါမယ်၊ သူဇာရွှေကိုယ်ဖုန်းမိုသက်ဝေရယ်။
သံပြိုင် ။
==================
အယူတော်မင်္ဂလာ
ရေး - ရွှေတိုင်ညွန့်
၁၉၄၀
ခြေဆင်း ။ အမရပူရပြည်သခင်၊ ဘုရင်မင်းတရား ဘိုးတော်ဘုရားရဲ့ ရွှေလက်ထက်တော်အခါမှာသာ၊
(အယူတော်မင်္ဂလာ) ၂ ၊ ရှိစဉ်အခါက ပြောဆိုခဲ့တာ၊ သူမရှိတဲ့နောင်သောအခါ၊ ခလေးသဘင်သည် သူရူးတို့ သုံးဦးစကားကို
နာယူမှတ်သားပါ၊ အတိတ်ကောက်တတ်ရင် မမှားဘူးလို့ ကျွန်တော်ခင်မောင်ရင် ကြားဖူးပါတယ်ခင်ဗျာ၊
(အောင်စေ တောင်သပြေဒီပါ ဩဘာထွန်းတဲ့လက်ျာကျွန်းမြတ်မှာ) ၂၊ တက်သစ်စ နေဝန်းလို တောက်ထွန်းကာ သာယာ၊
ကျက်သရေစုံစွာ၊ ကျွန်တော်ပြောတဲ့ စကားမှတ်ကြပါ၊ အမှန်ပင်ဘုန်းသမ္ဘာတိုးလို့ ဘာသာရယ် တို့သာသနာရယ်
တို့ဗမာအပေါင်းကောင်းစားကြတော့မှာ။
သံပြိုင် ။ အယူတော်မင်္ဂလာ၊ ဇမ္ဗူပေါ်တခွင်မှာ၊ ပညာရှင်ဆိုစကား ထူးထူးခြားခြား လွန်မှတ်သားစရာ၊
သဘင်သည် သူရူးနဲ့ကလေးများပြောတာ၊ လွန်မှတ်သားစရာ၊ ခင်မောင်ရင် ဆိုသီချင်းနဲ့ ဘေးရန်ကင်းကာ မဆင်းရဲဘူးမှတ်ပါ။
(ရတနာမိုး သွန်းဖြိုးကာအမှန်ပင်ရွာ၊ ရွှေရတနာ ငွေရတနာ သေချာစွာ ပေါမှာ) ၂ ၊
အောင်ခြင်းမင်္ဂလာ ကျက်သရေတိုးလို့ မြတ်သော ဂုဏ်ရည်ပါ၊ စုံညီစွာ ယုံကြည်ပါ၊ ဘုံသီဟာနန်းမှာ၊
သော်တာစန်းရောင် တိန်ဝေဖြာ၊ စိန်ပဒေသာပေါက်ကာ၊ ဘယာဝေးလို့ သူဌေးဖြစ်ကြတော့မှာ။
သံပြိုင် ။
==============
တို့လယ်သမား
ရေး - ဒဂုန်ဆရာတင်
အချိန်တန် ရေခံ ခမောက်ကိုတဲ့ ခေါင်းမှာတင် အင်္ကျီဖျင်ကိုယ်ကြပ်ကယ်နဲ့ လုံကွင်းမတော့ ဒူးလယ်ပေါ် ထွန်တုံးကိုမှ
အနိုင်နိုင် အပြိုင်ပြိုင်နွံမှာ ရုန်းရှာကြတယ်၊ အဖော်ကွယ် နွားငယ်တရှဉ်းရယ်နဲ့ ကြိမ်နပြာ နှင်ကာသွားတယ်၊
အိုကွယ် တောက ယောက်ျား တို့လယ်သမား၊ (မိုးတပြိုက် လေတလှည့်နဲ့ လယ်ပြင်လုံးဝယ်၊ ရေယဉ်ဖုံးတယ်၊
အေးရှာသည် တစ်နေကုန်အောင်ပ ကြိုးကြိုးပမ်းအားစိုက်ထုတ်ကြတယ်) ၂
ဦးလယ်ကို အမြဲစိတ်မှာ ပျော်အောင်သာ ဝမ်းစာရေးကို လုပ်ကိုင်ကြတယ်၊ တို့လယ်သမား အများထုံးစံကွယ်၊
ရွှံ့နွံထဲမတော့ တဝဲလယ်နေတယ်၊ နာရီမဆောင်စိတ်ပင်ပန်းဖွယ်၊ နေစဉ်နွမ်းတယ်၊ ဘာသာဘာဝလုပ်ရေးဆောင်တာ
အဖြာဖြာ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လုပ်ငန်းကို အမြဲဆောင်တယ်၊ သို့ပေမယ့်လို့ အမြဲစိတ်မှာ ပျော်အောင်သာ
ဝမ်းစာရေးကို လုပ်ကိုင်ကြတယ်၊ တို့လယ်သမားအများထုံးစံကွယ်။
(ငစိန်နီဆန်ထမင်းကို မြိန်ရေရှက်ရေ စားသောက်စေဖို့ကွယ်၊ ငပိရေညိုညိုရဲနဲ့ နယ်ဖတ်ကာ တွင်တွင်မျိုတော့တယ်) ၂
အတိုင်းထက်အလွန်ပင် တို့စရာ ဆယ်လီမျိုးနဲ့ အများကြိုက်အောင်စုံတယ်၊ ဒီလိုသာ နေ့စဉ်ရက်ဆက် တို့ဝမ်းစာ
နွှဲခဲ့ရတော့တယ်၊ သို့ပေမယ်လို့၊ အမြဲစိတ်မှာ ပျော်အောင်သာ ဝမ်းစာရေးကို လုပ်ကိုင်ကြတယ်၊ တို့လယ်သမား အများထုံးစံကွယ်။
(မလုံ့တလုံ သက်ကယ်မိုးရယ်နဲ့ ဝါးဖျာခင်းပါတဲ့ တဲအိုမှာကွယ်၊ ဘေးစောင်ရယ် စလူကာလို့ အနေကျဉ်းအောင်
ယိုယွင်းတော့တယ်) ၂ ၊ နေနဲပြီပြန်ချိန်တန်တော့ မိုးငယ်ကစွေတယ်၊ ဦးဆယ်ဖြာလေကစားပြန်တော့ လူလုံးမေးခိုက်တုန်လှတယ်၊
သို့ပေမယ်လို့ အမြဲစိတ်မှာ ပျော်အောင်သာ ဝမ်းစာရေးကို လုပ်ကိုင့်ကြတယ်၊ တို့လယ်သမား အများထုံးစံကွယ်။
=============
စကြာသိုက်
ရေး - ဆရာဦးသက်တင် (ပဲခူး)၊ တယော - တယောဦးသာဒွန်း (ပဲခူး)
တို့ဗမာတေဇာဂုဏ်ရောင် ထွန်းပြောင်တော့မည်၊ စကြာသိုက်တဘောင် စာဆိုပြောင်လည်၊
ဘိုးတော်ရင်သွေးမို့ အသင့်ရောက်ချိန်တန်ပေပြီ၊ မျှော်လင့်ကြပေသည်။
မြန်မာတို့ နောင်အစဉ်တကယ်နိုင်မည်၊ အောင်ပင်လယ်ကန်ကြီးနှင့် ရေညိုချောက်ခဲ့ပါပြီ၊ ဆောင်ပလ္လင်ကွယ်ပြီးတော့
ရွှေဗဟိုပျောက်ခဲ့ပါပြီ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်စီမို့ အားမလျှော့နဲ့ အတည်၊
ကိန်းရယ်ခန်းရယ် ဆန်းကြယ်ပါစကြာသိုက် တဘောင် စာဆိုပြောင်ပေသည်။
သံပြိုင် ။ (အင်းကို ဟင်္သာဆင်းမည်၊ ဆင်းရင် လေးနဲ့ခွင်းမည်၊ ထိုမုဆိုးကို ထီးရိုးရိုက်မည်၊
ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်၊ ထောင့်သုံးရာတစ်ခုကစ၍ ရတနာဆိုတာ လိုရာရနိုင်ပြီ) ၂
မင်းဆင်ဖြူရှင်သည် အင်းဝပြည် ထီးနန်းစိုက်ခဲ့သည်၊ မကြာမီ ဟံသာဝတီပြည့်ရှင်မင်းက
ထောင့်တစ်ရာဆယ့်သုံးခုမည်၊ စစ်သည်တော်ဗိုလ်များနှင့်အတည်၊ တိုက်ခိုက်လို့ အောင်သည်၊
အင်းကို ဟင်္သာဆင်းမယ်လို့ အာစရိယဝါဒနဲ့ စာသကာ ခင်မောင်ရင်ဆိုသည်။
သံပြိုင် ။
ခြောက်ပါးရောင်ခြည်ဖြိုးသည်၊ ရွှေချက်သိုစေတီ၊ ဒါယကာအလောင်းမင်းတရားက သီပေါမင်းထိ ဆက်ဆံပြန်ရသည်၊
မုဆိုးကအတည်၊ ထင်လင်းငြားသည်၊ ဘုရင်မင်းတရားတို့ သိကြလေရဲ့ မုဆိုးက လေးနဲ့ခွင်းခဲ့ပြီ။
ရတနာပုံ နောက်ဆုံးပေးရသည်၊ ၎င်းမုဆိုးဆက်ကို ထီးရိုးရိုက်ခဲ့သည်၊ ဘုရားပါတော်မူသည်၊ ဇာတာမှေးလို့ ဆွေးရသည်၊
အလောင်းတော်လည်း လာချိန်နီးပြီ၊ ထီးကနက်စည်၊ သယ်နင်မင်းအယုတ်၊ ထီးရိုးစုတ်ကဖုတ်ဖုတ်ကင်ကင်နင်ထင်ရာနင်စားလို့
နင့်အား မိုးကြိုးသွားနဲ့ ခွင်းတော့မည်၊ သမတဦးသျှောင် ထွတ်ဘုန်းခေါင်၊ နေရောင်ထွန်းက ဆီးနှင်းပသို့
ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်၊ ထောင့်သုံးရာတစ်ခုကစ၍ ရတနာဆိုတာ လိုရာရနိုင်ပြီ။
သံပြိုင် ။
============
နေနဲ့လ
(မေမေဝင်းနှင့် တွဲဖက်ဆိုသည်)
ရေး - မသိ
၁၉၃၈ ဖေဖော်ဝါရီ
ကျား ။ ဘုရားသွား ကျောင်းတက် ရှေးရေစက်ကြောင့်သာ၊ မယားထူး မယားမြတ် မယားအလိမ္မာ၊ ကြားဖူးနားဝ ပြောပြချင်တာ၊
အမရာကိန္နရီမဒ္ဒီ သမ္ဗူတော်ဝင်များ ငါးပါးလင်ဝတ်မှာ ကျေပွန်ကြပေတာ၊ ဒါကြောင့်မြပျိုနှမကို တော်လေးဝဝင် ဧကန်ထင်မိတာ။
မ ။ မယားအပေါ် သနားမျှော်ကာ၊ ဆုံးမသွန်သင် ခင်မင်ယုယစွာ၊ ဒီလိုလင် ရှာမှရှား ယောက်ျားပီသတာ၊
မောင့်အနားက မြ တစ်ဖဝါးမခွာ၊ လင်ကံကောင်း၍ မောင်နဲ့ ပေါင်းရပြန်တော့တာ။
ကျား ။ စိတ်သဘောအရ ပြောပြချင်တာ၊ သောတဆင်ပါ ချောသမျှဘုရင်မှာ၊ ပပဝတီ အတုလကာရီ ဥမ္မာဒန္တီ စာတွေ့နဲ့ ငါတွေ့ပြိုင်ဦးမှာ။
မ ။ မောင့်ကိုသာ မြပျိုကညာ၊ လင်ပြိုင်ပွဲကြီး နွှဲလို့သာ ပြိုင်စမ်းချင်တာ၊ မိုးကျရွှေကိုယ်လားထင်မှားမိကာ၊
လင့်ဝတ်ငါးပါး သိတတ်သူပါ၊ စီးတဲ့ရေ ဆယ်တဲ့ကစင်း ဘယ်ဒင်းမှ မလပ်ခဲ့တာ၊
မှီခိုအားထားရာ ကိုယ့်လင်သားရဲ့စကား သကာပျားလို (အစဉ်ချိုမှာ မငြိုငြင်ပါ) ၂
ကျား ။ မောင့်ချစ်သူအပါးက သူမခွာ၊ သနားစရာရူပကာ၊ အပါးကတူမခွာ၊ ပီယဝါစာချိုစကား နှစ်ကိုယ်ကြား
ပျိုတစ်ပါးအလိမ္မာ အစစအရာရာ စိတ်ချလောက်တဲ့မယား အပြစ်ကင်းတဲ့ မယားကညာ၊
လင့်အလိုလိုက်ကာ လင့်အကြိုက်သဘောကို ပြော၍သာ ခင်မင်ပြန်ရတာ။
မ ။ သဘောတူ စိတ်တူကြည်ဖြူစွာ၊ ချစ်သူနှစ်ဦးတို့ ရွှင်မြူးကာ၊ သက်ဆုံးတိုင်မခွဲဘဲ အသဲစွဲချစ်မှာ။
ကျား ။ စိတ်ထားကောင်းနဲ့ ပေါင်းဖက်လာ၊ ရွှေငွေဘဏ္ဍာ စီးပွားတိုးတက်ကာ၊ ဤလူ့ပြည် လူ့ရွာမှာ
ချစ်ပြီးချစ်ရင်း အချစ်ချင်း ပြိုင်ဆိုင်ကာ၊ စည်းစိမ်ချမ်းသာ နေနှင့်လ ရွှေနှင့်မြသို့ပမာ တူမျှစွာ။
================
ဘိုးဘိုးအောင်
ရေး - ရွှေတိုင်ညွန့်
၁၉၃၉
တို့ဗမာ တေဇဂုဏ်ရည်၊ ကျုပ်တို့လူမျိုး တန်ခိုးရှိသည်၊ ဘုန်းကံရှင်များ ထင်ရှားခဲ့သည်၊
ပထမံအတတ်နဲ့ ထွက်ရပ်လမ်းပေါက်ခဲ့ပါပြီ၊ ဘိုးဘိုးအောင် အတ္ထုပ္ပတ္တိကို သိချင်ပေလိမ့်မည်။
(ကျနော်ကြားဖူးသလို ပြောဆိုပါမည်၊ ကျောင်းသားအရွယ် ငယ်သူငယ်ချင်း သုံးယောက်ရှိလေသည်၊
စုံစုံညီညီ ကတိသစ္စာထားကြပုံက အရွယ်ရောက်တဲ့ချိန်ခါမီ၊ တစ်ယောက်ကောင်းစားရင် တစ်ယောက်ကို မ မည်) ၂
တော်အရိပ်ခိုမီ တစ်ဦးကတော့ရဟန်းဘဝနဲ့ နေတော်မူသည်၊ အလယ်လူထင်လင်းစွာ မင်းဖြစ်တော့သည်၊ ကျန်လူတစ်ယောက်မှာ
ထူးစွာပေါ်လာသည်၊ ပြဒါးနဲ့ရေသယံ သံကိုမထိုးဘဲ ပထမံတန်ခိုးကြောင့် ဘိုးဘိုးအောင် တဘောင်နဲ့ ပေါ်လာသည်။
တစ်နေ့သောအခါမှာ အာဏာပြင်းတဲ့ ရာဇာမင်းက သူငယ်ချင်းများနဲ့ ထားတဲ့သစ္စာမတည်၊ ဘိုးဘိုးအောင် ပညာအတတ်နဲ့
နန်းရပ်ထီးဖြူ လုယူမယ်ထင်သည်၊ အမိန့်တော်မသွေမှတ်လို့ အသေသတ်မယ်၊ အထူးပဲ စိတ်ကြံစည်၊
ကတိကို မတည် အကြံရိုင်းတဲ့ ဘိုးတော်ဦးဝိုင်းသည်၊ မဆိုင်းခဏပင်ကြံစည်၊ ဗိုလ်မှူးတွေကို သူစေခိုင်းလို့
သွေးမစောင်းလှေလောင်းနဲ့ညီ၊ လက်ပြန်ကြိုး အမျိုးမျိုးချီ၊ ဖမ်းခဲ့ပြန်သည်၊ အရမ်းမဲ့ကြံစည်၊
ဂုဏ်မောက်တဲ့ထိုမင်းကို ထင်လင်းစေရအောင် အကြောင်းကိုပြအုံးမည်။
ပထမံဂုဏ်ရောင် ဘိုးဘိုးအောင်က သူ့တိုင်းပြည်ဘောင်သို့ ဌာနီဆိုက်ရောက် လိုက်ကာလာပြန်သည် အတည်၊
မင်းလိုဘုရင်ဧကရာဇ်က အပြစ်ရှာသည်၊ သစ္စာမတည်၊ ပထမံအတတ်ဟာ သတ်လို့ မသေပါသည်။
သတ်ရန်ကိုမဆိုထားနဲ့တော့ ထင်ရှားအောင်မြင်ရမည်၊ ငါရေးပြပါတဲ့ ဝတစ်လုံးကိုသာအတည်၊
မင်းပျက်အောင် ဖျက်နိုင်ရင် ငါ့ကိုနိုင်လိမ့်မည်။
ပထမံဂုဏ်ရောင် ဘိုးဘိုးအောင်က ဤကဲ့သို့လျင်စွာ ပညာကိုပြသည်၊ ထီးဘုရင်မဟာသည်၊ သူကိုယ်တိုင် ထင်လင်းစွာ
အတင်းဖျက်လိုက်ကာမှ အစက ဝတစ်လုံးဟာ နှစ်လုံးဖြစ်လာသည်၊ နှစ်လုံးဖျက်ပြန်တော့ လေးလုံးပေါ်ခဲ့ပါပြီ၊
နှစ်ဆတိုးတာဟာလေ ကျနော်တို့ဗမာ့တန်ခိုးပါဗျ အလွန်ထူးဆန်းတဲ့စွမ်းဉာဏ်ရည်၊ ဘိုးဘိုးအောင်ပါရမီ။
(ဗုဒ္ဓဘာသာ မြန်မာ ဟူသမျှ ရန်ဘယာ မြူမခ စိတ်သာချအတည်၊ ဝိဇ္ဇာ မ မည်) ၂ ၊ စီးပွားချမ်းသာ ကျန်းမာကာရွှင်ကြည်
ထင်တိုင်းပေါက်မည်၊ ဝမ်းမြောက်ကြစေဖို့ ချိန်ခါမီ၊ ဘိုးဘိုးအောင်သည် မကြာခဏနဲ့ မ လိမ့်မည်ယုံကြည်။
=============
နဂါးနီ
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ မတ်
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည်၊
မွဲတဲ့လူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့ မ တဲ့ကိန်းဆိုက်မည်။
သံပြိုင် ။ (ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်) ၂
တို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ၊ အကျိုးထူးပေးတော့မယ်တဲ့ဗျ၊ တို့နဂါးနီ၊ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ၊
အကျိုးထူးပေးတော့မည်၊ ခေတ်သစ်ထူထောင်မည်၊ အေးချမ်းသာယာစည်၊ ဟေ့ နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။
(နေရေးနဲ့စားသောက်ရေးပါ မနှေးအောင်ပင် ချောင်လည်ရမည်၊ လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် တို့နဂါးနီ) ၂
(ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်မည်) ၂၊ ကောင်းစားမည် တို့မြန်ပြည် ရွှေမိုး ရွာမည်။
သံပြိုင် ။
(သိဒ္ဓိအဖုံဖုံ လုံခြုံစေမည်၊ နေ့စဉ် / ညစဉ် ဖိုမထိုးဘဲ အကျိုးပေးနိုင်မည်) ၂ ၊ မြန်မာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည်၊
မွဲတဲ့လူတွေ ငွေမရှားရအောင် ကြိုးစားလို့ ဆောင်ရွက်ကာမှန်း ထွက်ရပ်လမ်းပြမည်။
သံပြိုင် ။
============
တောသားကြီး
ရေး - ဂီတာသောင်း
၁၉၄၀
အများတကာတို့ ထင်ယောင် ခင်မောင်ရင် တောသားလို့ ပြောကြားကြတယ်၊ နှဲတစ်လက်ကယ်နဲ့ ဘဲကြက်သံ
နာခံပါလို့ ကြီးရော့သလား၊ ကိုင်းခုတ်ရာတွင် ထာဝစဉ် နေဝင်နေထွက် လုယက် သူ့ထက်ငါပင် လုပ်ငန်းတွင်အောင်
သည်တွင် သာစွ တစ်ဌာနဟု ဂါမရပ်ထံ ထမင်းကန်နှင့် ရေကန်သာယာ ဟိုတောရွာမှာ မွေးပါလေသလား
လွမ်းစရာများတဲ့ လွမ်းစရာပေါတဲ့ (စုံတော်မြိုင်ခြေ ဆန်းကြယ် လွမ်းဖွယ်စေ) ၂ ၊ (နန်းမြေရွှေဘုံ ရိပ်လှုံကွာလှမ်းဝေး) ၂
ကျေးရွှေသာရကာ၊ ပျော်မြူးကြရှာ၊ ကျေးရွှေသာရကာ ကျေးရွှေသာရကာ၊ ပျော်မြူးလေ ပျော်မြူးကြရှာ၊
ဘာသာလူလို သံချိုအေး သံရင့်ကြွေး ဘာသာလူလို အိုလေး သံရင့်ကြွေး။
(မျှော်လေထွေဆန်း ရော်ရည်ကာရမ်း ပြည်တော်ရွှေနန်းဘယ်မှန်းသိပေါင်) ၂ ၊ (မြို့ကြီးပြကြီး မရောက်ဖူးတဲ့ အောင်၊
ခင်မောင်ရင်ပြောကြားတဲ့ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်) ၂ ၊ ထင်တာတွေ အကုန်လုံး မှားကြမယ်၊
ရတနာသုံးပါး ကြည်ညိုတယ်၊ သံယောဇဉ်တွေ လည်ကာဝိုင်းတဲ့ ကာမဂုဏ်တိုင်းကို အစဉ်ခွာမယ်၊ မြင်တာရယ်၊ ကြားတာရယ်၊
မွှေးတာရယ်၊ အရသာရယ်၊ မြင်တာတွေရယ်၊ ကြားတာတွေရယ်၊ မွှေးတာတွေရယ်၊ အရသာတွေရယ်၊
အတွေ့ဟူသမျှ ရှောင်ကာရှားမယ်၊ တစ်ကိုယ်တည်းပင် တောထွက်သွားမယ်၊ တောသားကြီးပေါ့ကွယ်၊
အော် ငါးခုအာရုံတွေဖယ်၊ ကာမဂုဏ် ညွတ်ကွင်း လွတ်ကင်းအောင် ကျွန်တော် ရုံးတော့မယ်။
===========
မိုးနတ်ခင်
ရေး - ကိုခင်ဆွေ ခေါ် ကိုဘဦး
၁၉၄၀
ဣတ္ထိသျှတ္တရ စာစီကာရေးတဲ့ ကာလီဒါ ငေးရမလိုပင်၊ လေးနှမပျိုခင်၊ အလှတွင် အချောတွင်၊
မြင်မြင်သူ ဘဝင်ထဲ စွဲမက်ဖို့ပင် တစ်မိုးအောက်တွင်။
(ခြောက်ပစ်ကင်း ကျော့ကျော့ရှင်း မြနှင်းတဲ့ အလှထိပ်တင် မိုးနတ်ခင်) ၂ ၊ ယဉ်တစ်ကိုယ်လုံးတွင်၊ ရွှင်ချိုပြုံးအစဉ်၊
သူ့အသွင်နုယဉ် ရှုမဝနိုင်အောင်ပင်၊ ကြည့်မဝနိုင်အောင်ပင်၊ မြတ်ပါးသနပ်ခါးတင်လျှင်၊ မောင့်စိတ်ထဲတွင် မိုးနတ်ခင်။
ကြည့်တိုင်းယဉ် ရှုတိုင်းယဉ်၊ တုနှိုင်းလို့မောင်ဆိုချင်၊ အပျိုခင်မြမျက်နှာကိုမြင်၊ လစကြာလိုပင် အမြဲထင်၊
မူနွဲ့နွဲ့ ဖြူလဲ့လဲ့ မျှော်တွေးဆလိုက်ရင်၊ အော် ရှေ့ကလိုတော်လေးဝဝင် မဒီခင် မီမထင်၊
ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ ခင်ခင်နှမ အလှတကာ့ဘုရင်။
ကြည့်တိုင်းယဉ် ... ... အမြဲထင်။
(ဘုံကြိုးပြတ်တဲ့ မိုးနတ်အသွင်၊ လှထိပ်တင် မောင့်မှာ မှတ်ထင်၊ ချစ်မေတ္တာပွားလို့ပင်၊
အသံကြား သနားစေကြောင်း ဆုတောင်းပြည့်တဲ့ခင်) ၂ ၊ မေသတိုးတွေ့ရင်၊ မောင့်စိတ်ထဲ ဆွေးမျိုးမေ့ချင်၊
အမျိုးမျိုး မရိုးနိုင်အောင်ပင်၊ ဖက်ရှင်ကျကျထွင်၊ မဒီအလှ ကလေးကိုပင်၊ ဂီတတေးနဲ့ သီကာရေးလို့ ပိုမယ်မထင်။
ကြည့်တိုင်းယဉ် ... ... အမြဲထင်။
===========
ကိတ္တိမ
(ခင်ခင်ရီနှင့် တွဲဖက်ဆိုသည်)
ရေး - ဂီတာသောင်း
၁၉၃၈ ဇွန်
ကျား ။ (အာကာယံထဲ ရှုတိုင်းသာပ မှိုင်းဝေဆင်ဖြူး လေသွင်သွင်) ၂ ၊ (ငွေနှင်းတွေဆင်း ငွေနှင်းတွေဆင်းကြသည်၊ မှိုင်းမှုန်ပြာရီ) ၂
ကမ်းနဒီ လှိုင်းဖွေးဖွေး ဆွေးသူမှာ ကြင်ဖက်ကို စွဲမက်မှန်း (ထွေထွေဆန်းဆန်း) ၄ ၊ ပန်းသရဖီ ရွှေအင်ကြင်းကို ညှင်းလေကဖြန်း
မ ။ သဉ္ဇာလီ ရွှေလည်ထဲမှာလှ မယ်တစ်ကိုယ်တည်းပကွယ်၊ ဖော်မစုံဆွေးပါလို့ တွေးကာမျှော်မှန်းရွယ်၊
မှေးမှိတ်လို့ စက်မပျော်နိုင်တယ်၊ ကြင်မယ့်သူ မြင်ဘူးကွယ်၊ ထားကေညွန့်နွယ်။
ကျား ။ (ထွေထွေဆန်းဆန်း) ၄ ၊ ပန်းသရဖီရွှေအင်ကြင်းကို ညှင်းလေကဖြန်း။
မ ။ ရွှေဖူးစာကံ ထူးဖန်တယ်၊ ချစ်ကြည်နူးကြဖွယ်၊ ငှက်ကယ်မောင်မယ်တွဲပါလို့ ဝဲကာသူတို့နှယ်၊
မိုးသားညွန့် တိမ်ယံဗွေလယ်၊ တွန်ကြသံ သာလှတယ်၊ စိတ်ကြည်နူးဖို့ တကယ်။
ကျား ။ မြင်ရသူ စွဲလောက်စရာငယ်၊ တစ်မိုးအောက်မှာကွယ်၊ မောင့်စိတ်က တစ်ယောက်လို့ ထင်ပါတယ်၊
မျက်ခုံးရယ်၊ မျက်လုံးတွေက (တကယ်ပင် ချစ်စရာကောင်းတယ်) ၂ ၊ ပိတုန်းရောင်သုံးတောင်ကေသာညွန့်ရယ်၊
(နှာတံကလေးသေးသွယ်) ၂ ၊ သွားကလေးတွေ ငွေပုလဲလို (ညီညာလှပါဘိတယ်) ၂ ၊
မင်းမျက်နှာ မမြင်ရရင် (မနေနိုင် မောင့်စိတ်ထဲဝယ်) ၂ ၊ ကာလီဒါသ မှိုင်ကာ ငေးလောက်ဖွယ်၊
ရွှေလည်တိုင်သွယ်၊ ခြေတစ်လှမ်းဝယ် ကုဋေတစ်သန်းတန်လောက်ဖွယ်။
နတ်ကိန္နရီ အလားမျှ ထင်တယ်၊ မခြားလှ ယဉ်တယ်၊ ထားနှမခင်ရယ်၊ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာမယ်၊
(အသဲထဲဝယ် စွဲစွဲတယ်၊ အမြဲပဲကွယ် ချစ်မိပြန်တယ်) ၂ ၊ (ခင့်အမေ ရွှေမှုန်စားလို့ ဖွားသလားထင်တယ်၊ ဇမ္ဗူရဇ်ပုံနှယ်) ၂
မျက်စိအောက်အပျောက်မခံနိုင်တယ်၊ အလှထိပ်တင်ရယ် ထားလောက်စရာကွယ်၊
မြင်ရသူတကယ်၊ စိတ်မနောဝယ်၊ ဇောပီတိဖြာဖွယ်။
===============
လောကနိဗ္ဗာန်
(မေမေဝင်းနှင့် တွဲဖက်ဆိုသည်)
ရေး - ဦးဉာဏ
၁၉၄၀
မ ။ (သားကိုသခင် လင်ကိုဘုရားရယ် ရှေးစကားပုံပြင် အရှိသားရှင်၊ ပျိုဆင်ခြင် ကျင့်ဝတ်ငါးအင်၊
မမှားအောင်ပင် မောင့်ကိုလုပ်ကျွေး လေချိုကလေးနဲ့ နားဝင်အေးအောင်ပင် ပျိုခင်မနော ပြောပြချင်) ၂
အို ဘုရားသွားကျောင်းတက် ကုသိုလ်ရေစက် မပျက်သူပါရှင်၊ မင်းဝေဿန်မဒ္ဒီထုံးလိုဖြင့်
နှလုံးအသဲ မြဲလျက်ပင်၊ လင်နဲ့မယား ထားကြအင်။
ကျား ။ ပျော်ရွှင် ငြိမ်းချမ်းလို့ မပူပင်၊ ပုံအသွင်၊ လောကရဲ့ ခေမာနိဗ္ဗာန်ထင်၊ (ချစ်လို့ရယ်တဲ့ မကုန်နိုင်ပါတယ်၊
သမုဒယ တစ်ပါးလူ့ဘဝမပြောနဲ့ မဂ်လမ်းဖိုလ်လမ်း ဖိုလ်စခန်းတောင် မခွဲဘဲ ချစ်မယ်ပျော်ပျော် သွားမယ်လေ) ၂
သားရယ် မယားရယ် အားမငယ်အောင်ပင်၊ ဝမ်းစာရေးကို လုပ်ကိုင်ကျွေးချင်၊
နဖူးကချွေး ခြေမကျစေ မောတယ် ပန်းတယ် မောင်မထင်။
မ ။ စီးပွားရှာမှု လင်တစ်ခုတဲ့ရှင့်။
ကျား ။ မြရေ သို့ပေမယ့် လင်ကိုအားပေးမှ မယားအရေးသာမယ်ထင်။
မ ။ ပျော်ရွှင် ငြိမ်းချမ်းလို့မပူပင် ပုံအသွင် လောကရဲ့ ခေမာနိဗ္ဗာန်ထင်၊ တော်လေးဝမိန်းမမြတ်လိုပင်၊ လင်သားကို ချစ်ပါတဲ့ခင်။
ကျား ။ (ချိုချိုစွာသာယာတဲ့ စကားအရာယဉ်၊ ဗြဟ္မာစိုရ်မကွာ ညှာတာတဲ့ တရားအရှင်) ၂
မ ။ ချစ်တဲ့လင် မြချစ်တဲ့လင်။
ကျား ။ အသက်ရာကျော် အရွယ်ဟိုင်းအောင် ချစ်လိုက်ကြ မကွာအစဉ်။
မ ။ ကြာလေချစ်လေ အနှစ်တွေ့လို့ ပျိုဆိုချင်။
=========
စိတ်
ရေး - ဆရာတောက်
ထင်ရှားစေမည် မနသီ ထိုစိတ်ကို ဒိဋ္ဌဖော်ပြ ဗုဒ္ဓေထူးလျာ ငယ်စဉ်အခါမှာ၊ ဇဝနလျင်စွ၊ ဟင်္သာညီနောင်မှာ၊
တရားကိုရည်ဆောင်ကာ၊ ဂိစ္ဆဂုတ်တောင်နေ၍သာ၊ လောင်းနီတောမှာ၊ စိတ်အကြံပေါ်လာ၊ လေးကျွန်းထိုထို
တမြင့်မိုရ်လယ်ကာ၊ သွားသော နေရထားပြိုင်ငြား ငါ့အားသာ ရှုံးရပုံသေချာ၊ ပြင်းရာသီရှိန်ဝါ၊
မွန်းတည့်ဒီချိန်ခါ၊ နောင်တော်ရယ်က ဗုဒ္ဓညီဖွားမှာပေါ့ လိုက်ခဲ့ပါတော့ ဇဝန ရွှေဟင်္သာ။
((စိတ် စိတ်ဆိုတဲ့ သည်နာမာ၊ ရှင်းပြမယ်ပ သေချာစွာ) ၂ ၊ (ဟင်္သာကိုသာ ထုတ်ဖော်နေတာ) ၂၊
ခင်မောင်ရင်စိတ်ကို အကြောင်းဖော်မှာ) ၂
(ရွှေဟင်္သာ လိုက်ကြည့်လေရာ၊ သူ့ညီအတွက်သာ) ၂ ၊ နေမင်းဖန်ဝါ၊ ထွန်းအရောင်တွေဟာ မလင်းနိုင်ပါ၊
သူ့အတောင်ပေါ်မှာ၊ ပျောက်ကွယ်ပါလို့ သိပ်ကာဖုံး မိုးလုံးအုံ့တင်သာ၊ မှောင်နေရာ၊ မင်းကြီးဗြဟ္မာဒတ်သာ၊
ဘုရင်မဟာ၊ တိုင်းပြည်တွင်းမှာ မှောင်သည့်အခင်းကြောင့် အမတ်မင်းများ စစ်ဆေးလေတော့အခါ၊
ကောင်းကင်မှာ၊ အသွားချင်းပြိုင်ကြသူရာနေကိုသာ၊ လောင်းမင်းဇဝန ဗုဒ္ဓရွှေဟင်္သာ။
(စိတ် စိတ်ဆိုတဲ့ ... ... အကြောင်းဖော်မှာ)
မင်းကြီးရာဇာ လေးသမားကိုသာ လေးယောက်ခေါ်ပါ) ၂ အလယ်မှာထိုင်ကာ ခိုင်စွာစိုက်ပါ၊ သမတျာမြတ်အကြား၊
ပြိုင်ဆိုင်တာ လျင်မြန်စွာ၊ မြှားတစ်ထောင်ပစ်လို့ ခတ်စမ်းပါ၊ တစ်ချောင်းမကုန်ရ လက်ရဖမ်းကာ၊ ပြန်ပေးရာ၊
မင်းကြီးရာဇာ ချီးမွမ်းလေတော့တာ၊ ထိုသောအခါ၊ လက်ပြစ်တတွဲဟာ၊ ကုဋေတစ်သိန်းမှာ၊ ငြိမ်းချုပ်လေတာ၊ အမှန်ပါ။
(စိတ် စိတ်ဆိုတာ မြန်ခွာ ငြိမ်းချုပ်လေတာ အမှန်ပါ) ၂ အမည်မှည့်ကာ၊ တည်တဲ့စာ။
================
အောင်ခြင်းရှစ်ပါး
ရေး - ဦးဉာဏ
မာရံ အာဠာဝကံဟတ္ထိ၊ အင်္ဂုလိမာလစိဉ္စမာ၊ ကုဋန္တနာဂရာဇဉ္စ၊ ဗကအဇိနိတေဇသာ။
ဗုဒ္ဓေါဇီနံ၊ အထိကရအောင်ရာ၊ ရွှေဘုန်းတော်တေဇာ၊ စက္ကဝါ ဖိတ်စရာ စံမရ၊ အနန္တဂုဏ်မဟာ၊
ပလ္လင်ဗောဓိ အောင်သည့်အခါ၊ သေနင်္ဂါဗျူဟာတွေကျင်းပါလို့၊ မင်းမာနတ် ဇိန္ဒမာငယ်၊
ရိပ်သာပလ္လင်မှန်းပါလို့၊ (စစ်ခင်းကြဆိုင် ယှဉ်ပြိုင်ရာ) ၂ ၊ သမ္မာသမ္ဗုဒ္ဓ အနုတ္တရအောင်ပန်းကဖြာ။
(ရှစ်တန်ရှစ်ဖြာ အောင်ဇေယာ၊ ဗုဒ္ဓမြတ်စွာဂုဏ်တေဇာ) ၂ ၊ (ဦးရှိတင်ပဏာ) ၂
ဘေးရန်ဟူသမျှ အောင်မြင်ကာပ၊ ချမ်းသာရလိမ့်မှာ။
(နက္ခတ်စွယ်စုံ မာန်ဟုန်ပြင်းပြရှာ၊ ဗုဒ္ဓအရှင့်သခင်ကို စစ်ဆင်တိုက်လို့သာ) ၂၊ အာဠာဝကကိုဖြင့်
အသာကရနဲ့ အောင်တာ၊ ယုတ်မာညစ်ညမ်း ဆိုးသွမ်းလှစွာ၊ ဟတ္ထိ နာဠာဂီရိ အမည်ရှိတဲ့ ဆင်ကိုပါ
ဗုဒ္ဓမြတ်စွာ အောင်တော်မူလေတာ။
(တောမြိုင်ကန္တာ၊ တွေ့ရာလူတကာ၊ လက်ညှိုးကိုသာ၊ ဖြတ်လို့ယူကာ၊ မင်းအင်္ဂုလိမာလာ) ၂၊
(ဗုဒ္ဓစိန္တေယာ၊ (အောင်ခြင်း) ၃ ၊ မင်္ဂလာ) ၂၊ (ဘုရားရှင် တရားပလ္လင်ရှိရာ၊ စွတ်စွဲလာတဲ့) ၂၊
စိဉ္စမာန ညစ်ညမ်းယုတ်မာ၊ ပဋိသန္ဓေကိုယ်ဝန်ရှိကာ၊
ဘုရားရှင်ကိုယ်တော်မြတ်ကို သူ့လင်လို့ အမျိုးမျိုးပြောပေတာ။
သတ္တရဖန် တောင်ကြီးမြင့်မိုရ်မှာ၊ ပါးပျဉ်းကိုထောင် ရောင်ဝါလွှင့်လေရှာ၊ နာဂရာဇာ အာဏာပြင်းပါတဲ့
နန္ဒောပနန္ဒမင်းကိုဖြင့် (အောင်မြင်လေတာ) ၂ ၊ ဝါဒတွေတစ်ထောင်လောက်နဲ့၊ မာနတွေတောင်လိုမောက်တဲ့
သစ္စကပရဗိုဇ် မိုက်တဲ့မိစ္ဆာ၊ ဗကဗြဟ္မာရာဇာမင်းကို နှိမ်နင်းကာပ၊ ဘဂဝါဘုရား အောင်ခြင်းမင်္ဂလာ။
ရှစ်တန်ရှစ်ဖြာ ... ... ချမ်းသာရလိမ့်မှာ။
===============
သိကြားသာသနာ
ရေး - ရွှေတိုင်ညွန့်
ဘဂဝါဘုရား အမိန့်တော် ထားသည်၊ သိကြားသာသနာရောက်ချိန်နီးလုပြီ၊ စတုဗြဟ္မာစိုရ်ညီ၊ ပဉ္စသီကိုပဲ တကယ်စွဲလို့
မြဲကြမှတော်လိမ့်မည်၊ စိတ်ချကာယုံကြည်၊ မြတ်ဘိုးတော်သိကြားမင်းက စက္ခုတစ်ထောင်ဆောင်ကာကြည့်နေသည်။
သုံးလူ့ပရမေ ရွှေအဆင်းနဲ့ညီ၊ မြတ်စွာဘုရားကို ဖူးမြင်ကြသည်၊ လောကပါလနတ်များစုံညီ ဇေတဝန်ကျောင်းမှာ
သောင်းသောင်းဖျဖျညီ၊ လောကဗျူဟာပါ တရားကို နာကြတော့သည်၊ ကုမ္ဘာန်တစ်ထောင်ကို အစေအညွန်ရပေတဲ့၊
ဝေသဝဏ္ဏာ မကျန်ရ၊ အမှန်ပဦးချီ၊ ဘဂဝါဘုရား၊ သတ္တဝါတွေသနား၊ သာသနာများ သိကြားကိုသာပင် အပ်နှင်းခဲ့ပါသည်၊
ဝရဇိန်လက်နက်စိုးတဲ့၊ ထက်မိုးဘုရင်က အထင်ကရစောင့်နေသည်။
သံပြိုင် ။ (ကောင်းသူ ကယ်တင်မည်၊ မကောင်းသူတွေ ဖယ်ရှားမယ်တဲ့၊ ဘုရားတရားတော်နဲ့ အညီ) ၂ ၊ အလော်မာများ၊
တော်ရာကိုရှား၊ ဒေသနာတရား၊ သေချာမမှား၊ နေ့စဉ်ပွားမည်၊ သိကြားသာသနာ ရောက်ချိန်နီးပါပြီ။
ဘုရားဟောထားတဲ့သည်၊ ကျမ်းဂန်နဲ့အညီ၊ လမ်းမှန်ကျင့်မည်၊ ကောင်းမှုကုသိုလ်ပြုက သေသေချာချာ စေတနာရွှင်ကြည်၊
နတ်မင်းများက ထင်အရှားကူညီပါလိမ့်မည်၊ မကောင်းမှုပြုတဲ့သူ ခုမနှေးအရေးယူလိမ့်မည်၊ မိုးကြိုးလက်နက်တဲ့
တာဝတိံသာဘုံ အာကာဆီ၊ သိကြားမင်းကတော့ ထင်လင်းတကယ် ပစ်ခွင်းမယ်၊ သာသနာရောင်ခြည် မညှိုးအောင် စောင့်ရှောက်မည်၊
မာတလိပါစုံညီ၊ အော် ... ဝိသကြုံခေါ် ထိုနတ်များက တရားတော်နဲ့အညီ၊ (လူ့ပြည်ကိုလှည့်လည်၊ အမှုတွေကြည့်မည်) ၂၊
မတော်တာကိုအတည်၊ ရှောင်ရှားသင့်လေပြီ။
သံပြိုင် ။
ပဉ္စသီ ငါးပါးကို လုံခြုံအောင် ထိန်းသိမ်းမည်၊ စိတ်ရင်းကောင်းတို့လိုပါသည်၊ အဘိဇ္ဈာပွားရင် မှားပေလိမ့်မည်၊
သိကြားသာသနာနီးလို့ ပုတီးစိပ်ကြပါအတည်၊ အဲဒီအခါကျရင် လူကြီးမိဘ ရိုသေကြရမည်၊
မကောင်းတဲ့ ဒုစရိုက်တရားတွေကို ပယ်ရှားကြဖို့ ကျနော် နှိုးဆော်သည်။
သံပြိုင် ။
===========
ဣတ္ထိယ
ရေး - မသိ
ဣတ္ထိယခေါ်မိန်းမတို့သည်၊ လှေနဲ့မြင်းလို မယွင်းဘဲတူညီ၊ ပဲ့ကိုင်ရာလူနောက် စီးရာကိုသာပါတတ်သည်၊
ရှေးအခါတုန်းဝယ်တိုင်းဗာရာဏပြည်၊ သူယောနန္ဒိဒေဝီ မိဖုရားလို ကြိုက်သူတွေ့ရင် ထင်ရာပြုလို့
ဒီလင်ကြီးကို စုံကန်ထွက်သွားပြီ၊ စိမ်းကားရက်လှပါသည်။
(မိန်းမဆိုတာ ဆောင်းလေပမာညီ၊ အတွင်းသဘောမတည်ကြည်၊ ပြောင်းလဲတတ်သည်) ၂ ၊ မောင်အချစ်ဆုံး မြဟာ
အဖိုးမထိုက်ပြီ၊ ပြင်ပြန်ရလို့သာ၊ ယခုဘဝမှာအတည်၊ ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ခါဇာတ်သိမ်းပြီ။
===============
ရွှေမန်းဆီသို့
(မေမေဝင်းနှင့် တွဲဖက်ဆိုသည်)
ရေး - ဂီတာသောင်း
ကျား ။ ဘဝကုသိုလ်အကျိုးပေးပုံ ထူးလိုက်တာက၊ အလှူရေစက် လက်နက်မကွာပါသည်၊ ရွှေမန်းမြို့ကြီးလည်း
ရောက်ဖူးခဲ့ကြပြီ၊ မြရဲ့ စေတီဆူဆူများကိုလှ၊ ဘုရားဖူးရန် ယခုပဲသွားမည်၊ ဂီတာသောင်းစာရေးလို့၊
ခင်မောင်ရင် မေမေဝင်းတို့ကဖြင့်၊ အခြေလင်း၍သာ စာဆိုပါတော့မည်။
(မန်းသေလာဂီ ရှုမျှော်မဆုံး၊ ဆိုင်းအုံကာဖုံး တောင်လုံးမှိုင်းရီ) ၂ ၊ (အင်ကြင်းတောနဲ့ ဘုရားကိုသာရည်၊
ကျောက်တော်ကြီးနဲ့ ရုပ်ပွားများသည်) ၂ ၊ တည်ထားပြုသည်၊ ရှစ်ဦးဝန္ဒာနာချီ။
မ ။ (စိတ်သဒ္ဒါ ရွှင်ကြည်၊ ကုသိုလ်ဆိုလည်း ယခုလိုပိုကဲ ပျိုအမြဲပြုမည်) ၂ ၊
(ဆီမီးပန်းနဲ့ ရေချမ်းလှူပါမည်၊ ပါရမီထူးလို့ ရောက်ဖူးရသည်) ၂ ၊ ရောက်ဖူးရသည်၊ တောင်စခန်းဖြာဖြာဆီ။
(မြောင်အကြားတောင်ကမ္ဘား၊ လျှောက်သွားအပေါ်နားမည်၊ ခြေတော်ရာ ဘုရားဖူးရန် ခုသွားပါမည်) ၂ ၊
(ကံ့ကော်မြတ်လေးကတော့ / ပင်ကံ့ကော်မြတ်လေးကတော့ ရနံ့တွေမွှေးကြည်၊ စိတ်ဘဝင်ကြည်နူးသည်။
သက်လယ်ချစ်သူ တစ်ပါးရဲ့ / မောင်ရဲ့ သွားမည်၊ ထားမဒ္ဒီ၊ အားယူကာသွားမည်) ၂
ကျား ။ ပြည်လုံးချမ်းသာဘုရား ဟိုတောင်ကြားဘွေဟီ၊ ခင်ဖူးလှဲ့ပါ စိတ်ထားသဒ္ဒါရွှင်ကြည်။
(ဟောဟိုရှေ့ဝယ် စိုင်တမော့နဲ့၊ ဗျာဒိတ်ပေးတဲ့ ကိုယ်တော်ကြီးသည် ဘုရားရှင်ဉာဏ်တော် အလွန်မြင့်သည်၊
ခင်မြင်ရမည်) ၂ ၊ အမောအပန်း ထိုင်နားရအောင် စောစောသွားမှ နေရာကြမည်။
မ ။ (မလှမ်းတော့နိုင်ပြီ၊ ဖဝါးလေးတွေ သွေးခြေတွေစီ၊ ဒီပျိုမေဝင်းမှာ ကိုယ်လုံးလေးဝယ် ချွေးတွေစိုပြီ) ၂
ကျား ။ ရှေ့တောင်ကမ္ဘားကြတော့ မောင်ထမ်းခေါ်ပါ့မည်၊ မြတ်စောညီနောင်ထိုဘုရား ဟိုအနားမှာ ရောက်လုခါနီးပြီ။
မ ။ (မန်းတောင်ကြီးထာဝစဉ် မှိုင်းညို့ညို့ရီ၊ လမ်းမြောင်ခရီးဝနာဘွေဆိုင်းမို့လို့အတည်) ၂ ၊
ဘုရားတွေဖူးမည်၊ နှစ်ပါးဂဟေထူးပြီ၊ စေတနာဇောစိတ်ကကြည်။
ကျား ။ နိဗ္ဗာန်ကူးတောင် မေ့နိုင်ဘူးကွယ်၊ ယုံပါခင် မင်းနဲ့ပေါင်းမည်။
မ ။ ငုံးမင်း ကြက်မင်း ဆင်မင်း ဆံမင်း ဖွတ်မင်း ဘုရားတွေ ကိုကိုရေဘယ်မှာလဲ ပျိုလဲဖူးချင်သည်၊
စန္ဒမုခိဘီလူးမ စေတီရင်ပြင်ရောက်အောင်၊ မေဝင်းသွားချင်သည်။
ကျား ။ မန်းတောင်ပေါ်ရောက်ပြန်ရင်ကွယ်၊ ဘုရားပေါင်းစုံဖူးတွေ့ရမည်၊ ဓာတ်တော်စွယ်တိုင်များလည်း စုံညီ၊
လက်အုပ်မိုးကာချီ ဦးညွတ်ရတော့မည်၊ ထိုနောက်တလီမောင်ဆိုပါမည်၊ ဘိုးတော်နန်းမှာ ယခုတိုင်ပင်
ထင်ရှားရှိတော့သည်။ တန်ခိုးတော်ကြီးလေပြီ။
မ ။ အော် ချစ်သူမောင်ရဲ့ မမေ့နိုင်အောင် အတည်၊ မြွေကြီးနှစ်ကောင်လည်း ကျမသွားကြည့်ချင်ပြီ။
ကျား ။ မဟာမြတ်မုနိ ကိုယ်တော်တလီ၊ ကုသိုလ်တော်ဘုရားအတည်၊ မြတ်ပေသည်၊ ဖူးမျှော်ရတော့မည်။
မ ။ ဘုရားနီ ရွှေကြီးမြင့်ရယ်၊ ဘုရားတွေစုံအောင်ပို့ပါ မောင်ရယ်၊ စန္ဒာမဏိပါ လက်အုပ်ရှစ်ဦးချီ၊
မြမြပျို စိတ်သဒ္ဒါဇောကြည်၊ ဓိဋ္ဌာန်ကာရည်စူးရောက်ခဲ့ပြီ အတည်၊ သကျသီဟနဲ့ အိမ်တော်ရာဘုရား
တန်ခိုးလည်း လွန်ကြီးသည်၊ ဆန်းတာတွေ ရွှေမန်းမြို့စေတီ။
============
မေတ္တာစာ
ရေး - ရတနာပုံမောင်စု
၁၉၃၉ ဖေဖော်ဝါရီ
စိန်ရောင်မက ထိန်ပြောင်ကြွတဲ့ တောင်မြဒီပါမဟီခြာတွင်မှီရာမဖွယ်၊ အရှိန်ပတ္တမြားဝတိံဖျားက သကြားနွယ်သို့
ဘယ်ခြောက်ပြစ်ကင်း၊ မြိုင်ကနက်ဝယ်၊ ပြိုင်ဖက်ရှင်းသည့် တောင်မင်းအာသကံ ကမ္ဘာယံမှာ၊ ဌာနံဒေသ၊
လှစံမမှီ ပလျှံကြည်ပါတဲ့ စန္ဒီလနှယ်၊ တစ်ပြည်မက အဖိုးမဖြတ်နိုင်တဲ့၊ ကတိုးနတ်ရတနာငယ်၊
ချစ်လွန်းခင်လွန်းကြင်နာလွန်းလို့ပါကွယ်၊ အခြေကကျ အသေရေရတဲ့ မေနှမကညာရယ်၊ ကိုးကပ်ခါ အလွှာပေးမည်၊
စာရေးစီတယ်၊ ဟိုရှေးဘဝရယ်၊ ဒါနမကွာတယ်၊ သီလမကွာတယ်၊ ရေစက်ဖျန်းလှူဒါန်းကြရာဝယ်၊ မကွာအတူနှစ်ပါး
နတ်မယ် ဆုထူးမြတ်ကိုတကယ်၊ ခင်မောင်ရင် ယူမိပြီထင်တယ်။
သံပြိုင် ။ နန္ဒမူရွှေဂူမြနန်းက နတ်ပန်းသော်ကရယ်၊ ပျံမကြူတံချူခြေထောက်ခါမှီလောက်ရင် ချူစမ်းချင်တယ်၊
နတ်ပန်းပဉ္ဇူခိုင်ရယ်၊ ယိမ်းယိုင်ခါကွယ်၊ မေတ္တာစာ ဤမှာတမ်းကို လက်လှမ်းသင့်ပါတယ်။
မောင့်ကိုပေးကွယ်၊ ကြည်ဖြူစွာပေါင်းပါရစေ၊ တောင်းဆုငယ်ချွေ၊ မြိုက်ရေအေးနဲ့တင်ပကာ စိန္ဒေယျာမှာ၊
မကြာတစ်နေ့ ညှာတမေ့ကြောင့်ကွယ်၊ နေသွေ့ပမာ ရေကြောစမ်းနှယ်၊ လန်းကာမရွှင် စားမဝင်တယ်၊
မေတ္တာတွေစုံချစ်အာရုံကို၊ လှစ်ခါကုန်ပြောနိုင်ပါဘူးကွယ်။
နံ့ပဉ္ဇူချိုနှုတ်ဝယ်၊ ညိုရုပ်ဆင်းနဲ့ကွယ်၊ ချော်ခဲ့ရင် ရေတိမ်မှောက်မှာ စိုးကြောက်ပါတယ်၊ အားငယ်ငယ်၊
ချစ်ပင်လယ်ကြောမှာကွယ်၊ ခင်ခင်ရယ်၊ မျောနေတာ မြင်ရက်နဲ့ နေအားပေတယ်၊ ကယ်မယ်လို့ များသနားမိတယ်၊
ဆင်မယ်လို့များ သနားမိတယ်ဆိုရင်ကွယ်၊ ဖြစ်နိုင်ခဲ့တဲ့ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ်။
==============
နတ်ဒေဝီ
ရေး - ကိုခင်ဆွေ
၁၉၄၀ အောက်တိုတာ
ဆင်းသင်္ဂီ ပုဏ္ဏမီ၊ စုံညီ၊ ဘရဏီ တနှုံးသို့ ချိုပြုံးလှပါတဲ့ မြင်ရသူ ရွှင်ကြည်၊ ဇမ္ဗူဒီတလွှား၊ တူမမှီရှား၊ တမူစီခြားလို့
မခို့တရို့ တကိုယ်လုံး ယဉ်ပေသည်၊ ကေသာ သုံးတောင်မကရှည်၊ ပထုံးရောင်ထသည်၊ အလှဆုံးယုံစန္ဒီ၊
ခုံးမျက်စလေးတန်ချီ၊ သုံးရက်လသဏ္ဌာန်စိုးတဲ့ မိုးနတ်မဒီ။
သံပြိုင် ။ (ယဉ်ကျေးသည်၊ လစကြာ ကြယ်ပြိုင်စုသလို စပယ်ခိုင်နု ရှုမဝနိုင်တော့သည်၊ အကုလကာရီ ဒေဝီကတောင်
လက်ဆောင်ဆက်ရမည်) ၂ ၊ ပါရမီထူးလည်းထူးတဲ့မဒီ၊ အမရာကိန္နရီ မဒီနဲ့ပင် သမ္ဗူလပါ စာဆိုသူချောသည်၊
အော် လောကီတလွှားမှာ ရှားမှရှားတဲ့ နတ်ဒေဝီ။
တစ်ကိုယ်လုံးမှာ မမုန်းရက်စရာအတည်၊ ခါးသေးရင်ဟန်ချီ၊ ပဒုမ္မဏီ၊ သိင်္ဂီဆင်းမယွင်းတူညီ၊ ခြောက်ပြစ်ကင်း
အဆင်းပိုမိုပါသည်၊ ဥမ္မာဒန္တီ ကန်တော့ပန်းဆက်ရမည်၊ ပပဝတီ အသေရေညွတ်ခါ ဒေဝစ္စရာလည်း တကယ်ပဲမယှဉ်နိုင်သည်။
ကျွမ်းတော်ထွက်ညီ လက္ခဏာစုံသည်၊ ကောင်းခြင်းငါးဝညီ၊ မိန်းမမြတ် ဂုဏ်စုံပေသည်။ ကျက်သရေရှိတဲ့ မဒီ၊
အိန္ဒြသိက္ခာ အလိမ္မာသဘော မနောကဖြူစင်သည်၊ လူ့တိုင်းနယ်တွင် ပြိုင်စံကင်းယမင်းနတ်ဒေဝီ၊
ဒြပ်စုံစုံဂုဏ်သိမ်ကြီး ချီးအံ့မကုန်နိုင်ပြီ၊ လူ့ပြည်မှာစုတေသည်၊ ဘုံကြိုးပြတ်တဲ့ နတ်ဒေဝီ။
==============
ခင်အေးအေး ။
==============
=================
ထူးတဲ့လူရွာ
ရေး - တက္ကသိုလ်လှ ခေါ် ဦးမောင်မောင်လှ
၁၉၃၉ ဩဂုတ်
မြတ်ဘုရား ဗုဒ္ဓဘဂဝါ၊ တရားအားထုတ်ခါ၊ ညစ်ဆိုးသွမ်းတဲ့လူရွာ၊ မိုက်မှောင်ကင်းဝေးဖို့ရာ၊ တရားထွဋ်မြတ်ဓမ္မာ၊
မမှားယွင်းဖို့သာ ဒီထူးတဲ့လူရွာ၊ လူကြငှန်းကိုပယ်စွန့်လွှတ်ပေတာ။
မြေရှိုးကာမိုးမှာ ရစ်ဝဲကာလူးလာ၊ ထူးတဲ့လူရွာတွင်းမှာ၊ နေမိုးကာဆိုးကာ၊ ပျက်ပြားရှာ၊ ထုံးတမ်းသာ၊ ထူးတဲ့လူရွာတွင်းမှာ။
သံပြိုင် ။ သင်္ချေသင်္ချာ ပညာအဖြာဖြာ၊ တတ်ကျွမ်းလေရာ စိန်ရွှေရတနာခြွေရံတွေမှာ၊
ပျက်စီးဖွယ်ကြီးတဲ့သဘောမို့၊ တရားကိုများမကြာ၊ အများဗိုလ်သတ္တဝါ၊ မြဲကြနိဗ္ဗာန်ရောက်ရှာ။
သံသရာတွင်ကျင်လည်ရှာ၊ လူနတ်သတ္တဝါ၊ အဘိဇ္ဈာရှောင်ဖယ်ပါ၊ မာန်မာနတက်ခါ၊ မြန်မကြာမှားကြပေမှာ၊
သို့ကြောင့်သာ ဘဂဝါဘုရားမြတ်စွာ၊ ဒေသနာ အစဉ်မကွာဘဲ မြဲခါနေပါ၊ ပြည်ခေမာနိဗ္ဗူတာရည်ခါ။
သံပြိုင် ။
=============
ခေတ္တရာအေး ။
=============
==================
သူကလေး
ရေး - ဝိုင်အမ်ဘီဆရာတင်
၁၉၄၀ ဖေဖော်ဝါရီ
(မြင်လာနိုးနိုး ခင်မိုးသူဇာ၊ တကယ်အလှတွင် သမ္မတ တင်လောက်တာ) ၂ ၊
(ငွေကြူပတ္တမြား သီတဂူအလား တိမ်ဗွေကြားမှာ ဘွားကနဲထင်ရ) ၂၊ ဆင်းသိင်္ဂီ ဘယ်သူမမီပါ၊ ရွှေတုံးပမာ၊
ဝင်းဝင်းဝါဝါ၊ ရှေးရေစက်ပါ၊ ထူးတဲ့ဖူးစာ၊ အချစ်သူပုန်ထအောင် မက်စရာ၊ မျက်နှာမြင်လိုက်ရရင်
အသဲအဆုပ်ကို ဆွဲလှုပ်သည့်ပမာ၊ အားကိုမရ အနားကမခွာပါ၊ စွဲတဲ့ကညာပါ၊ အာယုဝဒ္ဓနမလေးရာ။
ညနေဆီဘယ်ပန်းနဲ့ဆင်မြန်းရှာ၊ နေ့တိုင်းချိန်မှန်မှန် သည်မောင့်ထံမွှေးဖို့ လေညှင်းဆောင်လာ၊
မမြင်ရင်ခွေယိုင် မနေနိုင်ပါ၊ အသဲမှာစွဲတာ၊ ဘယ်ဘယ်ဖူးစာ၊ ခင့်ရွှေမျက်နှာကိုသာ (ဝဲလယ်) ၂၊ အမြဲကိုလာချင်တာ။
ကိုယ်တွေ့ချောသူ မပေါ်ခင်ခေတ်က ထုတ်လိုက်တဲ့ စာအုပ်တွေမှာ၊ အာသင်္ခ မဏိမေခလာ၊ ဥမ္မာပျိုကညာ၊
ဝတ္ထုတွေကိုပေါင်းရင် ထောင်သောင်းမက မရေတွက်နိုင်ပါ၊ မျက်မြင်တကယ်ချောတာမှ ကိုယ်တို့တော့ခင်ချင်တာ၊
ဟောဒီသူကလေးနဲ့သာ၊ နှိုင်းစရာ ဝင်ချည်ထွက်ချ ပြတင်းလေသာ အပျင်းဖြေရှာ။
ညနေဆီ ... ... အမြဲလာချင်တာ။
=========
ချစ်မယ်
ရေး - ခေတ္တရာအေး
၁၉၃၉ စက်တင်ဘာ
ငယ်ငယ်ရွယ်ရွယ် သဘောလည်းကောင်းလို့ (ခင်ရယ်) ၂၊ ချစ်မိတယ်၊ ခါးသေးသေးရယ်
အသားကလေးဖွေးတယ်၊ အဟုတ်ကိုပဲ ချစ်ပါတယ်၊ အော် ချစ်မယ် ဇွတ်ချစ်ကွယ်၊ ချစ်မယ်၊
မောင်အောင့်လို့လည်း မရပါတယ်၊ ခင် မောင့်ကို သနားရင်ချစ်ပါကွယ်။
(သူဟာပြုံးပြုံးလေးရယ်) ၂၊ ကြည့်လို့ပေါ့ကွယ်၊ ခင်ရယ် (ချစ်တယ်) ၄၊ အဆုံးသတ်ကျအောင် ပြုံးပြစမ်းပါကွယ်။
ငယ်ငယ်ရွယ်ရွယ် သဘောလည်းကောင်းလို့ (ခင်ရယ်) ၂၊ ချစ်မိတယ်၊
ခါးသေးသေးရယ် အသားကလေးဖွေးတယ်၊ အဟုတ်ကိုပဲ ချစ်ပါတယ်၊ အော် ချစ်မယ် ဇွတ်ချစ်ကွယ် ချစ်မယ်၊
မောင် အောင့်လို့လည်း မရပါတယ်၊ ခင် မောင့်ကို သနားရင်ချစ်ပါကွယ်။
(သူဟာပြုံးပြုံးလေးရယ်) ၂၊ ကြည့်လို့ပေါ့ကွယ်၊ ခင်ရယ် (ချစ်တယ်) ၄၊ အဆုံးသတ်ကျအောင် ပြုံးပြစမ်းပါကွယ်။
===========
မဂျိုးဖြူ ။
===========
================
မြားနတ်မောင်
ရေး - ရွှေဂုန်မောင်
၁၉၃၉ ဇန်နဝါရီ
(အကြောင်းဆက် ပေါင်းဖက်ဖို့ကွယ် မြားနတ်မောင်ကလေးရယ်၊ ဖေးမလို့သာ ဆက်သွယ်၊ ဖူးစာရှင်နဲ့မို့ မဖယ်) ၂
(ကထီယံထက်ဝယ်၊ ပျိုငြီးငွေ့ဖွယ် တကိုယ်တည်းမို့ပါကွယ်) ၂၊ အချစ်ပန်းလန်းကာပွင့်ပြီတကယ်၊
သစ္စာခန်းဖွင့်ကာ နှစ်ဦးပျော်မွေ့ချင်တယ်။
ရွှေဂဟေနှစ်သွယ်၊ မသွေတမ်းပရွယ်၊ ကြင်ကြင်ကာ ချစ်ဖို့ကွယ်၊ ပျို့မှာတော့ နဖူးကစာထူးရယ်၊
မင်ရည်နှယ်ကျဲလှတယ်၊ ယှဉ်ယှဉ်ကာဒွန်တွဲလို့ရယ်၊ စဉ်စဉ်သာမြဲဖို့မဖယ်၊ ခင့်မှာလည်း
မြားနတ်မောင်လေးရယ်၊ ကြင်ဖော်ရှာပေးပါလားကွယ်။
(လေချိုဖျန်းဖျန်းရင်ကွယ်၊ ပျို့ဘဝင်မှာအေးတယ်၊ စောင့်ခြုံထားတာ ကွေးတာတောင်ကွယ်၊ ချမ်းတာမလုံဘူးတကယ်) ၂
(ထွေးပိုက်လာ) ၂၊ ဖူးစာရှင်သက်လှယ်၊ ညစဉ်ခါဆောင်ခန်းဝယ်၊ မျှော်မှန်းတမ်းတတယ်၊ ဖူးစာကံဆုံဖို့ရယ်၊
မောင်လှမ်းကြွပါတကယ်၊ (ချွဲပြစ်ကာကွယ်၊ ရွှေဂျိုးဖြူရယ်၊ ကူသံကလေးကြားရတော့တကယ်၊ ပျိုမှာအပူပွားဖွယ်) ၂
အုံးသဉ္ဇာဝယ်၊ လူးကာပျိုမယ်၊ ဘယ်ညာပြောင်းလို့ရယ်၊ တကိုယ်တည်း အိပ်လို့စက်ပါသော်လည်းကွယ်၊ ပျော်ဘူးတကယ်။
ရွှေဂဟေနှစ်သွယ် ... ... ရှာပေးပါလားကွယ်။
===========
မြလေးရုံ
ရေး - ရွှေဂုန်မောင်
၁၉၃၆ မေ
(တစ်ပြည်စီပင်ကွာစေ၊ ပျိုချစ်ရနံ့ကမပြေ၊ ယှဉ်တွဲမြူးဖို့ အရေးတွေ၊ ရွှင်ခါစိတ်ထဲဝေ၊ မျှော်ငေးမှန်းဆတွေးလေ၊
သဇင်ညှာမှာ မအေးပေ) ၂၊ (ပျို့ချစ်ဦးကလေးထင်ယောင်ရစ်ဝဲနေ၊ အို .. အိပ်မက်တောင်ပျိုမက်လို့မြင်မိသလေ) ၂
သဉ္ဇာညောင်ဘွေ၊ မောင်မောင်ရေ လာလေ၊ မြူချော့ခါ သိပ်ပါအုံးလားဖေ။
သံပြိုင် ။ လေချိုသွေးတော့လေ၊ မြတ်လေးနံ့က လေမပြေ၊ အို .. ဟင့် လွှတ်ပါဖေ၊
ပျိုပြောတာကလေးတွေ၊ ပြန်ခါလေ အောက်မေ့ပေ၊ မြတ်လေးရုံနားရောက်ရင်လေ။
(သွန်းညောင်ရေလောင်းမလေ၊ ကျန်းမာဖို့ရန်မသွေ၊ နေ့စဉ် ဆုတောင်းချွေ၊ မေတ္တာပို့ကာနေ) ၂
အစဉ်သာလေ မြင်ယောင်နေ၊ မင့်အနားကတော့မသွေ၊ ရမ်းယော်မိသလေ၊ တဖွားမှမခွာချင်ပေ၊
တပါးလှကညာခင်မေ၊ ထာဝစဉ်ချစ်စိတ်ကြွတုန်းလေ။
သံပြိုင် ။
(ဘဝကူးသွားတောင် ပျိုပျိုမယ် စိတ်မှာစွဲမယ်မသွေ၊ မြတ်လေးပန်း လာဖြစ်ပါစေ၊ အသွေးရောင်လှစွာလေ) ၂
(ထိုအခါ မောင်လေ၊ ပန်းရွှေလိပ်ပြာဖြစ်ခါပ မသွေ) ၂၊ ဝဲရစ်ခါ ပျို့ဝတ်ရွှေရည် လာသုံးလေ။
သံပြိုင် ။
==============
ရတနာပုံမောင်စု ။
==============
================
တစ်ရွာသား
ရေး - ရတနာပုံမောင်စု
၁၉၃၅ ဒီဇင်ဘာ
ချစ်မယ့်ခင်ခင် အပျိုစင်ကို ငိုရင်မကြား အေးမခူးရ၍ (သုခချမ်းသာ) ၂၊ ဘယ်ခါမျှ ရမည်မဟုတ်၊
မောင့်နာမ်ရုပ်မှာ (အဟုတ်ပါနော်) ၂၊ လှဘုန်းမော်ရဲ့ မျှော်ကာစိတ်တမ်း ကြင်ချင်စမ်းပါဘိ၊ (စိတ်ပန်းကိုယ်ကြေ) ၂၊
တစ်ကိုယ်ရေတည်း၊ အုံ့ပုန်းကြီးမှာဖြင့် (ငိုညည်းကာပင်) ၂၊ ဘယ်နည်းဆင်၍ ကြင်နာသမှု သည်မောင်ပြုပေမည်၊
(သမုဆွေခင်) ၂၊ ချစ်တုံ့တင်မှသော်တာလရယ်၊ (မျှော်ရသူဆွေးလှပါတယ်၊ လွမ်းလှပါတယ်) ၄၊
(ခင်ခင့် သဘောဝယ်၊ ချစ်ရင်လည်း ချစ်မယ်ပြောကွယ်၊ ကြိုက်မယ်ပြောကွယ်၊ မောင့်သက်ဝေရယ်) ၂၊
(ရေရေလည်လည် ပြောပါခင်ရယ်၊ မောင်ယုံကြည်အောင် ပြောစမ်းပါခင်ရယ်၊ ချစ်မယ်ဆိုတာလေးကို ပြောစမ်းပါခင်ရယ်) ၂
မောင်မောင်ကိုကွယ်၊ မမုန်းပါနဲ့ မြတ်နိုးပါတယ်၊ လှသူရယ်၊ တစ်ရပ်သားကိုကွယ် သနားပါတကယ်။
တစ်ရပ်ဌာနယ်၊ ချစ်သူတစ်ဦးရယ်ကြောင့် တမင်ရူးလို့ ပြန်လာပါမယ်၊ စောင့်မျှော်ပါမယ်၊ ခင်ခင်ကိုကွယ်၊
မောင်စောင့်စားလို့ရယ်၊ နောင်ရှောင်ရှားမှာ ပူသလိုလို ကိုကိုထင်ပြန် တစ်ရပ်သားကို မေတ္တာမပွားတော့ စောင့်ရသူမှာ
မှန်းဆ၍ မြန်စွာဒုက္ခ တမ်းတလို့ ခန္ဓာဆုံးမှာ၊ တစ်နယ်သားကို မေတ္တာမပွားတော့ မျှော်ရသူမှာ မှန်းဆ၍မြန်စွာ
ဒုက္ခ တမ်းတလို့ ခန္ဓာဆုံးမှာ၊ (ရေရေလည်လည် ပြောပါခင်ရယ်၊ မောင်ယုံကြည်အောင် ပြောစမ်းပါခင်ရယ်၊
ချစ်မယ်ဆိုတာလေးကို ပြောစမ်းပါခင်ရယ်) ၂၊ မောင်မောင်ကိုကွယ်၊ မမုန်းပါနဲ့ မြတ်နိုးပါတယ်၊
လှသူရယ်၊ တစ်ရပ်သားကိုကွယ် သနားပါတကယ်။
(ချစ်မပြယ် လှမျက်ချယ်) ၂၊ အမှန်ပါကွယ်၊ တန်ပါတယ်၊ ဂီတာကလေးနဲ့ တေးဆိုညည်းလို့ရယ်၊ ကြားသူခင်မယ်၊
ကျန်းမာစေဖွယ်၊ ကြားသူခင်မယ်၊ ချမ်းသာစေဖွယ်၊ သစ္စာတကယ်လှစ်ပါမယ်၊ မေတ္တာထူးလို့ ရူးမကချစ်သူကကွယ်၊
ဒါတွေပစ်မထားဘဲ ချစ်သနားစေချင်တယ်၊ (ရေရေလည်လည် ပြောပါခင်ရယ်၊ မောင်ယုံကြည်အောင် ပြောစမ်းပါခင်ရယ်၊
ချစ်မယ်ဆိုတာလေးကို ပြောစမ်းပါခင်ရယ်) ၂၊ မောင်မောင်ကိုကွယ် မမုန်းပါနဲ့ မြတ်နိုးပါတယ်၊
လှသူရယ်၊ တစ်ရပ်သားကိုကွယ် သနားပါတကယ်။
=============
ခါနွေဦး
ရေး - ရတနာပုံမောင်စု
၁၉၃၈ မတ်
ခြေဆင်း ။ စိတ်ရှိသမျှတွေးရင် တေးဂီတပြေးမြင် ဝါသနာမီရင် တွေးလိုက်တိုင်းတွင် ရေးလို့မကုန်ပါတယ်၊
(ရှစ်ခွင်တိုင်းနယ်၊ မြူးတွေဝိုင်းချယ်၊ မိုးနွေကူးဝယ်၊ ရာသီထူးတယ်) ၂၊ နီလာရောင် ရီပြာမှောင်ဆန်းတယ်၊
လွမ်းဖွယ်ဖန်တော့တယ်၊ နေရီရီအဆင်းက ဝင်းလို့ဖြာတယ်၊ ပျိုတိုင်းပဲကွယ် လှတယ်၊ ပျိုတိုင်းပဲကွယ် ခေျာတယ်၊
(ချစ်ချင်စဖွယ်၊ ကြိုက်ချင်စဖွယ်၊ ပြည့်စုံသူတွေရယ်) ၂၊ ခါနွေဦးမို့ စိတ်ကူးနဲ့မျှော်ပါတယ်၊ ဆွေးသူကြောင့်ကွယ်။
သံပြိုင် ။ (မြိုင်ရဂုံဦးမှာကွယ် ကြည်နူးဖွယ်၊ ရတနာပုံစုကကွယ် ရည်စူးတယ်) ၂၊
နန်းထိုက်တဲ့ ပန်းမကိုဋ်ပျိုရယ်၊ ခါနွေဦးမှာ အထူးပဲကွယ် လွမ်းဖွယ်။
(နေရီရီ ဆေးစုံချယ်၊ ရွှေပန်းချီငေးပုံနှယ်၊ လှဒေဝီ ချောပုံထူးလို့ လေရူးကလည်း ကျီစယ်တယ်) ၂၊
(ဆင်တိုင်းလှအောင်ကြွားရှာကြတယ်၊ နေလုံးမပျောက်ခင် အားရပါးရ တကယ်) ၂၊ ချစ်သူအဖော်ကို တ တော့ခင်ရယ်၊
နေရီရီမယ်၊ မောင့်ကိုခေါ်ဟန်ပြုသလားခင်ရယ်၊ ဟန်မူယာကြွယ်၊ တစ်ယောက်တည်းရယ် အသဲကွယ်ဖိုမယ်၊
မြစ်ကမ်းနားဘေးမှာ တေးကဗျာရေးကာ ချစ်စရာတွေဆိုကာပြမယ်။
သံပြိုင် ။
=============
ဂွတ်နိုက်ဒါလင်
ရေး - ရတနာပုံမောင်စု
၁၉၃၈ စက်တင်ဘာ
မပေါ်လည်းတ ပေါ်လည်းတတဲ့ သော်တာမင်းသွင်၊ ချစ်စရာဖြူဖြူခင်၊ တစ်နေဝင်မြင်ချင်နိုးနဲ့ တစ်မိုးသောက်တွင်၊
တွေ့စမ်းချင်တာ၊ မောင့်စိတ်ထဲမှာပင်၊ တွေ့ပြီးရင်လည်းတွေ့ချင်၊ မြင်ပြီးရင်လည်း မြင်ချင်၊ ချစ်မဝသူတွင်၊
I am thinking of you sweet heart darling တစ်နေ့မမြင် တစ်နှစ်ထင်မိမယ်ခင်။
ချစ်သူကို လွမ်းကာတလျှင်၊ လရောင်မှာပေါ်မယ်ထင်၊ ညသန်ကောင်မှာ မျှော်မယ်အစဉ်၊ တစ်ယောက်တည်းကွယ့်
အမြဲနေ့တိုင်းပဲ You ကိုသာတွေ့မြင်၊ ကြည်လင်အေးချမ်းရှာ စန်းသော်တာလွမ်းစရာ စိတ်ကူးနဲ့သာ
ရူးလိမ့်မယ်မောင်ထင်၊ မြင်လှည့်ပါဦး မမုန်းတဲ့ အပျိုစင်။
I ဒီမှာ လမင်းနဲ့ မှာပြီခင် You meet me in the moon my darling ချစ်ရေးမဝရင် မျက်စိလယ် ကြိုက်ရေးမဝရင်
ခက်မိမယ် နေ့တိုင်းတွေးလို့ ငေးရတယ် တွေ့အောင်ပြောကွယ် ဖိုးလမင်းရယ် အောင်သွယ်ကြေးပေးပါမယ်အရင်။
(ပံသုသေလာမဟီ နှစ်သိန်းလေးသောင်းအတူယှဉ်၊ ခင့်ထက်ပိုမယ်ထင်၊ ရှစ်ကမ္ဘာကပင်၊ ပမာဆောင် ပုံခင်၊
ချစ်ချင်းမတူဘူးထင်) ၂၊ My darling you ကို နေ့တိုင်းမြင် (will you be queen of my dreams) ၂၊
လေပြေသွေးရင် မွှေးလိမ့်မယ်မောင်ထင်၊ ချစ်တဲ့သူ You ဆီက နှုက်ဆက်ကာ မေးလိုက်ရင်၊ မေတ္တာကုန်စင်၊
ပုံမလားခင်၊ ရုတ်တရက်သာ ထွေးပိုက်ချင်၊ အချစ်ကိုယုံကာ ပုံမလားခင်၊ (ရတနာပုံ ကဗျာဆင်၊ စိတ်ဝယ်မှန်းကာလွမ်းပါရအင်) ၂
ဂီတာတီးကာပင်၊ I wish you Khin, goodnight darling
(နန်းငွေယုဂန် စန်းသော်တာတွင် Lovely sweety မှန်းမျှော်ပါအစဉ်) ၂၊ စိတ်ထင်သလိုနှစ်ယောက်တည်း ယှဉ်လျက်ပင်၊
I wish you ခင်၊ စက်ရာဘေးအကိုမြင်၊ မျက်နှာကလေးမချိုမချဉ် Goodnight darling
=============
နှစ်သွယ်စကြာ
ရေး - ရတနာပုံမောင်စု
၁၉၃၆ ဧပြီ
လွမ်းဖွယ် လွမ်းဖွယ်၊ ရှေးဘဝဟောင်းကို အောက်မေ့ပါတယ်၊ ညီနောင်နှစ်ပါး သနားစရာရယ်၊
အုတ်ကလေးနှစ်ချပ် လပ်တာနဲ့ အသက်ဆုံးခံရပုံရယ်၊ ဝဏ္ဏမယ် မိခင်ဘီလူး (ရူးပေမယ်) ၂၊
ရွှေဖျဉ်းညီနောင်နှစ်သွယ်၊ အယူမှားလို့ နတ်နှစ်ပါးဘဝရောက်ကာ နေရာဝယ်၊ ရွှေတောင်ပြုံးကိုယ်ကွယ်၊
အပိုင်စားယူပေးတော်မူလို့ရယ်၊ (အရှင်နှစ်ပါး သနားစဖွယ်) ၂၊ တစ်နှစ်တစ်ခါ သူပွဲလာတို့
သာယာပျော်ညောင်း မြို့နယ်ပေါင်းက လှေလောင်းနာဝါ ရွှေချောင်းမှာဝယ်၊ သွားလာအများ
မိုးပေါက်လားသို့ ကစားကလူ လွန်ကြည်ဖြူကြ အော်သူတနဲ ဟစ်သူမစဲပါဘု ကြွေကွဲစရာ
တီးမျိုးစုံစွာနဲ့ လုံကညာတွေက တသဲသဲ ကြင်ဖော်တွဲတို့နဲ့ ပျော်ပွဲခါကို ဘယ်လိုပင်ရိုးကြသော်လည်း
အဆိုးမတင် နတ်ပွဲဝင် တို့အရှင်နှစ်ပါး ဖူးမြှော်ရန် သွားရှာကြညွန့်အားမကြေ ရွှေဘဝင်ကျွမ်း
မကြည်ပေါင် သည်မောင် လွမ်းတာနဲ့ ကွန်းရွှေနန်းဆီ နှစ်တိုင်းမီ၍ အလီလီကန်တော့ ဖူးရတော့တယ်။
ရွှေဖျဉ်းညီနောင်တို့ တောင်ပြုံးရွာပြင် သပြေပင်၍ ပေါက်ပွင့်လဲကာ လူးပြောင်းရှာမှ စ၍တည်ရှု
ပန်းချီစုက စာပြုစီကာ မျှော်ရောင်သာနဲ့ ရာသီသိမ်ငယ်၊ နေမိန္ဒရ ဝါခေါင်လ၍ ဆန်းစရှစ်ရက်
ပွဲဝင်ထွက်လို့ ရက်လျက်ဖုံးခေါင် ရွှေဖျဉ်းနောင်တို့ ယုံပေါင်ငယ်တကိုတ် သေရက်တကြိုက်ကယ်နဲ့
အလိုက်ရဲ့ညီနောင် ပျော်ရွှင်အောင်လို့ ဘုန်းမောင်ညီထွေး ဂီတာကလေးနဲ့ ကာဝေးမထောက် သခင်မှောက်သို့
ရောက်ရတာပင် ကြည့်တာသာတဲ့ ရွာတောင်ပြုံးတွင် နှစ်စဉ်နွှဲကြပွဲများထိပ်ခေါင်တင် ဒေဝါမိုးက
သွန်းဖြိုးရွာလျှင် အပျော်ကြူး မြူးကြပုံရယ်၊ မေ့နိုင်ဖွယ်၊ ရာဇဝင်ခင်းလို့ လင်းလိုက်ချင်လှတယ်။
((အုတ်နှစ်ချက် မဆိုဖွယ်၊ ရိုးမယ်ဖွဲ့တယ်၊ စွမ်းတဲ့လူမမယ်၊ ကွပ်မျက်လေတယ်၊ အယူတိမ်းဖို့
ကိန်းမလှတယ်၊ နောင်ညီရင်း ရွှေဖျဉ်းနှစ်သွယ်) ၂၊ (ရွာတောင်ပြုံးကိုကွယ်) ၂၊ မြတ်စွယ်တော်ပင့်ယူလာတာ
သူ မမျှော် နော်ရထာမင်းရယ်တကယ်၊ စိမ်းကားရက်စက်လေတယ်၊ မိခင်သက်လှယ်၊ နှစ်သွယ်စကြာ
ညချင်းဖျက်လို့ ဘုရင်ဘုန်းသမ္ဘာ တောင်ပုပ္ပားတွင် နှစ်ပါးသခင် ဖွားမြင် မင်းမျက်သင့်လို့ နတ်ဖြစ်ရှာကြအင်) ၂
===============
လောကလူဘုံ
ရေး - ရတနာပုံမောင်စု
၁၉၃၈ မေ
စပယ်လေးရုံ အပွင့်တွေမှာကုန်၊ အငုံသော် ကျန်ပါသေးရဲ့၊
တစ်ငုံတည်းနော် ကျန်ပါသေးရဲ့ ပန်ချင်သူ မခင်လေးတို့ရဲ့ ခေါင်းဖီးခဲ့လေးရယ်လို့
တေးကဗျာသီဆိုကြပုံ၊ သန်ရံပမ ဗုဒ္ဓမြတ်စွာ လေးဖြာရှင်ပင်၊ ပွင့်ရှာလေပြီ၊
ခေမာသောင်ကမ်းမြန်းကြွချီ၊ သုံးဆယ့်တစ်ဘုံ ကြုံချီလေငြား ဆုံလည်နွားနဲ့ခြားရဟတ်ပုံ၊
(မနေချင် ရတနာပုံနေစဉ် စိတ်ထဲ စွဲမက်အာရုံ) ၂၊ ကာမညွန်တဏှာ သံသရာဝဲက ထွက်ချင်သည်၊
ဇောစိတ်ဟုန်၊ အနိစ္စဒုက္ခအနတ္တ လက္ခဏာတော်ကိုသာ မြင်ကြရင်၊
ကမ္မဋ္ဌာန်းဘာဝနာ ဒူတင်တရားကို ပွားများကာ အားလုံးလူဘို့ပါ၊
(အရိမတ္တေယျလောင်းဗုဒ္ဓ) ၂၊ ပင်ကံ့ကော်ရွှေပလ္လင်မြင့်မှာ ဘုန်းသခင်ကိုခရှေးဦးစွာ၊
ဖူးတွေ့ကာပစုံ၊ ရတနာပုံမောင်စုမယ် အထူးဘဲစိတ်လဲကုန်၊ လူပြည်ဌာန ကာမဆယ့်တစ်ခွင်၊
ဒုက္ခနယ်တွင် မပျော်ရွှင်ပါဘူးယုံ၊ အော် လောကလူဘုံ။
ပုထုဇဉ် သဘာဝများ မလွတ်နိုင်ရှာတဲ့ တရားမိုက်မှားကာ လိုက်စားလေကုန်၊ ညွတ်ကွင်း၌ကြုံ၊
ကာမဂုဏ်သံယောဇဉ်ခင်တွယ်မိလို့ မချိအောင်ပူပုံ၊ များသတိတရားညှိထားရှိကြပါကုန်။
ရတနာပုံမောင်စုက ဂရုဓမ္မထားကာပင် နှိုးဆော်ချင်၊ ဝေးနေရွှေမြို့တွင်၊
မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ဝင်ရောက်နိုင်ကြရင်၊ အောင်ပွဲသဘင်ကြံယူဆောင်၊
(လူနတ်ဗြဟ္မာရော အနိစ္စကောင်၊ ရုပ်တရား နာမ်တရား သရုပ်ဆောင်) ၂
ဒုက္ခဘောင်သမုဒယနယ်မှာကြုံ၊ မနေချင်စိတ်ထဲ အမှန်ပဲယုံ၊ ဂူဟေမတန် နိဗ္ဗာန်ဆီ၊
စံရာနှုန်းတက်လှမ်းရန်စိတ်ဇောသန်၊ ကျန်ရှင်တစ်ပါးရဲ့ ဖဝါးရွှေစက်လုံး ဖူးရအောင်ကြိုးပမ်းပါကြ
(နက်သန်သူ မိနန်းရွှေဘုံ) ၂၊ ရောက်လွယ်အောင်ကြံဆောင်စိတ်အဟုန်၊ ကာမဆယ့်တစ်ဘုံ၊
လူပြည်နတ်ရွာထဲ မနေချင်ပါဘဲ၊ အမြဲစိတ်ကုန်၊ ငြီးငွေ့ပြီ ဒိဋ္ဌိအမှန်ပင်ယုံ၊ အော် လောကဤလူ့ဘုံ။
ပုထုဇဉ်သဘာဝများ ... ... ထားရှိကြပါကုန်။
===========
လူပျိုစင်
ရေး - ရတနာပုံမောင်စု
၁၉၃၇ ဧပြီ
အမိရေဟိ - မိရေဟိ ဒုက္ခိကြုံလေပြီ။ အော် ဤသည်မယား သမီးသား မီးပွားမှန်တော့သည်။
ရွှေပြည်သနစ် သာသည့်ခေတ်၌ ဖြေသင့်ပါလဲ ဒုက္ခတွေကို သံဝေဂကြောင့်၊ တဏှာနောက်သို့
တကောက်ကောက်ပင် မလိုက်ချင်ပါသော် ဆုပန်ဆို။
အချစ်ဆိုဝေလာဝေးမယ် ကျနော်ကြံ၊ ဝိဇ္ဇန္ဒမောဟညှင်းဆဲကြတော့ တွေးမိကာပူပန်၊
နိဝဏာဆိုတာ ဆီးနိုင် တားနိုင်ရင်ဖြင့်၊ သခင်မင်းပမာ ဘဝင်ရှင်းကာ
(စိတ္တသုခ၊ ကာယသုခပြည့်စုံချမ်းသာ၊ ဂုဏ်အင်တက်ခါ၊ သွားတဲ့နေရာတကာတွင်မျက်နှာပွင့်ချင်) ၂
ရတနာပုံ အဲတာတွေကြောင့်ထင်၊ လူပျိုစင်ဘဝနဲ့နေမှ အေးလိမ့်မယ်ထင်၊
အနိစ္စသင်္ခါရာတွင်၊ တကိုယ်ရေတည်း မငြီးငွေ့အောင်ပင်။
တဏှာမီးပွား ဆီးတားနိုင်အောင်ကြံမှထင်၊ ပေါ်တုံနစ်တုံ သုံးပုံလောက လူ့နယ်တွင်၊
(ရေရေလယ်လယ်ကုန်စင်၊ တွေးကာပြန်ကြည့်လျှင် / တွေးမိတာနဲ့ပင် ကြောက်စရာတွေသိမြင်၊
ဖြစ်မယ့်အရေးကို ဝေးရာချောင်ပို့ချင်) ၂၊ ရတနာပုံ အဲတာတွေကြောင့်ပင်၊
လူပျိုစင်ဘဝနဲ့နေမှ အေးလိမ့်မယ်ထင်၊ အနိစ္စသင်္ခါရာတွင်၊ တကိုယ်ရေတည်းမငြီးငွေ့အောင်ပင်။
မြန်မာပြည်ကြီးကို ဂုဏ်ရောင်တင်၊ ဘယ်သူဘယ်လောက်ပဲ ချောတယ်ဆိုမယုံချင်၊
ဓမ္မသံဝေးအောင်သာပင်၊ ရာဇဝင်တွင်ဘို့ဝင် တေမိမင်းအသွင်ပြုမယ်ဆိုလျှင်၊
သံယောဇဉ်ဝင် အေးအေးရွှင်ရွှင် တွေးပူစရာတွေမမြင်။
တဏှာမီးပွား ... ... မငြီးငွေ့အောင်ပင်။
===========
မောင်တို့ရွာ
ရေး - ရတနာပုံမောင်စု
၁၉၄၁ ဖေဖော်ဝါရီ
တခေါက်ကယ်လမ်းကြုံ၊ ရွာသဘောကိုပြောမယုံ၊ ကြုံလျှင်ဝင်ခဲ့ပါလား၊
ထမ်းရွက်ကယ်စီပါတဲ့ မောင်ကြီးရဲ့အိမ်၊ စည်းစိမ်ခံခဲ့ ဟင်းချဉ်ပေါင်ဖက်၊ ပြုတ်ဘူးရွက်ကယ်နှင့်၊
ငပိရယ်ရေရောင်တည်၊ တောင်တမင်းရင်းတော်ကို၊
ဝန်ကတော်ပုံလောက်၊ ပြေးအောင်ကြွေးပြချင်သတဲ့ မပျိုစင်။
(အာကာကောင်းကင် မှိုင်းအုပ်ပြာညိုလွင်၊ ရှစ်ခွင်မင်းလွင်၊ တိမ်တောင်တိမ်ပန်းဆင်၊
ညနေချမ်းတွင် ရွှင်လန်းစရာပင်၊ မောင်တို့ရွာကျေးမှာ သာလှတယ် နေ့စဉ်ညစဉ်) ၂
တစွေစွေ မြည်သံသာအိမ်တိုင်းတွင် ရက်ကန်းစင်ကလေးတွေပြင်ဆင်၊ ချည်မျှင်ကိုတန်းခါလွန်းတင်၊
သီချင်းဆိုလို့ အပျိုတိုင်းဘဲပါဝင်၊ ကုမ္မာရီတွေတောဓလေ့ပွေ့ပျော်ရွှင်။
သံပြိုင် ။ တိမ်နီတိမ်ဝါ၊ ဖြတ်သန်းဆင်၊ ညနေချမ်းချိန်ခါတွင်၊ မိုးကောင်းကင်ထက်မှာ၊
ငှက်တော်ကလေးတွေ မြူးပျော်ရွှင်၊ ရတနာပုံမောင်စုပြချင်၊ ညနေချမ်းချိန်ခါတွင်၊
ပျိုးခင်းပေါ်ဝဲခါနွှဲရှာကြတဲ့ ဖြစ်ကုန်စင်။
နေမဝင်တဝင် ညနေချမ်းတွင်၊ အပျိုဖျန်းတွေ ရေထမ်းကလေးတွေနှင့်ပင်၊
သင်းပင်းဖွဲ့ခါရေခပ်ဆင်းရာတွင်၊ ရွာသားပျိုမြူချို၊ လူပျိုလှည့်ကြပုံသွင်။
အတွေးကုန်စင်၊ မြင်ရအောင်ပင်၊ အလယ်လာပါမောင်တို့ရွာတွင်၊ ချဉ်ပေါင်ဟင်းပြင်၊
တို့စရာစုံလင်၊ ဆန်ထမင်းကျော် ခံတွင်းပေါ်တွေ့အောင်ကြွေးမယ်ခင်။
ဒေါင်းဖလ်ဝါနေမင်းရှင်၊ ထွက်ပေါ်လာတော့ရင်၊ ကြေးစည်သံညံညံလွင်၊ တရွှင်ရွှင်၊
ရွာဦးကျောင်းတော်တွင်၊ တောဓလေ့ဒို့ပင်၊ ကောက်စိုက်ဘို့ပြင်၊ သွားကြရာ ပျော်ရွှင်၊
လယ်ပဒူကညွတ်ပင်၊ အိမ်ပြန်ဆွတ်လျှင်၊ နေ့ဘို့ညစာ ဖူလုံချင်၊ ခူးလေစမ်းခင်၊ ဟင်းရွက်မျိုးစုံလင်။
သံပြိုင် ။
နေမဝင်တဝင် ... ... လူပျိုလှည့်ကြပုံသွင်။
=============
စိန်ပါတီ
=============
အနန္တသူရိယ
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ ဇူလိုင်
အော် ငွေကျောက်နဂရံ ပြည်ပေါက္ကံ ဖောက်ပြန်အယူအခြေရှုလို့ ပွေမှုတွေကပို
ဝေဠုပျိုဖြူဖြူကြောင့်အမူယွင်းဖောက်အဓမ္မချိန် ဓားပြလိမ် နရသိန်နောင်တော်တယောက်ကယ်က
စိတ်နောက်သလို ညီငယ်မယား ကျီစယ်တဲ့ အသွားတွေနဲ့ အမှားကြာခိုတဲ့မှ အမှားကြာခိုတဲ့။
ပြုံးချိုမျက်နှာ အော်ပလီမယ့် စကားတွေနဲ့ ညီတပါးကိုဖြင့်မညှာ၊ မာယာဟုန်ပြ၊
ငဆောင်ချမ်းမှာ သောင်းကျန်းကာ သူပုန်ထပြီဟု ကြုံရသည်အခင်း၊
တပ်ထောင်တာဗိုလ်ထုနဲ့ လူစုကာနှိမ်နင်းဘို့ ခုချက်ချင်းထွန်ရန်မူ တမိဝတီတပါးအတွက်ကယ်ကြောင့်
နရပတိညီကိုတခြားလွှတ်လို့မို့ ဇွတ်တရွတ်သာ ကြံပြီးသော်ဟန်သဉ္ဇာလယ်ငိုမလိုမျက်နှာထားရယ်နဲ့
အပျိုကိုဖက်ကာ ကစားပြန်တော့ခက်အားကြွယ်တဲ့မှ ခက်အားကြွယ်တဲ့။
ဆိုဘွယ်အချက် စကားဝါနှစ်ခိုင် မသဒ္ဓါနိုင်ကာမပိုင်ရှိရက်မို့ သိလျက်မှောက်မှား လျှပ်တပျက်
အကန်းတပ်မက်တဲ့ အကြောင်းကိုဖြင့် တောင်းပန်လို့တားသော်လည်း စကားမဝင်အလိုမတူ
ပျိုဖြူဖြူနှစ်ကိုယ်တူ ကြင်ရက်မို့ ဘုရင်ရမ်းကား စက်ရာဆောင်မျက်နှာတောင်
မမှိတ်အားတာကြောင့် သနားဘွယ်တဲ့မှ သနားဘွယ်တဲ့။
အော် ငိုလွယ်ရှိုက်ခက်ဇာတ်မညီတပ်ချီကာထွက်လို့မို့၊ လိမ်ချက်ထွေပေါ် ငါ့နောင်တော်ငယ်၊
သရော်တာလား အတည်လားဟု ပိုင်းခြားသိဝင် လည်ဆည်တဲ့ဉာဏ်ချိန်၍ကြံ၊
အိမ်ရှေ့စံ ပျိုတမိငယ်ကြောင့် အကို၏မာယာ မြင်းခံငပြည့် သတင်းအမှန်သိလို့မို့
တည့်တည့်ကြီးလာ ကြမ္မာဝင်ဘိ၊ လင်းလတ်အရပ် မြင်းရပ်အိပ်မိလို့ နရပတိညီတော်၊
အော် အယုတ်အရိုင်း မဆုတ်ဆိုင်း ခုတ်ပိုင်းမှတော်မည်ဟု မလျှော်မပြတ်
ချက်ချင်းပင် သတ်တာနဲ့ ဇာတ်သိမ်းပြန်တဲ့မှ ဇာတ်သိမ်းပြန်တယ်။
အော် တဖန်ထိုနောက် အောင်စွာငယ် ဆောင်ကြာလယ်စုံထောက်၍ ဂုဏ်မောက်သူထိုမင်း၊
မတည်မငြိမ်သည်အချိန်ဇီဝိန်ကိုခွင်းလျှင်ဖြင့် ယမင်းသော်မော် မရီးတော်ကို လျှော်ရာမပြည့်၊
ကြိုက်ရာနှင့်စုံဖက်သည့် ဆက်ဆက် ကြီးသွားလေ၊ ပြီးမြောက်ခိုင်းစေသော်၊
မနေချက်ချင်း ဗွေဆိုးကြမ္မာသေဆိုးရှာ၊ ရေချိုးရန်ညှင်းငယ်လို့၊ စင်းစင်းခွေသော်
နန်းတက်ကဲ့ညီတော်ကို အတည်မျှော်တွေး၊ မရီးတွေ ပေးသော်မှ၊ ငိုကြွေးဖန်ဖန်အမျိုးကြီးမား
မရီးများကို မီးပွားဘို့ ဤအကြံကို စီမံဘို့အရေး မင်းအနားတွင် မထားလျှင်
တခြားတွင် ပြေးပါတော့ ပူဆွေးဘွယ်တဲ့မှ ပူဆွေးဘွယ်တဲ့။
သည်တွင်မငြိမ်၊ နောင်တော်၏နို့ထိန်း၊ ခပ်သိမ်းအုပ်စုံပညာစုံ လူပုံဖယ်ရှား၊
အလျှံငွေချီ ဉာဏ်ခြေတည်၊ သန္ဓေမီးဖွားခဲ့တဲ့ သားသဇင်ခက်၊
အနန္တသူရိယ ဇမ္ဗူတိ တုမရှိ ထက်မြက်သည်၊ ဘဝဂ်ရောက်ကျော်၊ အရိုးမြုပ်အောင်၊
ကြိုးတုတ်နှောင်လို့မို့၊ မလျှော်အရိုင်းလူသေရုပ်ကျန်၊ မြေသုဿန်မြှုပ်နှံသည့်လုပ်တိုင်း၌
အပိုင်းပိုင်းခုတ်ဖြတ်၊ ကုလားမနိုင်၊ ရခိုင်သတ်တာနဲ့၊ မအပ်မရာသေရသည့်ချိန်ခါမှာ၊
ရာဇာမင်းလက် ငါသေလျှင် ဆက်ရစ်ဖို့ အနဂ္ဃရတနာ အဖိုးတန်လင်္ကာကို မကြာချက်ချင်း
ရေစီးကာနှင်းသည်မှ၊ ဝဋ်ကြွေးဒုက္ခ ဘုရားတောင်မှ မလွတ်ရတာကြောင့် မုချသေမည်
သံဝေတွင် ဉာဏ်အခြေတည်လို့မို့၊ အလီလီမြွက်ဆို၊ ကာမဂုဏ်ဆယ့်မီး၊ တအာရုံရမက်ကြီးမှဖြင့်
ပျက်စီးမည်အလိုလိုမို့၊ ထိုထိုဘဝမင်းဆိုလျှင် နားတွင်ပင်မကြားရစေဘို့၊ မြွက်ဟဆုပန်၊
အခြေကျကျမနေရခေလှသည့် ကံအတွက်ကယ်ကြောင့်၊ ဖန်လာချက်မကောင်း၊
စနေဂြိုဟ် တမေပျို ဝေဠုထောင်းတာနဲ့ ပြောင်းရတော့မနော်၊ ပါးစပ်ကထုတ်ဖော်လို့ ဟစ်အော်ငြီးတ၊
သတ်ဖို့ရန်အချိန်ကျတာနဲ့ ခဏအတင်း တွင်းဝမှာ လည်စင်းလျက်
ပျက်ခွင်း၍ပြောင်း သေမျိုးပေမို့ ဗွေဆိုးသန်တဲ့မှ ဗွေဆိုးသန်တဲ့။
===========
ထွေထွေဆန်း
ရေး - မသိ
၁၉၄၁ ဇန္နဝါရီ
(ထွေထွေဆန်းဆန်း နန်းအောင် ချာမြေ) ၂၊ ပုံဝေးကွာ သေလာမြိုင်ကြီး မြိုင်ကြီးသေလာ၊
(တောတောင် ဂန္ဓာကြီးမှာ၊ မနီးပါ ခရီးကွာ) ၄၊ စိမ့်ကြီးမြိုင်ကြီး ဂနိုင်ဆီးကာ၊ တောင်ကြီးဟေမာတောဂန္ဓာ
အော် သက်လှယ်သက်လှယ် ရွှေသွေးရယ်၊ (ကျေးငှက်မာကဓာ၊ တွေးလျက်ခါခါ၊ မောင်မယ်ပျော်မြူးရှာ) ၃
(သေလာစောင်းမှာ) ၃၊ စိမ့်ကြီးမြိုင်ကြီး ဂနိုင်ဆီးကာ၊ တောင်ကြီးဟေမာ တောဂန္ဓာ။
(သေလာမြိုင်တန်း) ၂၊ မြိုင်တန်းသေလာ၊ (တွန်သံငယ် တွန်သံငယ်၊ မြူးကြပန်တယ်) ၄၊
(သေလာကျောက်ဆောင် ဟိုမြိုင်လယ်မှာ၊ သံချိုနှောလို့ ပြောကြပြန်တယ်) ၂၊
ပုံဝေးကွာ သေလာမြိုင်ကြီး၊ မြိုင်ကြီးသေလာ၊ (တောတောင် ဂန္ဓာကြီးမှာ၊ မနီးပါခရီးကွာ) ၄၊
စိမ့်ကြီးမြိုင်ကြီး ဂနိုင်ဆီးကာ၊ တောင်ကြီးဟေမာ တောဂန္ဓာ။
(စက်လဲ ပျော်ပါနိုင်) ၂၊ နန်းပင်တိုင် ကျော့လယ်၊ အဲ အဲ အဲ နန်းပင်တိုင်ကျော့လယ်၊
(တောတောင်ဂန္ဓာကြီးမှာ၊ မနီးပါခရီးကွာ) ၄၊ စိမ့်ကြီးမြိုင်ကြီး ဂနိုင်ဆီးကာ၊ တောင်ကြီးဟေမာတောဂန္ဓာ။
==============
တင့်တင့်တယ်တယ်
ရေး - မသိ
၁၉၄၁ နိုဝင်ဘာ
လောကီဘဝရယ်၊ သဘောညီမျှတယ်၊ ရှင်နဲ့ကျမနဲ့ တိုင်တိုင်ပင်ပင် ချစ်ခင်ဘို့ရယ်၊ ရှေးကံဆက်သွယ်၊
ကျမအတွင်းသဘောကို အကုန်လုံးဘဲ ပြောပြပါမယ်၊ မောင်ရဲ့စိတ်ကူး အထူးပဲ သိသူပါကွယ်။
(သနပ်ခါးခြေဆုံး ခေါင်းဆုံးမောင့်လုပ်စာကို မဖြုန်းလိုပါတယ်၊
ကိုယ်နဲ့ တက်အားသရွေ့တော့ ကျောထောက်နောက်ခံ ကူညီရန်ပဲ တကယ်)၂
(စီးပွားရှာမယ်၊ ကြီးပွားကာရယ်၊ တူစုံမောင်နဲ့မယ်၊ ကိုယ့်အိုးအိမ်နဲ့ စိန်နဲ့ရွှေနဲ့ဂုဏ်မငယ်) ၂
ကုသိုလ်ဆုံဘွယ်၊ မြတ်တဲ့စိတ်မှာ သဒ္ဓါမနွမ်း လှူမယ်တန်းမယ် မှန်းကာရွယ်၊
ချမ်းသာစွာတကယ်၊ ခင်နဲ့မောင်နဲ့ အကျိုးပေးသန်ပါတယ်။
(ယခုလို တူနှစ်သွယ်၊ ဖူးစာရေစက်ရယ်၊ လူမဖက်လို့သာ နတ်ဖက်ပါတယ်) ၂
(ဘုရား ကျောင်း သွားလဲ အတူတူဘဲကွယ်၊ အခွဲနိုင်ပေါင် မောင်နဲ့မယ်) ၂
ရာသက်တိုင်ပေါင်း အကြောင်းဆက်သွယ်၊ အမြဲတူစုံချစ်မယ် တင့်တင့်တယ်တယ်။
ဝီရိယရှိသောသူမှာ ရွှေငွေစီးပွားများနိုင်ပေ၊ ဓမ္မိယလဒ္ဓစင်ကြယ်၊ အမှန်ပြောမယ်၊
သစ်တပင် အထက်ကောင်းရင် ငှက်တသောင်းလဲ အောင်းနိုင်တယ်၊
ရှေးစကားနဲ့ သာပင် ညီမျှဘွယ်၊ ဆွေကောင်းရင် တစလယ်၊
မျိုးကြွယ်ရင်တစလောင်း၊ လင်ကောင်းရင် စံကာရယ်၊ တင့်တင့်တယ်တယ်။
ယခုလို ... ... တင့်တင့်တယ်တယ်။
(ကပ္ပိဏ္ဍနဲ့ အနော်ဇာ မဟောသဓာအမရာပုံနှယ်၊ ဘဝရှေးဟောင်းက အကြောင်းကစုံတယ်၊
မယ်မဒ္ဒီ ဝေဿန်အလားလို အားကျစေဘွယ်၊ အထူးဘဲပြည့်တဲ့ ပါရမီတွေရယ်) ၂
ရွှေနဲ့မြလိုက်လျောညီပေတယ်၊ ငွေသော်တာ စန္ဒာမင်းလို ထွန်းလင်းကာသာ နှစ်ဖြာတူမောင်မယ်။
ယခုလို ... ... တင့်တင့်တယ်တယ်။
===========
စောမွန်လှ
ရေး - ဦးဉာဏ
၁၉၃၉ မတ်
ရွှေစာရံသမိုင်းကိုဖြင့် မှန်တိုင်းစာကိုစီ၊ လွမ်းဘွယ်ပြောမည့်၊ ရှမ်းနယ်မောပြည်၊
စော်ဘွားကြီးသည်၊ ဘုရင် နော်ရထာ ကန္တာနီကအချီ၊ သမီးတော်အသက်ကို အပြီးတော်ဆက်လေသည်၊
တို့ရှမ်းတောင်သူ ယာပြင်တောဆီ၊ ဟော်နန်းပြည်မျှော်မှန်းကာရည်၊
နန်းတော်အတွင်း သက်ဆင်းကာ ရတက်မကင်းစရာ ရှင်မွန်လှဒေဝီ။
(ဆောင်လယ်ဘုံနန်း ငြိမ်းချမ်းသာလို့ညီ၊ မြှောက်စားရှာပြီ၊ မိဖုရားဂုဏ်နှင့်အညီ) ၂၊
(စောမွန်လှရဲ့ပါရမီ၊ ကောင်းလှပေသည်၊ ခြောက်သွယ်ခြောက်မည် ရောင်ခြည်စုံလို့) ၂၊
(သူပန်ဆင်တဲ့ နားဋောင်းက အကြောင်းပြသည်၊ မြင်မြင်သူ မောင်းမနဲ့ မိဖုရားအညီ၊ အော် ဇော်ဂနီစုံးမလို့
လျှောက်ထားသည်) ၂၊ အနော်ရထာယုံကြည် ရှမ်းမကလေးကို အဝေးသို့နှင်လေသည်။
(မန်းမြို့ရှေ့ဆောင်စခန်းဆီ၊ စိမ့်စမ်းရေယဉ် ချောင်းတွင်းမှ စောမွန်လှတို့ပါတီ၊
ပန်းတယ်လို့ နားကြရာက၊ ဓာတ်အောင်းတဲ့ နားဋောင်းစာရံ ကျွတ်ကာကျရှာသည်၊
ရေပြင်မှာ ရွှေစင်သန်းသမို့ လျှံထိန်ဝင်းလို့ညီ) ၂၊ (ကောင်းကင်ထက်ဆီ၊ ကိန်းဝပ်သည်၊
ရောင်ခြည်တော်လျှမ်း၊ ရှက်သန်းသည်) ၂၊ ဆယ်ဖြာဦးချ၊ ရွယ်ကာဖူးသည်၊
ဆယ်ဖြာဦးချီ၊ ရွှေနားဋောင်းကပြန်ပြောင်း ရောင်ဝေသည်။
ပုပ္ပ မုဇ္ဇပရစေတနာသည်၊ နိဗ္ဗာန်တံခါးကိုဖြင့် ပွင့်ငြားသည်၊ နားဋောင်းစာရံ ဌာပနာသွင်းစိတ်ရင်းကောင်းနဲ့ ဘုရားတည်ခဲ့သည်၊ နော်ရထာမင်းဘုရား သတင်းကြားနှင့်တမန်ချီ၊
စေတီမုတ်ဝ တံခါးကိုလ အနောက်ဖက် ပြုပြင်၍ မထားရင်ဖြင့် မသနား မကြင်နာ
ဓားတင်ကာသတ်ဖို့ မိန့်လိုက်သည်၊ နတ်မြတ် နတ်ကောင်း ဒေဝါပေါင်ညီ၊
မှိုင်းမစေကြောင်း ဆုတောင်းမည်၊ (အဓိဋ္ဌာန်ဆိုကာ လိုရာမြွက်သည်၊ မြတဘက်ရွှေဖျင်ချီငင်လို့လှဲ့သည်) ၂
လိုဏ်ဂူမုတ်မှာ မဇ္ဈိမာသို့ ပြောင်းကာရွှေ့သည်၊ လျောင်းကာမွေ့သည်၊ စောမွန်လှရဲ့ ရွှေစာရံစေတီ။
===========
လယ်စပါး
ရေး - မသိ
၁၉၃၈ ဇန္နဝါရီ
သတ္တဝါတွေ ရင်ဝယ်သားလို ဗြဟ္မစိုရ်တရားကို ထားခဲ့တဲ့ မြန်မာဘုရင် တိုင်းပြည်ခွင်၊
ကြည်ဖြူချမ်းမြေ့ သီတာရေ တွေ့သည့်ရွှေကြာအသွင်၊ (ဆန်ရေစပါးတွေ ပေါကြဘို့အမှန်ပင်၊
ဒို့တိုင်းဒို့ပြည်ခွင်၊ စည်ကားချင်) ၂၊ လယ်ထွန်မင်္ဂလာပွဲသဘင်၊ ရှေးရှေးတုန်းက (မြန်မာဒို့ဘုရင်) ၂၊
ကြိမ်နှင်ကာထွန်တုံးထက်တွင်၊ ရွှေဖဝါးတော်တင်။
(စိန်ပါတီပျိုအလှ နောက်တော်က ပါလို့ပင်) ၂၊ (ကောက်စိုက်လို့ ပျော်ကာရွှင်၊ ရွှေနန်းရှင်ဘုရား) ၂၊
(လယ်ထွန်တဲ့ မဟာပွဲသဘင်) ၂၊ နွှဲလိုက်ချင် (စိတ်ထဲမှာပင်) ၂၊ မြန်မာပြည်ခွင် ပေါကြွယ်ဝချင်၊
အမြဲစိတ်ထဲရွှင် နေလိုက်ချင်၊ ရှေးရှေးတုန်းက ဒို့ဘုရင် မြန်မာတိုင်းပြည်ခွင်၊
ထွန်သွားကိုသွား၍ ဖဝါးတင်၊ မင်္ဂလာပွဲကြီးဆင်။
(နိုင်ငံတော်ပြည်အရေး သာလှတယ်လေး၊ တိုင်းနိုင်ငံပြည်ကြီးတွင် အေးချမ်းစွာ သာယာလို့စိုပြေ) ၂
ဒို့ဘုရင် ရင်ဝယ်သားပင်၊ များသတ္တဝါအစဉ်၊ တရားနဲ့ပြုပြင်၊ ရှေ့အစဉ် မြန်မာတိုင်းခွင်၊
စပါးဆန်ရေပင်၊ များပါပေသရှင်၊ ရှေးရှေးတုန်းကဒို့ဘုရင်၊
မြန်မာတိုင်းပြည်ခွင်၊ ထွန်းသွားကိုသွား၍ ဖဝါးတင်၊ မင်္ဂလာပွဲကြီးဆင်။
(ဟို ရှေးတုန်းက ရွှေဘုန်းရှင်၊ သတ္တဝါအပေါင်းကို ကောင်းကျိုးစေတနာ စိတ်ထဲဝင်) ၂၊
(ပေါများပါ၍ပင်၊ ဆန်စပါးအားကုန်ပဲရှင်) ၂၊ (အမျိုးသား ဒို့မြန်ပြည်ခွင်၊ တိုးပွားဘို့ ဒို့ကြံစည်စဉ်) ၂
တရားနဲ့သာ အများတွက်သာ သနားငဲ့ညှာ၊ ပေတော့သရှင်၊ ရှေးရှေးတုန်းက ဒို့ဘုရင်၊
မြန်မာတိုင်းပြည်ခွင်၊ ထွန်သွားကိုသွား၍ ဖဝါးတင်၊ မင်္ဂလာပွဲကြီးဆင်။
========
ချစ်နိဗ္ဗာန်
ရေး - မသိ
၁၉၃၉ ဧပြီ
(မှန်တာကို ပြောချင်တယ်၊ မောင့်ကိုပျိုခင်တွယ်၊ ထာဝစဉ် ချစ်ကြစို့မောင်ရယ်၊
ပါရမီဖြည့်သူမှန်တယ်၊ နိဗ္ဗာန်ခေမာပြည်ဝယ်၊ တူတူမောင်မောင် လှမ်းတက်ဖို့ကြံရွယ်) ၂၊
မဂ္ဂင်ဖောင်ကိုကွယ်၊ ရွက်တင်ဆောင်လိုတယ်၊ ငါးပါးပဉ္စသီရယ်၊ တင်ချီကာစွဲမြဲကြစို့ကွယ်၊
အရာရာမျိုးမှာ စင်ကြယ်၊ စေတနာထားစေချင်တယ်၊ ရိုးရိုးသားသား ချစ်မှာလားမောင်ရယ်။
သံပြိုင် ။ မေတ္တာကရုဏာ တကယ့်ကို ပွားလှတယ်၊ သစ္စာတည်ပမလားကွယ်၊
(မောင့်ကို မေးချင်တယ်) ၂၊ ခင်မင်အောင်ကွယ်၊ ပြောရှာပေတော့တယ်၊
သဘောမှာဖြူလှတယ်၊ မနောပါတည်ကြည်တယ်၊ မေတ္တာကရုဏာတကယ့်ကိုပွားလှတယ်၊ သစ္စာတည်ပမလားကွယ်၊ မောင့်ကို မေးချင်တယ်။
ဤကမ္ဘာမြေပေါ်ဝယ်၊ ကိုယ့်အကြိုက်ကိုရှာမယ် သဘောကျသူကို ကြည်ဖြူတော့မယ်၊
ပန်းဦးဆက်ချင်တယ်၊ သဒ္ဓါတော်ကြည်လင်တယ်၊ ချစ်တဲ့သူမောင်ရယ်၊
ရှစ်ဘဝတိုင်အောင် ပျိုဆုတောင်းကာ ချစ်တော့မယ်၊ အနှစ်တရာဝယ် မေတ္တာဆွယ်၊
ရှစ်ကမ္ဘာမခွဲဘူးကွယ်၊ ချစ်သဒ္ဓါကြွယ်၊ သစ္စာတည် မြတ်ဘုရားရှေ့ဝယ်၊ ကျမ်းကျိန်လို့သာပြောမယ်။
အထူးတိုင်တည်၊ မောင့်စိတ်ထဲမှာ စွဲအောင်မှတ်ပါကွယ်၊ အသဲစွဲအောင် ချစ်သူရယ်၊
အသဲစွဲအောင်ကြိုက်သူရယ်၊ ချစ်နိဗ္ဗာန်မောင်မယ်၊ နွှဲကာပျော်မယ်။
သံပြိုင် ။
(ချစ်တဲ့ဇောတွေရယ်၊ ကြိုက်တဲ့ ဇောတွေရယ်၊ တည်တည်သဘောမှာ ဖြူစင်တယ် ပျို့သက်လှယ်) ၂
ရှေးရေစက်ဆုံတယ်၊ အချစ်ဆုံးပါမောင်ရယ်၊ ဖူးစာဖက်သူ မောင့်ကိုရွေးချယ်၊ လောကဝယ်၊ ပြောပြမယ်၊
ယုံကြည်ပါကွယ်၊ မေတ္တာရှိတယ်၊ ပျော်ရွှင်ဘွယ်၊ အချစ်နိဗ္ဗာန်ခေါ်လောက်တယ်။
=============
သုမေဓာရှင်ရသေ့
ရေး - ရွှေတိုင်ညွန့်
၁၉၃၉ ဇန္နဝါရီ
ရာမဝတီပြည်ခွင်မှာ၊ ကြည်လင်သဒ္ဓါ၊ တရားလမ်း အမှန်ရစေငှာ၊ ဒီပင်္ကရာအများရဟန်းဈာန်ရတွေပါ၊
ထေရ်သင်္ဃာ ဘုရားဆွမ်းခံကြွတော်မူလာ၊ (သဲဖြူရာဇမတ်ကြာယင်နဲ့ငှက်ပျောပင်၊ မနောစင်၍
ဇောကကောင်း ဂေါတမအလောင်းတော် နုစဉ်အခါ) ၂၊ ((ဆုစေတနာ ပလ္လင်တွေ့စရာ၊ လူ့ပြည်မှာ
မရွှင်အလေ့ခွာ၊ သုမေဓာရှင်ရသေ့ပါ) ၂၊ (ယနေ့ဖြင့် အသက်ကိုစွန့်မဟဲ့လို့ ဗွက်ရွှံ့နွံရေအိုင်ခြား
အားကုန်ကြံဆောင်တာ၊ အလျားမှောက်ကာ တန်တားလျှောက်ပါ) ၂၊ အလျားမှောက်ကာ) ၂၊
အားမြောက်စရာ ဘုရားလျှောက်နေရှာ) ၂
(ရဟန်းရှင်နင်းရန်ပ၊ စခန်းစဉ်သလင်းကြံကြ တရားသဘာဝနဲ့ ပြုသကိုစေတနာ၊
များစွာရမယ့် ကုသိုလ်တွေပါ) ၂၊ (သတ္တဝါမြတ်ဓမ္မာ အမြိုက်ဆေး တိုက်ကျွေးခဲ့တာ၊
လူ့ဘုံနတ်ဘုံ ဗြဟ္မာနှစ်ဆယ်မလစ်ခဲ့ပါ) ၂၊ (နန်းနိဗ္ဗူဆောင်ယူမှာ) ၂၊ နောင်တဆူဘုရားကိုလှ
ဖူးကြဘို့ အကျိုးမျှော်ကာ၊ နှိုးဆော်သူ ရွှေတိုင်ညွန့်က စာရေးကာပေးရှေးကုသိုလ်အဆက်ပါ။
(ဒီပင်္ကရာ စောမြတ်စွာ၊ ထေရ်သင်္ဃာဇောမှတ်စရာ၊ ကြည်လင်စွာ သဘောနဲ့ ဟောခဲ့လေတာ) ၂၊
စတုသင်္ချေတသိန်းကမ္ဘာလွတ်ကာ၊ ပုထုဇဉ်တွေ ငြိမ်းချမ်းစွာချွတ်မှာ၊ စတုသင်္ချေ တသိန်းကမ္ဘာလွတ်ကာ၊
သုံးလူရှင်စောလောကတခွင်မှာ၊ ဂေါတမအရှင်ပါ အမတာ နိဗ္ဗာန်တရားဖွေရှာ၊ ဗျာဒိတ်သံကြားလေတာ။
မှတ်ချက် ။ ။ ဦးစွာ "သုမေဓာ" အမည်ဖြင့် မအေးမိနှင့် ဓာတ်ပြားသွင်းသည်။ ဓာတ်ပြားနံပါတ် VE 2149. 1938 Feb.
===========
ဒို့ဆွေမျိုး
ရေး - ရွှေတိုင်ညွန့်
၁၉၄၁ မတ်
မြန်မာသတ္တမွန်လေးဝနဲ့ ကုလားခြောက်ဆယ် ရှမ်းသုံးဆယ်တို့သည်၊
ဆွေမျိုးဆိုရင်လဲ တကယ်မလွဲကြသည်၊ လူမျိုးတရာ့တပါး ဗမာတရားရှိသည်၊
ဘုရားဟောတာ ပြောပြပါမည်၊ ကမ္ဘာမြေရှိသမျှ အာဝေဏိက မေတ္တာတော်ကိုရည်။
ဘဂ္ဂတိုင်းပြည်၊ ရာဇဌာနီ မြတ်ဘုရားရှင်သည်၊ ရဟန္တာပေါင်းနဲ့အတည်၊ ဘေသကလို့ခေါ်မည်၊
တောမြိုင်လမ်းက ကြွမြန်းလာတော့သည်၊ တကယ်သာကြည်နူးသည်၊ ရွယ်ကာရှစ်ဦးချီ၊
ဖူးလာကြသည်၊ သံသုမာဂီရိမြို့က နကုလမာတာ နကုလပီတာအမည်၊ သူဌေးလင်မယား
ဘုရားကို တင်ချီ၊ မြင်မြင်ချင်း သားအရင်းလို့ စွပ်စွဲပြန်လေသည်။
သူဌေးလင်မယားကို အပြစ်တင်လေကြသည်၊ သားအရင်းမဟုတ်ဘဲနဲ့ စွပ်စွဲကာသာနေပြီ၊
ရဟန်းရှင်လူ ပြည်သူပြည်သားများက မြတ်စွာဘုရားကို လျှောက်ထားကြလေသည်၊
အတိတ်ကိုဆောင်ကာ တန်ခိုးအခြေလင်းမည်၊ အမျိုးအဆွေမကင်းသည်၊ ထင်လင်းရှင်းပြတော်မူသည်၊
ဘဒ္ဒကမ္ဘာရှိတဲ့ သူတွေစုံညီ၊ တရားသဘာဝနဲ့ မျှော်ဆကာရည်၊
မောင်အရင်းနှမတွေလဲ တော်ခဲ့ကြပါသည်၊ စိမ်းစိမ်းကာ ကားမနေကြနဲ့ဘုရားဟောတာကိုယုံကြည်၊
ကမ္ဘာမှာရှိသမျှပင်အာဝေဏိက မေတ္တာတော်ကိုရည်။
ဗြဟ္မာတွေစုံအညီ၊ ပေါက်ဖွားခဲ့ပြန်သည်၊ ပွားများ၍လာသည်၊ အရင်းခံပဓာန မငြင်းဆန်သာပ
တရားဓမ္မနဲ့ ပြောပါမည်၊ ဘုရားကလဲ ဟောပါသည်၊ မိုးမြေကမ္ဘာအစ အမျိုးတွေသာပ
(ပေါင်းသင်းဆက်ဆံခင်တွယ်ရမည်) ၂၊ တကယ်သဘောအညီ
လောကမှာရှိတဲ့ လူတွေအကုန်လဲ ဆွေမျိုးဘဲတော်ကြသည်။
ကမ္ဘာသူကမ္ဘာသားတို့ တရားနဲ့သာမညီ၊ ဟောဒီခေတ်မှာ သစ္စာမတည်ကြည်၊
မတရားစိတ်တွေပေါက်လို့ ပဒေသာပင် ကွယ်ပျောက်ခဲ့လေပြီ၊ တကမ္ဘာလုံးဘဲ
ဆွေမျိုးတော်သတဲ့ အမှန်ပင် ယုံကြည်၊ ဘုရားဟောထားခဲ့သည်၊
မမှားအောင်ကြံဆောင်မည်၊ မေတ္တာအများကို ကရုဏာတရား ပွားများကြသင့်သည်။
ဂျပန် ဂျာမန် လန်ဒန်နေပြည်၊ အီတလီ၊ အိန္ဒိယသားစုံညီ၊ ပြင်သစ်နဲ့လဲ ဆွေးမျိုးစင်စစ်
ဧကန်သာဖြစ်သည်၊ ဗမာ ကရင် ကချင် ပလောင် တောင်သူ လူမျိုးလဲပါသည်၊
ကျမ်းအချုပ်မီ ရှမ်းတရုတ်ပါစုံအညီ၊ တကယ်ဘဲ ဝါမကြွား ဗမာတရားရှိသည်၊
မယွင်းသပအခြေတည်၊ သင့်သင့်မြတ်နေမည်၊ တယောက်နဲ့တယောက်ကို အမှန်ချစ်ပါစီ၊
ရန်မဖြစ်ကြပါနဲ့ ဆလိမ်ဝဆွဲသဝေထိုးလို့ ဆွေမျိုးလဲ တော်ပါသည်။
=============
ရောင်တော်ဖွင့်
ရေး - ရွှေတိုင်ညွန့်
၁၉၄၁ ဇူလိုင်
စိန်ဝဇီ သိင်္ဂီရောင်အသွေး၊ အစဉ်တွေးပါရ ပကတိမြင်လာမည်၊ ဘဝင်အေးစရာပ မဏိကဉ္စနာအညီ၊
ဝတိံဆောင်မှီ၊ ထိန်ပြောင်ကြည်၊ စိန်ရောင်ခြည် နေတနှုန်းသို့၊ ရွှေဖုန်းတော် အသရေမဆုံးပါတဲ့
သုံးလောက ပရမေအရှင်ကိုရည်၊ လက်ဆယ်ထိပ်မှာ မိုးပါလို့ရှိခိုးပူဇော် ဖူးမျှော်ပါတော့သည်။
(ရောင်ခြည်တော်တွေ စုံအညီ၊ အံ့ဘွယ်ရာချီးကျူးလို့ အထူးမဆုံးတော့သည်) ၂၊ (ဝါဆိုပြာညို ရောင်ခြည်၊
ညို့ညို့မှိုင်းမှိုင်း ရှုတိုင်းလဲ မဝနိုင်သည်) ၂၊ (မြသားဣန္ဒနီ သိင်္ဂီရောင်အဆင်းလို စံမယွင်းတူညီ၊
မှန်ကင်းဇမ္ဗူဒီ) ၂၊ ဆံတော်ဓာတ်မှာ ပေါ်ထွက်ပြီ၊ မျက်တောင်တော်ဆီ၊
မျက်တောင်တော်ဆီ၊ အံ့ဘွယ်ကောင်းတဲ့ ညိုမောင်းသောရောင်ခြည်။
လက်ျားနားက ရေအလျှံစီး လက်ဝဲနားက ရွှေသဏ္ဌာန်မီး၊ လက်ျာနှာခေါင်းတော်က မြကွန်းဆောင်အညီ၊
လက်ဝဲနှာခေါင်းတော်က လဝန်းရောင်ခြည်၊ (ညိုသောရောင်ခြည်၊ နီသောရောင်ခြည်၊
ဖြူသောရောင်ခြည်၊ ရွှေသောရောင်ခြည်၊ ကြည်ညိုဘွယ်ကောင်းလိုက်ပါတဲ့ မောင်းသောရောင်ခြည်) ၂၊
ပြိုးပြိုးပြက်ပြက် တခဲနက်ရောင်ခြည်တော်တွေအညီ၊ ကြည်နူးလို့သာ ဦးခိုက်မည်၊
မီးရေတောက်ပွားခြောက်ပါးသော ရောင်ခြည်။
(ရွှေဖုန်းတော် ရောင်ခြည်၊ ခြောက်ရောင် ကွန့်မြူးသည်၊ တန်ခိုးတော်အန္တပြည့်စုံလှသည်၊
ဆယ်ဖြာရည်စူး ကြည်နူးသည်) ၂၊ (နေ့တိုင်း စွဲမြဲခဲ့သည်၊ ညတိုင်းစွဲမြဲခဲ့သည်၊ ငါးဖြာအဉ္ဇလီ၊
တင်ချီသမည်) ၂၊ စောဗုဒ္ဓမြတ်ဘုရား တန်ခိုးတော် အားနဲ့အညီ ဖူးမဝပြီ ထူးလှတဲ့ရောင်စုံခြည်။
လက်ျာနား ... ... ခြောက်ပါးသောရောင်ခြည်။
(အံ့ဘွယ်ထူးထူး ကွန့်ကာမြူး ကြည်နူးဘွယ်ရာ ရှိခိုးချီ၊ နီလပီတ လောဟိတနဲ့ ဩဒါတစုံညီ၊
မဉ္ဇဋ္ဌနဲ့ ပဘဿရ ယုန်တက်ငွေဂုဏ်ကျက်သရေစုံညီ) ၂၊ ကြည်ညိုဘွယ်ကောင်းလေသည်၊
တကယ့်ကိုဘဲ ပြောင်းနွှဲလို့ ညိုမောင်းပါတဲ့ ရောင်ခြည်တော်သည်၊ တရာ့ရှစ်ကွက်ညီ၊ စက်မြတ်တော်မှသည်၊ ဆံဖျားတော်တိုင်အောင် အံ့ဘွယ်ရာဆောင်သည်၊
အော် မြူးကွန့်တင့်တယ်ပါပေသည်။
=============
သီဟိုဠ်ဘုရားဖူး
ရေး - ရွှေတိုင်ညွန့်
၁၉၄၀ မေ
စိတ်ကောင်းစေတနာ အခါတိုးသည်၊ သဒ္ဓါမညှိုးပြီ၊ မိုးကုတ်မြို့ဌာနီ၊ စိန်ကောင်း ကျောက်ကောင်းနဲ့
အပေါင်းခြယ်စီ၊ တသိန်းကျော်ကျော် တန်သည်၊ ပတ္တမြားစိန်ဖူးအတည်၊
မဟာစေတီကို ရည်မှန်းပြီ၊ လှူဒါန်းလိုက်လေသည်။
သီဟိုဠ်ကျွန်းမှာ ထွန်းတဲ့ရောင်ခြည်၊ တိလောကမွေသရီ၊ ပရိဘောဂရွှေစေတီ၊
နှုတ်စီတ်က ဆွေရည်၊ ဥဒ္ဒိဿရွှေစေတီ၊ ရည်မှန်းကာ လှူဒါန်းရသည်၊
ဓာတုစေတီဓမ္မစေတီတွေ၊ ဘုရားမွေသရီကိန်းအောင်း မွေ့လျော်တည်။
သေသေချာချာ စေတနာရွှင်ကြည်၊ အကျိုးကြီးမယ့် သဒ္ဓါတွေညီ၊ တန်ခိုးကြီးတဲ့ မဟာစေတီ၊
ရောက်ဖူးအောင်လဲသွားကာဖူးမည်၊ စိတ်ကြည်နူးသည်၊ အနုရာဓမြို့တော်သည်၊
ဒုဋ္ဌဂါမဏီမင်းကြီး ကိုယ်တိုင်တည်။
(မဟာစေတီ တောင်းဆုပြည့်သည်၊ သဒ္ဓါကြည်နူးစွာ ဘုရားဖူးသွားတော့မည်) ၂၊
ဒါနပါရမီ တကယ်ပင် ရွှင်ကြည်၊ တတ်အားသမျှကို ကျမကလှူပါမည်၊ စိန်ပါတီ ကြည်ညိုလွန်းလို့
သီဟိုဠ်ကျွန်းသို့ ဘုရားဖူးသွားမည်၊ လိုက်ခဲ့ကြပါအတည်။
မိုးကုတ်မြို့က စည်းလုံးညီ၊ တကယ်ပင် လှူဒါန်းသည်၊ ထူးထူးခြားခြား တရားနဲ့သာ
စေတနာစိတ်ထားကြည်၊ စာရင်းပြကာအမှန်ကိန်းအရမှာ တသိန်းမကအောင် တန်ပါသည်၊
နဝရတ်ကိုးပါးနဲ့ ထင်ရှားခြယ်စီ၊ ထူးမြတ်တဲ့ ရတနာကောင်းတွေ အပေါင်းစုံညီ၊
ဝင်းဝင်းထိန်လို့ စိန်ဖူးရောင်ခြည်၊ အဖိုးတန်အမျိုးမှန် အဖိုးတန်တွေစုံစုံညီညီ၊
ပတ္တမြားလုံးရေ သုံးထောင်ခြောက်ရာကျော်ပေသည်။
(စည်းစိမ်ဥစ္စာ မခင်မင်ပါသည်၊ ယခုလို ကုသိုလ်စေတနာကိုရည်၊ နိဗ္ဗာန်ကို ရည်မှန်းလို့
တကယ်ဘဲ လှူဒါန်းလိုက်တော့သည်) ၂၊ အထူးပင်သဘော ဖူးချင်ဇော မနောစိတ်ထားတရားနဲ့သာညီ
စိန်ပါတီ ကြည်ညိုလွန်းလို့ သီဟိုဠ်ကျွန်းသို့ ဘုရားဖူးသွားမည်၊ လိုက်ခဲ့ကြပါ အတည်။





